ပွဲတော်ကြို ပြည်ဖုံးကားလည်း မဖွင့်နိုင်

ဆူးငှက်
 
ဒို့ မန္တလေး မြို့ကြီးရဲ့ပတ်လည်တခို
မှိုင်းပြာပြာ မှုန်ဝေဝေ
ရေဇလာနဒီ မြစ်ညို
ဧရာဝတီပါ လျှံဝင်းပြောင်ညီးတဲ့
ရန်ကင်းတောင်ကြီး အမြဲဆိုသာဆို
ဆရာရွှေနန်းတော်ရှေ့ တစ်ခါရှေ့ခေါင်းဆောင်တဲ့
ဗမာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို…
တကယ်ခေတ်ပြောင်းတော့မယ်
အမှန်ဧဝကံမြ
သဖြန်ရေမြနန္ဒာ သန်းတဲ့ မန်းရိပ်ခို….
(နန်းတော်ရှေ့ဆရာတင်- မြနန္ဒာသီချင်းမှ)
 
မကြာမီ ဘုရားပွဲတော်တွေ လာချေတော့မည်။ သို့သော် ၂၀၁၉ခု ကတည်းက ကိုဗစ်ကပ်ရောဂါဘေးဆိုးကြီးကြောင့် အစဉ်အလာမပျက် ကျင်းပခဲ့ကြသော ဘုရားပွဲတော်အများစုက မကျင်းပဖြစ်ခဲ့တာ ကြာပြီ။ မန္တလေးတွင် သီတင်းကျွတ်လဆန်း ကတည်းက
တာ်ပြေးဝင်း ဓမ္မာရုံ၊ ကြက်သွန်တန်း ဓမ္မာရုံ၊ ရုံပွဲများကို စတင် ကျင်းပခဲ့၏။ ထို့နောက် ဂေဇက်ရ
ဘုရားပွဲကြီးများ ဆက်တိုက်ကျင်းပသောကြောင့် တစ်မြို့လုံး မီးရောင်စုံ မိုးဘဝဂ်လျှံကာ ဆိုင်းသံ ဗုံသံ ညံခဲ့သည်။ ထို့ကြောင့် မန္တလေး၏ ဝါကျွတ် ဆီမီးရောင်စုံသည်
သီတင်းကျွတ်လပြည့်မှသာ မဟုတ်ဘဲ သီတင်းကျွတ် တစ်လလုံး ပြိုင်ဆိုင်ခဲ့ကြသည်မှာ သေချာလှ၏။
 
မန္တလေးဘုရားပွဲအစဉ်အလာကား ဘုရားပွဲအဝင် ပထမနေ့၊ ယခုထက်တိုင် အစဉ်အလာမပျက် ရှိနေဆဲဖြစ်သော နန်းတော်ရှေ့ စည်တော်ကြီးအဖွဲ့ ပါဝင်တတ်သည်။ ဇာတ်ပွဲ ထည့်သွင်းပါက ထိုနေ့မှာပင် ဇာတ်ပွဲ စဝင်သည်။ ဓာတ်ပွဲကား ၂ည ဆက်တိုက် ကသောကြောင့်ဖြစ်၏။ ဇာတ်ပွဲမပါဘဲ အငြိမ့်ပွဲဖြစ်ပါက တတ်နိုင်သောဂေါပကနှင့်ဂေါစဂဏ်ရှိ ဘုရားများတွင် ပထမနေ့မှာပင် အငြိမ့် (၁)ဖွဲ့ပါဝင်တတ်သည်။ ဘုရားပွဲကျင်းပရာလမ်းများ၊ပြများတွင်ကား ဘုရားပွဲမတိုင်ခင် ၁ပတ်ခန့် ကတည်းက ဘုရားပွဲ
ဈေးသည်များ မုန့်သည်များ ရောက်ရှိကာ ယာယီဆိုင်ခန်းဆောက်လုပ်ပြီး နေရာယူနေကြပြီ။
 
ဘုရားပွဲဈေးသည် ဆိုသည်မှာ ကလေးကစားစရာ အရုပ်များ ၊ ကူလီယာပစ်၊သေနတ်ပစ် စသည့် ကစားပွဲဆိုင်များက အများစုဖြစ်သည်။ လွန်ခဲ့သော နှစ်များဆီက ဘုရားပွဲများတွင် မော်တော်ကားပြိုင်ပွဲ၊ တန်ပိုလာ မဲဖွင့်ပွဲ
စသည့်လောင်းကစားများကို အစုအဖွဲ့များဖြင့် အကြီးကျယ်ပြုလုပ်ခဲ့ဖူးသည်။ ထို့ပြင်
အနီအစိမ်းဒိုင်များ၊လေးကောင်ဂျင်၊ ဂလုံးဂလုံးဟုခေါ်သော လောင်းကစားပွဲများလည်း ပါဝင်တတ်၏။ ယခုအခါ ၊ထိုကဲ့သို့သော လောင်းကစားပွဲများကို မန္တလေးဘုရားပွဲများ၊
မမြင်ရလောက်အောင် ကြပ်မတ်အရေးယူခဲ့သည်မှာ ဝမ်းသာဖွယ်ဖြစ်သည်။
 
လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော်၏ရှေ့ကာလများတွင် မန္တလေးဘုရားပွဲများ၊ကလေးများ အသည်းစွဲဈေးသည် တစ်မျိုးလည်း မပါမဖြစ်ပါဝင်ခဲ့၏။ ကျွန်းသားဖြင့် ကျကျနန စပ်ထားသော ပုံးကြီးနှစ်ပုံးကို ဆိုင်းထမ်းဖြင့် ထမ်းလာသည်။ ထိုပုံးကြီးမှာ တချို့တွင် ကနုတ်များ ကြိုးပေါင်များဖြင့်ပင် လက်သမား ပညာစွမ်းကိုပြထားကြသည်။ ထိုပုံကြီးဘေးမှာ ၄”ခန့် အချင်းရှိသော မှန်ဘီလူးပေါက် ၃ပေါက်ပါရှိသည်။ ထိုမှန်ဘီလူးပေါက်များကို သံဖြူအပိတ်ဖြင့် ကျနစွာ ပိတ်ထားသည်။ ဘုရားပွဲဝင်းအတွင်း ထိုပုံးကြီးကို ဆင့်ထားသောအခါ မှန်ဘီလူးပေါက်က ကလေးတစ်ယောက် ဒူးထောက် ထိုင်ချလိုက်လျှင် မျက်စိနေရာနှင့် အံကျဖြစ်၏။ ပုံးပေါ်တွင် ဖယောင်းတိုင်၃တိုင်ခန့် ထွန်းညှိလိုက်သည်။ ဤသို့သော “ဓာတ်ပုံး” (ဓာတ်ပုံမဟုတ်ပါ)သည်များ နေရာယူလိုက်သည်နှင့် ဆယ်ပြားစေ့လေးတွေ ကိုယ်စီ ကိုင်ထားသော ကလေးတစ်သိုက် ပုံးတွေရှေ့ အလုအယက် နေရာယူလိုက်ကြ၏။ဈေးသည်က မှန်ဘီလူးအဖုံးတွေ ဖွင့်ပေးလိုက်သည်နှင့် အငမ်းမရ မှန်ဘီလူးတွေဆီ မျက်လုံးကပ်လိုက်ကြရသည်။ မှန်ဘီလူးမှတစ်ဆင့် ပုံးအတွင်း မြင်ကွင်းကား အံ့သြဖွယ်ဖြစ်၏။ မန္တလေးကျုံးမြို့ရှိ မြင်ကွင်းက ကနဦးပေါ်လာသည်။ “ဓာတ်ပုံးသည်”က သံလွင် စည်းကလေးဖြင့် ပုံးကိုခတ်ရင်း “ဟောဒါက..အောင်ကျော်ချမ်းအေး မန္တလေးတဲ့ ခင်ဗျ၊ အင်ကြင်းကြာအုံ ရတနာပုံလို့လည်း အမည်တွင်တဲ့ မန္တလေး…” ညာဖက်လက်က စည်းကိုကိုင်ရင်း ဘယ်ဘက်လက်က ပုံးနဘေးရှိ ကြိုးစလေးကို ဆွဲလိုက်တော့ ရွှေတိဂုံပုံ ရောင်စုံကားချပ် ပေါ်လာသည်။ သို့ဖြင့် ဓာတ်ပုံကားချပ် အမျိုးမျိုးကို မရိုးနိုင်အောင် ကြည့်ရှုကြရ၏။
 
ယခုလို အိုင်တီခေတ်၊ ဂြိုဟ်တု စလောင်းခေတ်၊ အင်တာနက်ခေတ်မှာ ထိုကဲ့သို့သော “ဓာတ်ပုံးသည်”များကား အတိတ်ကားချက်များမို့ ပုံရိပ်တောင် အတော် စဉ်းစား ဖမ်းယူနေရ၏။
 
သို့သော် မန္တလေး ဘုရားပွဲဈေးမြင်ကွင်းကား လွန်ခဲ့သော နှစ် ၃၀ကျော် နှစ်၂၀ကျော် ကာလများနှင့် “ဓာတ်ပုံးသည်” များမရှိတော့တာက လွဲလို့ သိပ်ပြီး ကွဲပြား ထူးခြားသွားတာမျိုးတော့ဖြင့် မရှိ။ ဟိုးရှေးယခင်ကလိုပဲ ဝါးလုံးတွေထိုး၊ စင်ဆောက် ရောင်စုံကားလိတ်ဟောင်းနှင့် ကခုန်နေကြဆဲဖြစ်သည်။ အရင်ကတော့ ပြဇာတ်တွေ နှစ်ပါးသွားတွေ နောက်ပိုင်းဇာတ်တွေပေါ့။ အခုတော့ စတိတ်ရှိုးးက နေရာယူလာသည်။ ဟိုး..ရှေးယခင်ကလိုပဲ.. အသင့်တပ်ဆင်သစ်သားအငြိမ့်စင်ကြီးတွေနှင့်ပဲ အငြိမ့် ကကြသည်။ ယခင်ကတော့ အော်ပရာနှင့် ယိမ်းနှင့် အငြိမ့်ခန်းနှင့် ပြဇာတ်နှင့်ပေါ့။ အခုစတိတ်ရှိုးက နေရာယူလာသည်။
 
ဟိုး..ရှေးယခင်ကလို ပေခဲလန်ချောင်းသည် ၊ မုန့်သိုင်းခြုံသည်၊ မုန့်ဆီကြော်သည်၊ မုန့်လင်မယားသည်၊ ချွေတာရေးမုန့်သည်၊ အမဲအူပြုတ်သည်၊ ဆိတ်ပုဆိုးကြမ်းဟင်းသည်၊ ကရေကရာသည်များ ပွဲဈေးတန်းတစ်လျှောက် ရှိနေဆဲဖြစ်သည်။ အသစ်တိုးလာတာက ရှမ်းခေါက်ဆွဲသည်၊ ဝက်သားဒုတ်ထိုးသည်။ ထိုင်ဝမ်ပုလဲရေခဲမုန့်သည်တွေပဲဖြစ်သည်။ ပို မထူးခြားတာက နဂိုရှိရင်းစွဲ မြန်မာမုန့်သည်များကား ရှေးကလည်း သူတို့ဘိုးဘွား၊သူတို့မိဘများ၏ လက်ငုတ်ကိုပဲ မီးဖိုလေး အိုးကင်းလေး အသစ် အပြောင်းလဲကာ အစဉ်အလာမပျက် ဆက်လက် လုပ်ကိုင်နေခြင်းပဲ ဖြစ်ပါသည်။
 
အခုဖြင့် နှစ်ရှည်လများ မြင်တွေ့ဖူးနေသည့် ထိုသမရိုးကျမြင်ကွင်းတွေပင် မမြင်ရတော့တာ သုံးနှစ်သုံးမိုး ကြာခြေပြီ။ သူတို့လည်း ရှေ့ရှောက် ဘယ်လိုစခန်းသွားကြလေမည်မသိ။
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW