ငါးသိုင်းချောင်းမြို့နယ် အနိမ့်ပိုင်းနေရာတွေက အိမ်​တွေ ရေနစ်မြုပ်နေ

ဩဂုတ် ၇ – ၂၀၂၆
SN (VOM)
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ထဲက အနိမ့်ပိုင်းနေရာတွေကို မနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေတွေ ဝင်ရောက်လာနေပြီး လက်ရှိမှာတော့ အိမ်ခြေ ၅၀ ဝန်းကျင် ရေနစ်မြုပ်နေပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ ငါးသိုင်းချောင်းမြို့အထွက် လေးမျက်နှာ – အိုင်သပြု – ငါးသိုင်းချောင်း မြို့ချင်းဆက်လမ်းမပေါ်ရှိ မယ်ဇလီခုံးတံတား (နတ်စင်ရိုး) မှတဆင့် ငါးသိုင်းချောင်းအနိမ့်ပိုင်း မြစ်ကျိုးအင်းထဲကို ရေတွေ ဆက်လက် စီးဝင်နေဆဲဖြစ်ပြီး မနေ့ ဩဂုတ် ၆ ရက်ကထက် ရေစီး ပိုမို အားကောင်းလာတယ်လို့ သိရပါတယ်။
“မိုးမများဘဲ တရစ်ချင်း တက်လာနေတာ။ ကျွန်တော်တို့မြို့ရဲ့ အနိမ့်ဆုံးနေရာဖြစ်တဲ့ မြစ်ကျိုးအင်းဇောင်းနဲ့ ထိစပ်တဲ့ နေရာကတော့ လူနေမရအောင် မြုပ်တဲ့အိမ် မြုပ်ကုန်ပါပြီ။ မြုပ်တဲ့အိမ်ခြေက အနည်းဆုံး၅၀ လောက်ရှိလာပြီမို့သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီ ရွှေ့ပြောင်းပေးနေကြပြီ။ အခု ရေကြီးတာက ၂၀၂၄ ခုနှစ်က ရေကြီးတဲ့အခြေအနေကိုရောက်ဖို့ ၃ ပေလောက် လိုသေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မယ်ဇလီကုန်း ချောင်းကနေတဆင့် ရေတွေ ရောက်ရှိလာတာဖြစ်ပြီး လက်ရှိမှာ မြစ်ကျိုးအင်း ရေလျှံကာ ရွှေဘိုအနိမ့်ပိုင်း၊ မြို့သစ်ရပ်ကွက် တိုးချဲ့ဘက်၊ သင်္ချိုင်းကုန်းဘက်ကနေစပြီး အနိမ့်ပိုင်းနေရာတွေအကုန် ရေဝင်ရောက်နေပြီလို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
“ငါးသိုင်းချောင်းမှာ ရေတက်တာကို အခြေအနေမဆိုးသေးဘဲ ခြောက်လှန့်နေတာလို့ ပြောနေတဲ့သူတွေ ရှိတယ်။ အစကတော့ ရေတိုးနည်းတာ မှန်တယ်။ လက်နှစ်သစ်စီလောက်နဲ့ စဝင်နေတာ။ အခုက လက်နှစ်သစ် မကတော့ဘူး။ မြစ်ကျိုးအင်းထဲ တော်တော်ကို လျှံသွားပြီ။ အဲဒါကြောင့် အနိမ့်ပိုင်းနေရာတွေ ရေဝင်လာတာ။ အခုဆို ငါးသိုင်းချောင်းမြို့ထဲက အောင်ဇေယျလမ်း၊ ဆန်းသစ်အောင်ဆီဆိုင်နားရော၊ အဲဒီနေရာအဆင်းနားက ဘုန်းကြီးကျောင်းရှေ့မှာရော ရေတွေ ရောက်နေပြီ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့၊ ည ၁၁ နာရီကျော်က လေးမျက်နှာမြို့နယ်၊ မြစ်ကျိုးကျေးရွာအနီးရှိ ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ပြီးနောက် လေးမျက်နှာမြို့နယ်အတွင်း ရေကြီးမှုအခြေအနေ ဆိုးရွားခဲ့တာဖြစ်ပြီး အဲဒီ မြစ်ရေတွေဟာ တပတ်အကြာမှာ လေးမျက်နှာမြို့နဲ့ ၁၇ မိုင်ကျော်ဝေးတဲ့ ငါးသိုင်းချောင်းမြို့ကို ရောက်ရှိလာဖြစ်ကာ လက်ရှိမှာတော့ ရွှေဘိုရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက် အနိမ့်ပိုင်းနေရာတွေက ဒေသခံတွေ စတင် ပြောင်းရွှေ့နေကြပြီလို့ သိရပါတယ်။
“မြစ်ကျိုးတာကို မြန်မြန်ပိတ်ပါစေ ဆုတောင်းနေတာ။ အဲဒီ တာမပိတ်ရင် ငါးသိုင်းချောင်းက မြို့သစ် အနိမ့်ပိုင်းတွေအကုန်လုံး ရေမြုပ်မှာ။ အခုက အပြင်ရေကလည်းကျတယ်၊ မိုးကလည်း မရွာဘူး၊ ကံကောင်းနေတာ။ မိုးလည်းရွာမယ်၊ အပြင်ရေကလည်း တက်မယ်ဆို ငါးသိုင်းချောင်းရဲ့ အနိမ့်ပိုင်းအကုန်မြုပ်မှာ သေချာတယ်။ အခုက ရေက အိုင်သပြု၊ လေးမျက်နှာမှာကျတယ်။ ကျပေမယ့် အဲဒီ ကျတဲ့ရေတွေက ရွာအဆင့်ဆင့်ကိုဖြတ်ပြီး ငါးသိုင်းချောင်းကို ဝင်လာပြီ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ငါးသိုင်းချောင်းမြို့ ဆေးရုံရှေ့က ရိုးထဲမှာလည်း ရေဝင်နေတာကြောင့် မြို့သစ်ရပ်ကွက်၊ ရိုးလမ်းလည်း ရေမြုပ်နေပြီဖြစ်ကာ ဒီကနေ့ ဩဂုတ် ၇ ရက်၊ ညပိုင်းလောက်ဆိုရင်တော့ အိမ်တွေထဲအထိ ရေရောက်လာနိုင်တယ်လို့ သူက ပြောပါတယ်။
မြစ်ကျိုးရေကာတာဟာ ပန်းတာအမျိုးအစားဖြစ်ပြီး စတင်ကျိုးပေါက်ချိန်က ပေ ၂၀ ကနေ ပေ ၃၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ မြစ်ရေတိုးအား များတဲ့အတွက် အခုဆိုရင် ပေ ၃၀၀ နီးပါးလောက်အထိ ကျယ်သွားပြီ ဖြစ်ကာ အဲဒီတာကျိုးပေါက်ကို ပြန်လည်ပိတ်နိုင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဆည်မြောင်းဦးစီးဌာန၊ ဆောက်လုပ်ရေး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ကျိုးပေါက်သွားတဲ့ ရေကာတာကို လာမယ့် တပတ်အတွင်း အပြီးသတ် ပြန်လည် ပြုပြင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
အခုတပတ်အတွင်းမှာလည်း မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ရေတွေဟာ ဧရာဝတီတိုင်းဆီ ဆက်လက် စီးဆင်းလာနေတဲ့အတွက် တာကျိုးပေါက်ကတဆင့် ရေဝင်‌နေဆဲဖြစ်ပြီး ရေမြုပ်ဧရိယာဟာ တနေ့ထက် တနေ့ ပိုမို ကျယ်ပြန့်လာနေတယ်လို့ သိရပါတယ်။
“တာကို လေး၊ ငါးရက်အတွင်း အပြီးပိတ်နိုင်ပါစေ ဆုတောင်းနေရတယ်။ ၁၄၊ ၁၅ ရက်လောက် ကြာမယ်ဆိုရင်တော့ ငါးသိုင်းချောင်းအခြေအနေက ဆိုးသွားနိုင်တယ်။ တာမပိတ်ရသေးဘူး၊ မိုးကလည်း များမယ်ဆို ကြိုတင်ပြင်ဆင်ရတော့မယ်” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ ရေကြီးမှုအခြေအနေဟာ မြစ်ကျိုးရေကာတာ ပိတ်နိုင်ရင်တောင် ဝင်ပြီးသားရေ ပြန်မထွက်သေးတာဖြစ်လို့ မြစ်ရေကျချိန်ဟာ လာမယ့် စက်တင်ဘာလ ဒုတိယပတ်လောက် (အစောဆုံး) ဖြစ်နိုင်ပြီး အဲဒီအချိန်ရောက်မှသာ ဒေသခံတွေအနေနဲ့ ၎င်းတို့ရဲ့နေအိမ်တွေကို ပြန်ပြီးအခြေချနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“အနည်းဆုံး တလခွဲ၊ နှစ်လလောက်တော့ ကြာနိုင်ပါတယ်။ ရေကတော့ လောလောဆယ် အလုံးအရင်းနဲ့ ဝင်ရောက်နေတုန်းပဲ။ တာကျိုးတဲ့နေရာကို မပိတ်နိုင်သရွေ့ မြစ်ရေက ဆက်ပြီးတော့ ဝင်နေမှာပါ။ ရေမြုပ်တဲ့ ဧရိယာ ပိုပြီး ကျယ်ပြန့်လာနိုင်တယ်။ စပါးစိုက်ပျိုးထားတဲ့ လယ်တွေ ပျက်စီးတာလည်း တိုးလာနိုင်ပါတယ်။ တာမပိတ်နိုင်သမျှ မြစ်ရေက ထပ်ဝင်လေ၊ ရေနစ်မြုပ်ဧရိယာကျယ်လေဆိုတော့ ဆုံးရှုံးမှုများမှာပါ။ ဒီရေက ရေကြည်မြို့အထိ ဒုက္ခပေးပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ကျုံပျော်ကတော့ မြစ်ချောင်းနားနီးတဲ့အိမ်တွေ သတိထားသင့်တယ်။ လောလောဆယ် ကျုံပျော်ဘက်ကိုတော့ ရေမရောက်သေးဘူး” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ငဝန်မြစ်ရေဘေးမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေပြီး ခေတ်မီနည်းပညာနဲ့ တွက်ချက် စောင့်ကြည့်နေသူတွေရဲ့ ခန့်မှန်းချက်အရ လေးမျက်နှာမြို့ အောက်ဘက် ရေကြည်၊ ငသိုင်းချောင်း၊ ကျောင်းကုန်းနဲ့ ကန်ကြီးထောင့်မြို့နယ်တွေအထိ စီးဆင်း ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW