အောက်တိုဘာ ၂၉ – ၂၀၂၄
SS (VOM)
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်) မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်၊ မနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တယောက်သေဆုံးကာ ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ အင်းစိန် – ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးမှာ ဒီကနေ့ မနက် ၃ နာရီ ၅၃ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး JAC HFC အမျိုးအစားယာဉ်က TOYOTA TOYOACE ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာကြောင့် အမျိုးသား တယောက် သေဆုံးခဲ့ကာ နောက်ထပ် အမျိုးသား သုံးယောက်ကတော့ စိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး အမျိုးသား လေးယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာကို သွားရောက်ကူညီခဲ့တဲ့ ခွန်အားသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က “ကြည့်မြင်တိုင် မင်္ဂလာငါးဈေးကိုသွားတဲ့ ဒိုင်နာကားနဲ့ ရေသယ်တဲ့ ရေဘောက်ဆာကားနဲ့ တိုက်မိတာ။ ယာဉ်ကြောကတော့ မျက်နှာချင်းဆိုင်ကိုမှ လမ်းက တဖက်ခြမ်းစီပဲ။ ယာဉ်ကြောကတော့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမယ့် ဘယ်လိုတိုက်မိသွားတယ်တော့ မသိဘူး။ ကြည့်မြင်တိုင် ည ဈေးသွားတဲ့ ဒိုင်နာကားက ပြိုင်မောင်းလာတယ်လို့လည်း ကြားတယ်။ ဒဏ်ရာရ၊ သေဆုံးတွေက အဲဒီကားကလူတွေပါ။ သေသွားတဲ့သူကလည်း အဲဒီကားက ယာဉ်မောင်းပဲ။ ကားခေါင်းခန်းမှာတင် ပွဲချင်းပြီး သေသွားတာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာကို လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်) မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ပေးခဲ့ကာ သေဆုံး၊ ဒဏ်ရာ ရရှိသူတွေကို ခွန်အားသစ် လူမှုကူညီရေးအသင်း အပါအဝင် ရွှေဝင့်ဝါ လူမှုကူညီရေးအသင်း၊ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း သူနာတင်ယာဉ်တွေနဲ့ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်မှာ တက္ကစီယာဥ်က စက်ဘီးတစီးကို နောက်ကနေ ဝင်တိုက်မိခဲ့တာကြောင့် စက်ဘီးနင်းသူ အမျိုးသား နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ တက္ကစီယာဉ်မောင်း အမျိုးသား ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)၊ စက်ဘီးနောက်မှာ လိုက်ပါလာသူ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ မင်္ဂလာဒုံမြို့နယ်မှာ ကားသုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး သံဃာတော်တွေ အပါအ၀င် စုစုပေါင်း ရှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဧပြီလ ၁ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်မှာ နာရီပိုင်းအတွင်း ယာဉ်တိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကာ လူ နှစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၄ ခုနှစ်၊ မေလမှ သြဂုတ်လအထိ နှစ်ချုပ်အစီရင်ခံစာအရ ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှုဟာ အဆင့် (၅) နေရာမှာရှိနေပြီး လူသေဆုံးမှုကတော့ အဆင့် (၇) နေရာမှာ ရှိနေကာ စာရင်းတွေအရ ယာဉ်တိုက်မှု ၂၅၉ မှု၊ ထိခိုက်ဒဏ်ရာရသူ ၃၀၁ ယောက်နဲ့ သေဆုံးသူ ၁၃၈ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ခွန်အားသစ် လူမှုကူညီရေးအသင်း