ပခုက္ကူမြို့ခံ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁ ဦး ပစ်သတ်ခံရ

ဇူလိုင် ၊ ၂ ၊ ၂၀၂၃
SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ကုန်းသစ်ကန်ကျေးရွာအနီး ပခုက္ကူ-မြိုင်ကားလမ်းမှာ မနေ့ ဇူလိုင် ၁ ရက် မနက် ၈ နာရီ ၂၀ မိနစ်ဝန်းကျင်က ပခုက္ကူမြို့ပေါ်မှာနေထိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဟောင်း တစ်ဦး ၊ ပစ်သတ်ခံရတယ်လို့ ပခုက္ကူ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဖမ်းဆီး သတ်ဖြတ်ခံရသူဟာ ပခုက္ကူမြို့ ၊ အမှတ် (၅) ရပ်ကွက်နေ ဦးဆွေလင်း (၅၁) နှစ်ဖြစ်ပြီး ၊ သူ့ကို သတ်ဖြတ်ခံထားရတဲ့နေရာက ကုန်းသစ်ကန်ကျေးရွာအနီး ပခုက္ကူ-မြိုင်ကားလမ်းမှာ ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။
ပခုက္ကူမြို့ခံ ပြည်ခိုင်ဖြိုး လွတ်တော်ကိုယ်စားလှယ်ဟောင်း ၁ ဦး ၊ ပြန်ပေးဆွဲ ဖမ်းဆီးပြီး ပစ်သတ်ခံရ

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ပခုက္ကူ အမှတ် ၅ ရပ်ကွက်ထဲမှာနေတယ် ၊ သူက ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း အနေနဲ့ ပါဝင်ခဲ့သူဖြစ်တယ်၊ ပြီးခဲ့တဲ့ဇွန် ၂၈ ရက်က အမည်မသိ (စုံစမ်းနေဆဲ) လူ ၄ ယောက်က ၊ သူ့ရဲ့နေအိမ်ကို ရောက်လာပြီး သူ့ရဲ့ ဖုန်း ၂ လုံးနဲ့အတူ ဆိုင်ကယ် ၁ စီးပါ ယူဆောင်လို့ သူ့ကိုယ်ပါ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊ အဲ့ဒီနောက် ဇွန် ၃၀ ရက်နေ့က သူ့မိသားစုဆီကို သူ့ကိုယ်ဖမ်းသွားတဲ့ အဖွဲ့ဆီက ဖုန်းဆက်သွယ်လာတယ် ၊ သူ့ကိုယ် မိသားစုက သိန်း ၄ ထောင်နဲ့ ပြန်လာရွေးဖို့ပြောတယ် ၊ မိသားစုနဲ့ တိုင်ပင်ကြတဲ့အခါ သိန်း ၅၀၀ နဲ့ ပြေလည်ခဲ့တယ် ၊ မနေ့က ဇူလိုင် ၁ ရက်မနက်မှာ ဦးဆွေလင်းကို ပြန်လွတ်မပေးတာမရှိဘူး ၊ ပစ်သတ်ခံထားရတယ် ၊ အလောင်းဘေး မိုင်းတွေရှင်းပြီးမှ သယ်ခဲ့ရတာ ” လို့ ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲမှာ အဲ့ဒီလိုဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့ခံတယောက်က ” ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက် ၊ မြို့ရှောင်လမ်းမှာရှိတဲ့ အနာဂတ်အလင်းရောင် ဖောင်ဒေးရှင်း လူငယ်ဖွံဖြိုးရေး ပရဟိတအဖွဲ့ ဥက္ကဋ္ဌဆိုသူဟာ ပြီးခဲ့တဲ့ မတ်လပိုင်းက ပခုက္ကူဒေသတွင်း ယာယီတိုက်ပွဲရှောင်သူတွေကို သွားရောက်ကူညီရာကနေ ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ် ၊သူက ပခုက္ကူမှာ အခြေစိုက်တဲ့ အနာဂတ်အလင်းရောင် လူငယ်ဖွံဖြိုးရေးဖောင်ဒေးရှင်း ပရဟိတအဖွဲ့ကကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရုံးနဲ့ ပူးပေါင်းပြီး မြိုင်မြို့နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများဖြန့်ဝေပေးတယ် ၊ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ပခုက္ကူမြို့နယ် ၊ အရှေ့ကမ်းဖြူကျေးရွာဘက်ကို ယာယီတိုက်ပွဲရှောင် ပြည်သူတွေဆီ စားနပ်ရိက္ခာ ဖြန့်ဝေ ကူညီပေးဖို့ သွားရင်း အနာဂတ် အလင်းရောင် ပရဟိတအဖွဲ့က အသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်ဆိုသူ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရတာဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီနောက် ပခုက္ကူမြို့ခံ လူမှုကူညီရေး ပရဟိတ သမားတယောက်က” အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရဲထွဋ် ဆိုသူဟာ ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့က ဖမ်းဆီးခံရပြီး ၊ မတ် ၂၆ ရက်က သူ့မိန်းမ ဒေါ်ယမင်းဖြူဖြူသက်ဆီ ဦးရဲထွဋ် ကိုဖမ်းဆီးထားတဲ့ အဖွဲ့က ဖုန်းဆက်ပြီး သိန်း ၅ ထောင်နဲ့ ပြန်ရွေးရမယ်လို့ ဆက်သွယ်ပြောဆိုလာတယ် ၊ သူ့မိန်းမကလည်း ငွေကြေး ခက်ခဲမှုရှိတယ်လို့ အကြောင်းပြန်ကြားထားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းကလည်း ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေတဲ့ ဆန်ကုန်သည် ဦးအောင်မိုး ဆိုသူဟာ နေအိမ်မှာရှိနေတုန်း အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ပခုက္ကူမြို့ ၊ အမှတ် ၉ ရပ်ကွက်နဲ့ အမှတ် ၁၀ ရပ်ကွက်ကြားမှာနေတဲ့ ဆီစက်လုပ်ငန်းရှင် ဦးဝင်းထိန်ဆိုသူလည်း ဖမ်းဆီးခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်ကလည်း ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာနားက Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲခံရပြီးနောက် ဇန်နဝါရီ ၂၈ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ အဲ့ဒီ စက်ရုံအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ၂၀၂၂ တုန်းက ပခုက္ကူနယ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဆိုသူဟာ လားရှိုးကနေ ပခုက္ကူနေအိမ်ကို ပြန်အလာ လမ်းမှာ ပြန်ပေးဆွဲ အဖမ်းခံရတယ် ၊ သိန်း တစ်ထောင်နဲ့ ပြန်ရွေးရမယ်ဆိုတော့ သူ့မိသားစုက သွားပြန်ရွေးချိန်မှာ ဦးအောင်ထွန်း ဆိုသူဟာ သတ်ဖြတ်လိုက်ပြီးဖြစ်နေပါတယ် ၊ အဲဒီနောက် ပခုက္ကူမြို့ပေါ်က လက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ လုပ်ငန်းရှင် အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတယ် ၊ သူ့ကိုယ်တော့ အချိန်မီကယ်တင်နိုင်ခဲ့တယ်” လို့ ပခုက္ကူမြို့ခံတွေက VOM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ လုယက်ဓားပြတိုက်တာတွေ ၊ လူပြန်ပေးဆွဲ ဖမ်းဆီးတာတွေကြောင့် ပခုက္ကူနယ်ခံ ကုန်သည် ပွဲစား ၊ စက်ပိုင်တွေဟာ နေရပ်စွန့်ခွာပြီး တခြားမြို့တွေကို ပြောင်းရွေ့နေထိုင်ကြသူ အများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW