သူတို့အိမ် အခန်း (၂၅၆)

ဆူးငှက်

နိုင်ငံခြား သွားချင်တဲ့ ရောဂါ
——————————
၂၀၀၅ခုနှစ်က ကျွန်တော် မီဒီယာကြီးတစ်ခုတွင် မန္တလေးရုံခွဲ တာဝန်ခံအဖြစ် အလုပ်ကို စတင်လက်ခံစဉ် အကြီးအကဲက မေးသည့် မေးခွန်းတစ်ခုကို သတိရမိသည်။ “ကိုဆူးငှက် ခင်ဗျားနိုင်ငံခြားသွားချင်တဲ့ ရောဂါရှိလားဗျ” ဟူသော မေးခွန်း ဖြစ်သည်။ ကျွန်တော်ကလည်း မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။ “မရှိဘူးဗျ၊ ဒါကြောင့်လည်း နိုင်ငံခြားသွားရမယ် ဆိုရင် ဘယ်နည်းနဲ့ သွားရသွားရဆိုပြီး ကြိုးပမ်းတာမျိုးလည်း မရှိခဲ့ပါဘူး” ဟု ဖြေခဲ့သည်။ ဟုတ်သည်။ ၂၀၀၀ခုနှစ် ဝန်းကျင်ကလည်း ဆရာလူထုဦးစိန်ဝင်းက ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် တိုင်ပင်ပြီး ကျွန်တော့်ကို နိုင်ငံခြားက သင်တန်းတစ်ခု လွှတ်ဖို့ စီစဉ်ဖူးသည်။ ကျွန်တော်က အကြောက်အကန် ငြင်းခဲ့သည်။ ဆရာလူထုဦးစိန်ဝင်းက ကျွန်တော့်ကို နားမလည်သလို ကြည့်သည်။ သည့်နောက် ဘန်ကောက်မှာ ချင်းမိုင်မှာ ကမ္ဗောဒီးယားမှာ သင်တန်းတွေ သွားတက်ကြတော့ ကျွန်တော့်ကိုလည်း အဆိုပြုတိုင်း ငြင်းခဲ့သည်။ ၂၀၁၂ခုနှစ်လောက်ကလည်း ဆရာညီပုလေးက ကမ္ဗောဒီးယားသို့ လေ့လာရေးခရီးစဉ် တစ်ခုတွင် ကျွန်တော့်ကို လိုက်ပါဖို့ စာရင်းပေးသည်။ ကျွန်တော်က ငြင်းသည်။ မလိုက်ဖြစ်။ ထို့ကြောင့် ကျွန်တော့်မှာ ပတ်စပို့လည်း မရှိခဲပေ။
ဤသို့ဖြင့် ၂၀၁၄ ခုနှစ်ရောက်တော့ အစ်မကြီးဒေါ်ခင်စောဦးက ကျွန်တော့်ထံ ဖုန်းဆက်ပြီး တရုတ်ပြည် ခရီးစဉ်တစ်ခု လိုက်ပါရမယ်တဲ့၊ အဆင်သင့် ပြင်ဆင်ထားပါတဲ့။ ကျွန်တော်အပါအဝင် စာရေးဆရာများ ဖြစ်ကြသည့် ဆရာညီပုလေး၊ ဆရာကျော်ရင်မြင့်၊ ဆရာညီစေမင်းတို့လည်း ပါသတဲ့။ ကျွန်တော်က ပတ်စပို့ပင်မရှိပါ၊ မလိုက်လိုပါဟု ငြင်းသည်။ မရတော့၊ ကောင်စစ်ဝန်ရုံးက စာရင်းတွေ တင်ပြီးပြီတဲ့။ ပတ်စပို့ အမြန်လုပ်ပါတဲ့။ ဒေါ်ခင်စောဦးသာမက အတူသွားရမည့် နောင်တော် စာရေးဆရာများကပါ တိုက်တွန်းကြသည်။ မတတ်နိုင်၊ ကျွန်တော်လည်း ပတ်စပို့ အမြန်လုပ်ပြီး ခေါင်းညိတ်လိုက်ရတော့သည်။ ကျွန်တော့်ဘဝ၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါသည်။ ဤသို့ဖြင့် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၂ရက်နေ့အထိ အထက်မြန်မာနိုင်ငံမှ စာရေးဆရာသတင်းစာဆရာများ၏ ကူမင်း၊ ဘီဂျင်း၊ ရှန်ဟဲမြို့ လေ့လာရေးခရီးစဉ်တွင် အဖွဲ့ခေါင်းဆောင်၊အဖြစ် တာဝန်ယူ၍ လိုက်ပါခဲ့သည်။
မန္တလေးက အနုပညာရှင်တွေ ပြည်ပခရီး
———————————————
သည်တစ်ခါလည်း ထန်းပင်တက်လက်မှတ်ရပြန်သောကြောင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း က ဆရာ ဒေါက်တာ ဦးစက်တီနှင့် အစ်မကြီးဒေါ်ခင်စောဦးတို့က မန္တလေးရှိ ပြင်ပအနုပညာရှင်ကြီးများကို ကျွန်တော်ကပဲ ဦးဆောင် ရွေးချယ် ကာ တရုတ်ပြည်သို့ လေ့လာရေးခရီး ပို့ဆောင်ရန် ထပ်မံစီစဉ်ကြပြန်သည်။ တကယ်တော့ တရုတ်ပြည်သို့ အနုပညာရှင် များ အကြိမ်ကြိမ်သွားရောက်ခဲ့ကြပါသည်။ သို့သော် ယဉ်ကျေးမှုဝန်ကြီးဌာနက ရွေးချယ်သည့် ပညာရှင် များမို့ ပြင်ပအနုပညာရှင်များက မပါသလောက် နည်းပါးသည်။ အထူးသဖြင့် မန္တလေးရှိ ပြင်ပအနုပညာရှင်များက အခွင့်အရေး မရှိသလောက် ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာဦးစက်တီနှင့် ဒေါ်ခင်စောဦးတို့က ဦးဆောင် စီစဉ်ကြခြင်း ဖြစ်သည်။ ပညာရှင်များရွေးချယ်ကြဖို့ ကျွန်တော်နှင့် ဒေါ်ခင်စောဦးတို့ ခေါင်းချင်းဆိုင်ကာ ရွေးချယ်ကြသည်။ ကျွန်တော်တို့ လိုက်ပါစေချင်သည့် ပညာရှင်ုင်ခဲများ စာရင်းချကာ ဆက်သွယ်တော့ ဒါရိုက်တာ ဆရာမောင်ယဉ်အောင်က မလိုက်ပါနိုင်ခဲ့။ ကျန်ပုဂ္ဂိုလ်များ အားလုံး အဆင်ပြေသည်။
လိုက်ပါကြသူများမှာ ၂၀၁၅ခုနှစ် မေလ ၁၅ ရက် မှ ၂၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ကြသည့် မန္တလေးမြို့က အနုပညာရှင်များမှာ ၁။ ကိုပါရမီရွှန်း၊ ဂန္ထဝင် ဂီတ စာဆိုကြီး မြို့မငြိမ်း၏မြေး၊ မန္တလေး မြို့မတူရိယာအသင်း ဥက္ကဌ ဂီတပညာရှင် ဦးရွှန်းမြိုင်၏သား ၊ မန္တလေး ဂီတမိတ် (Gitameit) အနုပညာသင်တန်း ကျောင်းတာဝန်ခံ၊ စန္ဒရားကျွမ်းကျင်၊ ထိုင်းနိုင်ငံ Mahidol တက္ကသိုလ်မှ ဂီတဆိုင်ရာ ဒီပလိုမာဘွဲ့ရခဲ့သူ၊ ၂။ ဒေါ်ခင်ဝင်းနွယ်၊ အကပညာရှင်၊ မန္တလေး ပန်တျာနှင့် အနုပညာ သင်တန်းကျောင်းဆင်းဖြစ်ပြီး အဆိုပါကျောင်းတွင် အမျိုးသမီးအက နည်းပြဆရာမအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ၊ ၁၉၇၀ ဝန်းကျင်က မြန်မာအမျိုးသမီးအက အခြေခံ ကကွက်များကို နိုင်ငံတော် အစီအစဉ်ဖြင့် မှတ်တမ်းတင်ခဲ့သူ၊ အကပညာ (Choreography) ဆိုင်ရာ စာအုပ်များ၊ မှတ်တမ်း DVDခွေများ ထုတ်ခဲ့သူ၊ ၃။ ဒေါ်ဌေးဌေးမြင့်၊ မန္တလေး ပန်တျာနှင့် အနုပညာသင်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့ပြီး အငြိမ့်မင်းသမီး၊ အငြိမ့်ပညာရှင် နှင့် အော်ပရာဇာတ်လမ်းများကပြခြင်းဖြင့် ထင်ရှားသူ၊ မြန်မာ အငြိမ့်များထဲတွင် နာမည်အကျာ်ကြားဆုံးဖြစ်သည့် “လမင်းတရာ” အငြိမ့်ကို တည်ထောင်ခဲ့သူ၊ ၄။ ဦးစိန်တင့်လွင်၊ မန္တလေး ပန်တျာနှင့် အနုပညာသင်တန်းကျောင်းတွင်ပညာသင်ကြားခဲ့ပြီး ဆိုင်းပညာရှင်၊ ဂန္ထဝင် သီချင်းကြီးများ ကျွမ်းကျင်ခြင်း နှင့် တီးလုံးတီးကွက်များ တီထွင်နိုင်သူ၊ မြန်မာ့ရိုးရာ ဆိုင်းအဖွဲ့နှင့် ဖျော်ဖြေရေး ၊ ဗွီစီဒီ မှတ်တမ်းခွေများ ရိုက်ကူး ထုတ်လုပ်နေသူ၊ ၅။ ဒေါ်ခင်မြလွင်၊ မန္တလေး ပန်တျာနှင့် အနုပညာ သင်တန်း ကျောင်းမှ ဝါရင့် ဆိုင်းနည်းပြ ဆရာကြီး စိန်မောင်လွင်၏သမီး ၊ မြန်မာ့ စောင်းကောက်နှင့် ဆိုင်းပညာရှင် အဆိုပညာရှင်၊ မဟာဂီတ နှင့် ခေတ်ဟောင်း တေးများ ကျွမ်းဝင်ပြီး မြန်မာပြည်တွင် ပထမဆုံး အမျိုးသမီး ဆိုင်းပညာရှငထဲတွင်ပါဝင်သူ၊ ၆။ ကိုအောင်ဇေယျ ၊ ဂီတ၊ အဆို ဖန်တီးသူနှင့် ဇာတ်ခုံ ဆက်တင်၊ အော်ပရာ ဇာတ်လမ်းများ တင်ဆက်ရန် ကြိုးပမ်းသူ၊ ၇။ ဒေါ်နိုင်နိုင်မော်၊ ယဉ်ကျေးမှု တက္ကသိုလ်မှ အကဘာသာရပ် နှင့် သင်တန်းဆင်းသူ၊ သတင်းနှင့် ယဉ်ကျေးမှုဆောင်းပါးများ ရေးသားသူ၊ ၈။ ကိုရဲထွဋ်အောင်၊ မန္တလေးဂီတမိတ် (Gitameit) အနုပညာသင်တန်းကျောင်းမှ တယောပညာရှင်၊ အဆိုနှင့် ဂီတ ကျွမ်းကျင်သူ၊ ၉။ နန်းယွန်းဝါ @ ဇင်မာလွင်၊ မြန်မာအကနှင့် သရုပ်ဆောင်မော်ဒယ်၊ ၁၀။ ကိုဝေလျှံထွန်း (ဇာတ်မင်းသား ဝေယံဦး) ၊ မြန်မာ့ ဇာတ်သဘင် ပညာရှင်၊ ဝေယံဦး ဇာတ်အဖွဲ့တည်ထောင်သူ၊ ခေါင်းဆောင်မင်းသား၊ မြန်မာ့ဇာတ်သဘင် ကို ရိုးးရာ မပျက်စေဘဲ တီထွင်မြှင့်တင်လိုသူ၊ နှင့် ၁၁။ ဦးကျော်ဆန်း (စာရေးဆရာဆူးငှက်) – အဖွဲ့ခေါင်းဆောင် ၊ စာရေးဆရာ၊ အယ်ဒီတာတို့ ဖြစ်သည်။ အဖွဲ့၏ ဘာသာစကားနှင့် ဆက်ဆံရေး တာဝန်ခံအဖြစ် ဒေါက်တာ ဆွေဆွေဝင်းက လိုက်ပါ တာဝန်ယူ ခဲ့သည်။
မြမန်းဂီရိယိမ်း၊ စုံတောမြိုင်နှင့် ပန်းသလားမေပျို
————————————————-

(၁၅၊ ၅၊ ၁၅) နေ့ မွန်းလွဲ ၂နာရီ ၅၀မိနစ်တွင် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၆နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပြီး ည ၉ နာရီ ၄၅မိနစ်တွင် ဆက်လက်ထွက်ခွာခဲ့ရာ ပီကင်းမြို့သို့ ( ၁၆၊ ၅၊ ၁၅) နေ့ နံနက် ၁နာရီဝန်းကျင်တွင် ရောက်ရှိပါသည်။ (၁၆၊၅၊၁၅) နေ့ နံနက်တွင် ဗုဒ္ဓမြတ်စွယ်တော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြပါသည်။ ပီကင်းမြို့တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းက တည်ခင်းသော နေ့လယ်စာကို စားသောက်ပြီး မွန်းလွဲ ၄ နာရီ ၃၀မိနစ်တွင် China Ethnic Song And Dance Ensemble သို့ လေ့လာရေးနှင့် အနုပညာဖလှယ်ရန် သွားရောက်ခဲ့ပါသည်။ အဆိုပါကျောင်းတွင် တရုတ်တိုင်းရင်းသားများ၏ ရိုးရာအကများ၊ ရိုးရာတူရိယာပစ္စည်းနှင့် သီချင်းသီဆို တီးမှုတ်မှုများကို တင်ဆက်ပြီးနောက် မိမိတို့အဖွဲ့မှ ပါဝင်သော ပညာရှင်များ၏ မြမန်းဂီရိယိမ်း၊ စုံတောမြိုင်ကကွက်အစီအစဉ်နှင့် ပန်းသလားမေပျို မြိုင်ထ နှစ်ပါးသွားတို့ကို ပြန်လည် တင်ဆက်ခဲ့ပါသည်။ ထိုနေ့ညတွင် ပီကင်းရှိ တရုတ်မြန်မာချစ်ကြည်ရေးအသင်းက တည်ခင်းသော ညစာကို စားပွဲ တက်ရောက်ပြီးနောက် Minzu Theatre တွင် ကပြလျက်ရှိသည့် Vallad Form Grandna ကပွဲ ကို ကြည့်ရှုကြသည်။
၁၇-၅-၂၀၁၅ နေ့ နံနက် ၈နာရီတွင် တရုတ်ပြည်၏ သမိုင်းဝင် မဟာတံတိုင်းကြီးသို့ သွားရောက် လည်ပတ်လေ့လာပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပါသည်။ မဟာတံတိုင်းမှအပြန် ကားပေါ်တွင် တရုတ်မြန်မာ ချစ်ကြည်ရေး အသင်း၏ ယဉ်ကျေးမှုနှင့် သမိုင်းပညာရှင် MR. Zxang Chun နှင့် တရုတ်နိုင်ငံသမိုင်း၊ ဗုဒ္ဓဘာသာနှင့် တရုတ်ပြည်၌ လတ်တလော အသစ်တွေ့ရှိသော ဗုဒ္ဓမဏိတော်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ပညာရှင်က လက်ကိုင်ဖုန်းတွင် အသင့်ပါလာသော ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များနှင့် ရှင်းလင်းပြသသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ထို့နောက် နေ့လယ်စာ စားသုံးပြီး ပီကင်းမြို့တော်၏ နာမည်ကျော် National Centre for the Performing Art(ငှက်ဥ) ခန်းမကြီးသို့ သွားရောက် လေ့လာကြသည်။ အဆိုပါ ခန်းမကြီးမှ နိုင်ငံတကာအနုပညာနှင့်ဆိုင်သော ပြခန်းများ၊ ရုပ်တုများ၊ ပိုစတာများကို လှည့်လည်ကြည့်ရှု၍ ခန်းမအတွင်း ဖျော်ဖြေနေသည့် တယောကွန်ဆက်အဖွဲ့၏ တီးခတ်ဖျော်ဖြေမှုနှင့် စိတ်ဝင်စားစွာ နားထောင်ကြသော ပရိသတ်များကို ကြည့်ရှုပြီး ကပွဲခန်းမကြီးများနှင့် ပတ်သက်သည့် အချက်အလက်များကို လေ့လာ မှတ်သား၍ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ထိုနေ့ ညနေ ၄နာရီ မိနစ် ၃၀ တွင် China Oriental Performing Art Group Art Traning School သို့ လေ့လာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအတွက် သွားရောက်ကြသည်။ ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများက လှိုက်လှဲစွာ ကြိုဆိုကြပြီး အသက်အရွယ်အလိုက် သင်ကြားလျက်ရှိသည့် အက သင်တန်းများကို ပြသကာ သရုပ်ပြ ကပြကြသည်။ မိမိတို့အဖွဲ့ကလည်း စီစဉ်ထားသည့်အတိုင်း ပြန်လည် ကပြ ဖျော်ဖြေကြသည်။ အဆိုပါ ကျောင်းတွင် မြန်မာအကနှင့် ပတ်သက်သော သင်တန်းလည်းရှိပြီး သင်္ကြန်သီချင်း တစ်ပုဒ် နှင့် မင်္ဂလာပါအမည်ရှိ မြန်မာသီချင်း တစ်ပုဒ်တို့ သီဆိုကပြမှုကို ကြည့်ရှုရသည်။ ထို့နောက် ကျောင်းအုပ်ကြီးနှင့် သင်တန်း ဆရာမက ကပြသော မြန်မာအကနှင့် ပတ်သက်၍ သုံးသပ်ပြင်ဆင်ပေးရန် ပန်ကြားလာ၍ မိမိတို့အဖွဲ့မှ မြန်မာအက၏ အခြေခံဖြစ်သော ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးကျစေမှု သဘောထားကို သရုပ်ပြ ရှင်းလင်းခဲ့ပြီး ကကွက် ကကြိုးအချို့အား ပိုမိုပီပြင်စေရန် ပြင်ဆင်သင်ကြားပေးခဲ့ကြသည်။

လီကျင့်ပုံရိပ်
———————

၁၉-၅-၂၀၁၅ နေ့တွင် Liziang မြို့၊ Ziyue Boutigue ဟိုတယ်မှ လီကျင့်ပုံရိပ်(Inpression Lijaing) လဟာပြင် ကဇာတ်ရုံ သို့ သွားရောက်၍ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုခဲ့ကြသည်။ ရေခဲတောင်၊ မိုးတိမ်၊ ဆီးနှင်း၊ သစ်တောနှင့် တောင်တန်း တို့၏ သဘာဝနောက်ခံကားတွင် တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှုအကများကို လူအင်အား၊ ပစ္စည်းအင်အား၊ ဂီတစွမ်းအားဖြင့် တင်ဆက်ဖျော်ဖြေမှုမှာ အံ့မခန်းဖြစ်ရသည်။ အထူးသဖြင့် ဒေသခံတိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှုအတွက် အဆိုပါ ကပွဲအစီအစဉ်က များစွာ အထောက်အကူြ ဖြစ်ကြောင်း သတိပြုမိသည်။ ထို့နောက် ရေခဲတောင်သို့ တက်ရောက်ပြီး လေ့လာကြသည်။ ရေခဲတောင်မှ အပြန်တွင် ရှေးဟောင်း လီကျင့်မြို့ဟောင်းသို့ သွားရောက်လေ့လာကြသည်။ နှစ် ၈၀၀ ကျော် သက်တမ်းရှိ မြို့ဟောင်းကို စနစ်တကျ ထိန်းသိမ်းပြီး ရိုးရာဒေသထွက် ပစ္စည်းများ၊ အစားအသောက်များ ရောင်းချကြမှုကလည်း ဒေသခံတို့၏ စီးပွားရေး အခွင့်အလမ်းကို ရိုးရာပစ္စည်းများ မပျောက်စေသော နည်းလမ်းဖြင့် တိုးတက် ဖွံ့ဖြိုးစေကြောင်း တွေ့ရှိရသည်။

သရေခေတ္တရာနှင့် တာလီ
—————————-

၂၀-၅-၂၀၁၅ နေ့တွင် လီကျင့်မြို့မှ တာ့လီမြို့သို့ မီးရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြသည်။ ထိုနေ့၌ပင် တာ့လီမြို့၏ ရှေးဟောင်းအနုပညာပြတိုက်ကို သွားရောက်လေ့လာကြကာ တာ့လီမြို့မှ ကမ္ဘာကျော် Erhai Lake ရေကန်သို့ ထွက်ခွာပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်နှင့် ခေတ်မီမြို့ပြ စီမံကိန်းတို့၏ ဆက်စပ်မှုများကို လေ့လာခဲ့ကြသည်။ ထို့နောက် နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိ တာ့လီမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြရာ မိမိတို့အဖွဲ့ဝင်များက ပိုင်လူမျိုးတို့၏ ရိုးရာလက်မှုပစ္စည်းများ၊ အဝတ်အထည်များ၊ လက်ဝတ် အဆင်တန်ဆာများကို အမှတ်တရ ဝယ်ယူခဲ့ကြသည်။ ထိုနေ့ညတွင် တာ့လီမြို့မှ ပြည်နယ်အဆင့်ရှိ အရာရှိ တစ်ဦး တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာကိစ္စများ၊ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ကျော်ကတည်းက မြန်မာနိုင်ငံ သရေခေတ္တရာနှင့် တာလီမြို့တို့၏ သမိုင်းကြောင်း ဆိုင်ရာ ဆက်စပ်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ၂၁-၅-၂၀၁၅ တာ့လီရှေးဟောင်းမြို့တော်၏ နာမည်ကျော် Chong Sheng Temple သို့ သွားရောက် လေ့လာ ကြည်ညိုခဲ့ကြသည်။ အဆိုပါ ကျောင်းတိုက်အတွင်း တောထွက်ရဟန်းဝတ် ဧကရာဇ်တို့၏ စေတီများ၊ ဘုရားကျောင်းများ၊ ပြခန်းများကို လေ့လာကြည်ညိုကြကာ မြန်မာနိုင်ငံနှင့် ရှေးအတီတေကတည်းက ဆက်စပ်ခဲ့သော နန်စောမင်းဆက်တို့ အကြောင်းကို ဆွေးနွေးခဲ့ကြရသည်။

ထိုမှတစ်ဆင့် ပိုင်လူမျိုးတို့၏ ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ဆေးဆိုးပန်းရိုက်လုပ်ငန်းသို့ သွားရောက် လေ့လာကြသည်။ ဆေးဆိုးပန်းရိုက်အလုပ်ရုံနှင့် အရောင်းဆိုင်တွင် ခင်းကျင်းပြသထားသော ရိုးရာ အဝတ်အထည် ပစ္စည်းများမှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး မည်မျှပင် ခေတ်ပြောင်းလဲစေကာမှု ရိုးရာလက်မှုထည်များ၏ တန်ဖိုးကို မြင့်မား ကျယ်ပြန့်စေသော လုပ်ဆောင်ထားမှု အစီအမံများအတွက် အတုယူဖွယ် ဖြစ်သည်။ ထို့နောက် မြို့တွင်း၌ ကြီးမားကျယ်ပြန့်လှသည့် Erhai Lake ကန်ကြီးအတိုင်း သဘာဝမပျက် ထိန်းသိမ်းထားမှု အခြမ်းဘက်ရှိ ပိုင်ရိုးရာ ကျေးရွာသို့ ဆက်လက်ထွက်ခွာကာ အဆိုပါ ကျေးရွာ၌ လွန်ခဲ့သော လေးလခန့်က တရုတ်သမ္မတကြီးကိုယ်တိုင် လာ ရောက်လည်ပတ်ခဲ့သော ပိုင်ရိုးရာ ကျေးလက် နေအိမ်သို့ သွားရောက်ကြသည်။

တရုတ်သမ္မတကြီး လည်ပတ်ခဲ့သော ကန်နံဘေး ဥယျာဉ်နှင့် ပိုင်ရိုးရာ ကျေးလက်နေအိမ်များတွင် မိမိတို့အဖွဲ့က အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ ပိုင်လူမျိုး အိမ်ပိုင်ရှင် တည်ခင်းသော ပိုင်ရိုးရာ လက်ဖက်ရည်ကြမ်းကို သောက်သုံးပြီး ဧည့်သည်တော်မှတ်တမ်းတွင် မိမိတို့ ခေါင်းဆောင်က အဖွဲ့ကိုယ်စား အမှတ်တရကဗျာ ရေးစပ်ထားခဲ့သည်။ ထိုနေ့ညနေတွင် ကူမင်းသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။ ၂၂-၅-၂၀၁၅ ကူမင်းမြို့ရှိ Center Holiday Inn Hotel မှ နံနက် ၈နာရီတွင် ယူနန်ပြည်နယ် ယဉ်ကျေးမှု အနုပညာ ကောလိပ် (Yunnan Vocational College of Culture and Art) သို့ သွားရောက်ကာ အဆိုပါ ကောလိပ်ကျောင်းသားများ တင်ဆက်သည့် ရိုးရာ ယိမ်းအက၊ ဘားကျွန်း၊ အော်ပရာဇာတ်လမ်းနှင့် ရိုးရာဂီတဖျော်ဖြေမှုများကို ကြည့်ရှုကြသည်။

အော်ပရာအဆိုနှင့် ရိုးရာတူရိုယာပစ္စည်းများ တီးမှုတ်ခြင်း
———————————————————–

မိမိတို့ အဖွဲ့ကလည်း စောင်း၊ ပတ္တလား၊ တယောများဖြင့် ဂန္ထဝင်မဟာဂီတ သီချင်းကြီးတစ်ပုဒ်ကို တူရိယာ တစ်မျိုး ချင်းစီအလိုက် လက်စွမ်းပြ တီးခတ်ဖျော်ဖြေ၍ စုံတောမြိုင်အက၊ မြိုင်ထနှစ်ပါးသွား အကများကို လည်း ကပြခဲ့သည်။ ကျောင်းမှ ဆရာ၊ ဆရာမများ၏ အော်ပရာအဆို၊ ရိုးရာတူရိုယာပစ္စည်းများ တီးမှုတ်ခြင်းတို့ ပြသပြီးနောက် အဆိုပါ ဆရာ၊ ဆရာမများ၏ တူရိယာများနှင့် မိမိတို့အဖွဲ့မှ တူရိယာများပေါင်းစပ်ပြီး ရွှေမန်းမာလာ သင်္ကြန်သီချင်းကို သီဆို တီးမှုတ်ကာ မိမိတို့အဖွဲ့မှ ပညာရှင်များ အဆိုပါ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ဆရာ၊ ဆရာမများ ပူးပေါင်းပြီး သင်္ကြန်အကကို ပျော်ရွှင်စွာ ကပြကြသည်။

ထိုနေ့ နေ့လယ် ၁၁ နာရီခန့်တွင် ယူနန်တိုင်းရင်းသား ကျေးရွာဥယျာဉ်သို့ သွားရောက် လေ့လာကြစဉ် ဝလူမျိုးစု၏ ယဉ်ကျေးမှုအက၊ ရှမ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအကများတွင် မိမိတို့အဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင် ကပြကြပြီး တိုင်းရင်းသား ကျေးရွာဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှုကာ ရှမ်းရိုးရာ အစားအသောက်များနှင့် နေ့လယ်စာ စားသောက်ခဲ့ကြသည်။ တိုင်းရင်းသား ကျေးရွာဥယျာဉ်၌ နားနေစဉ်အတွင်း မိမိတို့အဖွဲ့က ခရီးစဉ်တစ်လျှောက် ကြုံတွေ့ရသည့် အတွေ့အကြုံများအပေါ် လေ့လာ သုံးသပ်သည့် ဆွေးနွေးပွဲကိုလည်း ပြုလုပ်နိုင်ခဲ့သည်။

ယူနန်အနုပညာကောလိပ်နှင့် မြန်မာစောင်းကောက်
——————————————————
ထိုနေ့ မွန်းလွဲ ၂နာရီခန့်တွင် ယူနန်အနုပညာကောလိပ် (Yunnan Arts University) ရှိရာ ကူမင်းမြို့သစ်သို့ ဆက်လက် ထွက်ခွာကြသည်။ ကူမင်းမြို့တွင်းရှိ တက္ကသိုလ် အသီးသီးအား အဆိုပါ မြို့သစ်နေရာတွင် တစ်စုတစ်ဝေး နေရာချထားသော စီမံကိန်းနှင့် ပင်မမြို့နှင့် မြို့သစ်အဆင့်မြင့် ဆက်သွယ်မှု လမ်းကြောင်းများ၊ အဆင့်မြင့် အိမ်ရာများ တည်ဆောက်ကာ သီးခြား မဖြစ်စေသော ဖွံ့ဖြိုးတိုးတက်မှုအပေါ် လေ့လာခဲ့ကြသည်။ ယူနန်အနုပညာကောလိပ်တွင် ဆရာ၊ ဆရာမများနှင့် မိမိတို့အဖွဲ့က တရုတ်မြန်မာ နှစ်နိုင်ငံ အနုပညာရပ်များအကြောင်း ရိုးရာဂီတအနုပညာနှင့် နိုင်ငံတကာ ဂီတအနုပညာဆိုင်ရာ ဆက်စပ်သင်ကြားမှုများအကြောင်း၊ ပညာတော်သင်ဆုနှင့် ပတ်သက်သော အစီအစဉ်များအကြောင်း၊ ကျောင်းဝင်ခွင့်များအကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး မြန်မာစောင်းကောက် တူရိယာ၏ တီးခတ်ပုံ နည်းစနစ်များကို ကောလိပ်ရှိ ဆရာ၊ ဆရာမများက အသေးစိတ် စိတ်ဝင်စားစွာ လေ့လာကြသည်။ ထို့နောက် မိမိတို့အဖွဲ့က မြန်မာစောင်းကောက်ကို အဆိုပါ ကောလိပ်ရှိ တူရိယာသမိုင်းဆိုင်ရာ ပြတိုက်သို့ လှူဒါန်းခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ သရုပ်ပြတီးမှုတ်သော ရိုးရာဂီတများကို နားဆင်၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး ခဲ့ကြသည်။

ထိုနေ့ညတွင် တည်းခိုသော ဟိုတယ်၏ သုံးထပ်ထမင်းစားခန်းမ၌ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပ ချစ်ကြည်ရေး အသင်းမှ အတွင်းရေးမှူးချုပ် Mr. Yang Shaocheng က တည်ခင်းသော ညစာ စားပွဲသို့ တက်ရောက်ပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု အနုပညာဆိုင်ရာ ကိစ္စများ၊ လူမျိုးအလိုက် ရိုးရာအယူအဆ အစွဲအလမ်းများ၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဖျော်ဖြေ တင်ဆက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ည ၈နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ ယူနန် ရင့်ရှောက်ဟု ခေါ်သော အဆိုအက တင်ဆက်မှု ကပွဲကို ကြည့်ရှုခဲ့ကြရာ မိမိတို့ အဖွဲ့အနေဖြင့် ရိုးရာအနုပညာကို နိုင်ငံတကာ အနုပညာနှင့် ပေါင်းစပ်၍ လူသားအားလုံး ခံစားနိုင်သော တီထွင်ဖန်တီးမှုများအပေါ် စိတ်ဝင်တစား လေ့လာခဲ့ကြသည်။

၂၃-၅-၂၀၁၅ ထိုနေ့ နံနက်တွင် နံနက်စာ စားသောက်ပြီး ဟိုတယ်ဧည့်ခန်းမ၌ မိမိတို့ အဖွဲ့ဝင် အချင်းချင်း ကြည့်ရှုခဲ့ကြရသော ကပွဲများ၊ ဖျော်ဖြေတင်ဆက်မှုများအပေါ် သုံးသပ်၊ ဝေဖန်၊ ကောက်ချက်ချ၍ အတုယူသင့်သည့် အနုပညာပိုင်းဆိုင်ရာများ၊ ပွဲကြည့်ပရိသတ်ဆိုင်ရာ ပညာရပ်များ၊ ဇာတ်ရုံ၊ ဆက်တင်နှင့် အသံပိုင်း မီးပိုင်းဆိုင်ရာများ၊ နိုင်ငံတကာ ဂီတနှင့် ကူးလူးဆက်ဆံမှုများအပေါ် ဆွေးနွေးကြပြီး နံနက် ၁၀နာရီတွင် ကူမင်းချောင်းရွှေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။

ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် လိုက်ပါပို့ဆောင်သော အိမ်ရှင်ကိုယ်စားလှယ်ကို နှုတ်ဆက်၍ မန္တလေးသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြသည်။

ပုပ္ပားတောင်ရိပ်
—————-
၂၀၁၅ခုနှစ် မေလ ၁၉ ရက်နေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်အတွင်းရှိလီကျင့်မြို့သို့ ရောက်ရှိကြစဉ် ကျွန်တော်သည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလဆန်း ၁၀ရက်နေ့က ပုပ္ပားတောင်မကြီး၏ အနောက်တောင် ယွန်းယွန်းအခြမ်းပေါ်က သစ်တော ဧည့်ရိပ်သာ သစ်လုံးအိမ်လေး တစ်လုံးဆီ မိတ်ဆွေများနှင့်အတူ ရောက်ရှိခဲ့ကြပုံကို ဆက်စပ်တွေးတော သတိရနေမိသည်။ ထိုစဉ်က ပါဝင်သူများမှာ သစ်တောပညာရှင် အငြိမ်းစား အရာရှိကြီးတစ်ဦး အပါအဝင် ရန်ကုန်-မန္တလေး စာပေမိတ်ဆွေများ ဖြစ်ပါ၏။
ထိုသစ်လုံးအိမ်လေးမှာ နှစ်ည နှစ်လီ အိပ်စက် အနားယူကြရင်း ပုပ္ပားတောင်မကြီး တစ်ကြော ရသလောက် ခြေဆန့်ကြခြင်း ဖြစ်သည်။ တောင်မကြီးထိပ် တက်သူကတက်၊ မောင်တော် နှမတော် ရေထွက်ဆီ သွားသူသွား။ နတ်ကွန်းတွေဆီ လေ့လာသူက လေ့လာ၊ သစ်လုံးအိမ်လေးဘေး၊ တောင်ကမ္ဘားပေါ် မေးတင်ထားသည့် သစ်သား ဝရံတာလေးပေါ်က သဘာဝသစ်တုံး သစ်မြစ် စားပွဲကုလားထိုင်တွေပေါ် လှဲလျောင်းရင်း တောကြက် ကင် နှင့် ပယင်းလဲ့လဲ့ ဖန်ခွက်ထဲ သဘာဝစမ်းရေအေး ထည့်စပ်ရင်း စကားစမြည် ပြောသူကပြော …။
မည်သို့ဆိုစေ၊ ညနေစောင်းလျှင်ဖြင့် ဒီဝရံတာလေးမှာ ပစ်လွှတ်လိုက်သည့် မြားတံ အသီးသီးက ဆုံမှတ်တစ်ခုဆီ ပြန်ရောက်လာသည့် သဘော။ တွေ့ခဲ့ကြရသည့် မြင်ကွင်း အတွေ့အကြုံတွေကို ပြန်လည် မျှဝေကြရင်း စကားဝိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ၊ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ခရီးသွား စီးပွားရေး လုပ်ငန်းနှင့် နယ်မြေခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ကိစ္စများကိုချည်း သူ့အမြင် ကိုယ့်အမြင် ဖလှယ်ဖြစ်ကြသည်။ (အဆိုပါ စကားဝိုင်းတွင် အငြိမ်းစား သစ်တောအရာရှိကြီးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အသစ်တစ်ခု ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း အသားပေး ဆွေးနွေး ဖူးသည်။)
သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီးပွားရေး
—————————————-
တကယ်တော့ ပုပ္ပားသည် မြန်မာပြည်အလယ်ခေါင်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြည့်စုံကုံလုံသော ရင်းမြစ်ကြီး ဖြစ်ချေ၏။ ဆရာမင်းသုဝဏ် စကားငှားသုံးရလျှင် အခြောက်ထဲကအစို၊ အပူထဲကအအေး၊ အဝါထဲက အစိမ်းဖြစ်သည်။ သစ်တောရှိသည်၊ တောင်ရှိသည်၊ သဘာဝစမ်းရေ စမ်းပေါက်ရှိသည်။ ကျေးငှက်သာရကာအစ သားကောင်းများအထိ မျိုးစိပ် များစွာရှိသည်။ တောလမ်း လျှိုမြောင်ရှိသည်။ ပြီးတော့ မီးသေတောင် ဖြစ်တာကြောင့် ဘူမိဗေဒဆိုင်ရာ လေ့လာစရာ စာသင်ခန်းလည်း ဖြစ်သည်။ ပုပ္ပားတောင်မကြီးမှာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စီးပွားရေး အကွက်အကွင်းကောင်း တစ်ခု ကောင်းမွန်စွာ စီမံ ဆောင်ရွက်နိုင်လျှင်ဖြင့် နယ်မြေခံ ပြည်သူလူထု စီးပွားရေး အထောက်အကူကောင်း ဖြစ်နိုင်ရုံမက တိုင်းပြည်အတွက်လည်း နိုင်ငံခြားငွေ ရရှိမည့် အခြေခံကောင်းလည်း ဖြစ်နိုင်သည်။ ရိုးရာ ယုံကြည်မှုဆိုင်ရာနှင့် သာသနိက အဆောက်အဦများလည်း တောင်ကလပ်မှာရှိတာမို့ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတာက ပြောစရာမလို ။
ဤသို့ဖြင့် တောင်မကြီးပေါ်က နာမည်ကျော် ဟိုတယ်သို့ ရောက်သည်။ ဘယဆေးဥယျာဉ်တွေ၊ ပြတိုက်တွေ၊ စန္ဒကူးတောတွေဆီ ရောက်သည်။ (ကျွန်တော်တို့ရောက်ခဲ့သည့် ထိုအချိန်ကပုပ္ပားတောင် ဘယဆေးဥယျာဉ်သည် နေပြည်တော်ရှိ အသစ်ဖွင့် ဘယဆေးဥယျာဉ်သို့ သစ်ပင်များ ပေးပို့ထားရလို့ လက်ကျန် အနည်းအကျဉ်းပ ဲရှိတော့သည်။) ထို့နောက် တောင်ကမ္ဘားယံကွေ့ပတ် ဖောက်လုပ်ထားသော မြင်းစီးလမ်းတိုင်း အဆုံးအထိ ကားဖြင့် ကြည့်ဖြစ်၏။ မိုင်အချို့ ရှည်လျားသော မြင်းစီးလမ်း အဆုံးမှာ ရွာတွေ ရှိသည်။ မြင်းစီးလမ်းက ရွာလယ်မှာ ဦးခိုက် အဆုံးသတ်သည်။ ရွာထဲမှာ မြင်းစီးလမ်း အဝင်မှာ ဆိုင်းဘုတ်တစ်ခုကဆီးကြို ထားသည်။
“ကွန်ကရစ်လမ်ေးပါ် နွားလှည်း မမောင်းရ” တဲ့။
ဒေသခံတွေ အကျိုးစီးပွား
————————
ကွန်ကရစ်လမ်းဆိုတာ ကျွန်တော်တို့ လာခဲ့ကြသော မြင်းစီးလမ်းဖြစ်သည်။ ဖိုးဝှီးလ်ကားနှစ်စီးနှင့် ရောက်လာကြ ကုန်သော ကျွန်တော်တို့ကို မြင်တော့ ရွာခံတွေက အစိုးရနှင့် ဆက်စပ်သူများ ထင်လို့ အသီးသီး ရင်ဖွင့်ကြသည်။ အထူးသဖြင့် ဘိုးဘွားအစဉ်အဆက် ငှက်ပျောစိုက် အသက်မွေးကြပြီး ခြံထွက် ငှက်ပျောတွေကို ပုပ္ပားတောင်ကလပ်သို့ ပို့ကာ ရောင်းချကြရသော စီးပွားရေးက အဓိက ဖြစ်နေ၏။ ယခု သူတို့ ငှက်ပျောပို့နေကျ၊ ယာထွက်သီးနှံတွေ ပို့နေကျ၊ ကုန်စည် ရောင်းဝယ် ဖလှယ်ရာတွင် အသုံးပြုနေကျ၊ လှည်းလမ်းကို တောင်မကြီးပေါ်ရှိ အဆင့်မြင့် ဟိုတယ်ကြီးက ဟိုတယ်တည်းသူများအတွက် မြင်းစီးကွန်ကရစ် လမ်းမကြီး ဖောက်လိုက်သတဲ့။ အဆိုပါ လမ်းမကြီးပေါ် လှည်းမမောင်းရ ဟု ပိတ်ပင်လိုက်လို့၊ ရွာကငှက်ပျောတွေ၊ ယာထွက်သီးနှံတွေ၊ အခြား ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အတွက် ပုပ္ပားတောင် ကလပ်နှင့် ပုပ္ပားမြို့တွင်းသို့ သွားလာဖို့ အခက်တွေ့ကုန်ကြရသတဲ့။ ပုပ္ပား တောင်ကလပ်နှင့် ပုပ္ပားမြို့တွင်းသို့ သွားလိုလျှင် တောင်မကြီးကို တရှည်တလျား ကွေ့ပတ်ပြီးမှ သွားကြရသတဲ့။
သြော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်းကြီး ဆောင်ရွက်လိုက်ပါမှ ဒေသခံတွေ အကျိုးစီးပွား မဖြစ်ဘဲ စီးပွားပျက် ဒုက္ခ ရောက်ကုန်ကြသည့် ဥပမာ။ သည်လို အဖြစ်မျိုးက မြန်မာပြည်မှာ နေရာအနှံ့ ရှိနိုင်သည်။
လီကျင့်ပုံရိပ်
————
၂၀၁၅ခုနှစ် မေလ ၁၉ ရက်နေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အတွင်းရှိ လီကျင့်မြို့သို့ ကျွန်တော်တို့ မန္တလေးမှ ယဉ်ကျေးမှုဖလှယ်ရေးအဖွဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဖြင့် ရောက်ရှိကြသည်။ လီကျင့်က မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်၏ ထိပ်နှင့် တစ်တန်းတည်းလောက်မို့ မေလမှာပဲ အအေးဓာတ်က ကဲနေသေးသည်။ လီကျင့်က ရှေးဟောင်းမြို့တော်ဖြစ်သလို နှင်းခမောက် ဆောင်း ရေခဲတောင်များကြောင့်လည်း နာမည်ကျော်သည်။ ပြည်တွင်းသာမက ပြည်ပဧည့်သည်များ စိတ်ဝင်စားကြသည့် မြို့ဖြစ်သည်။ ရှေးဟောင်းမြို့၏ ဗိသုကာ ရိုးရာလက်မှုပစ္စည်း၊ တိုင်းရင်းသားရိုးရာ၊ တိုင်းရင်းသား အဝတ်အထည်နှင့် အစားအသောက်များကို လေ့လာ ဝယ်ယူနိုင်ရုံမက ရေခဲတောင်သို့လည်း တက်ရောက်နိုင်၏။ လီကျင့်မြို့ကို ၂၀၀၈ခုနှစ် ဘီဂျင်းအိုလံပစ်ပွဲတော် ကျင်းပပြီး နောက်ပိုင်း နှစ်များအတွင်း ပြည်တွင်း ပြည်ပ ခရီးသည်များကို ထပ်မံ သဘောကျစေသည့် အချက်က “လီကျင့်ပုံရိပ်” (InpressionLijning) ကပွဲ ဖြစ်သည်။
ထိုကပွဲ က ရေခဲတောင်၊ မိုးတိမ်၊ ဆီးနှင်း၊ သစ်တောနှင့် တောင်တန်းတို့၏ သဘာဝနောက်ခံကားတွင် တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှု အကများကို လူအင်အား၊ ပစ္စည်းအင်အား၊ ဂီတစွမ်းအားဖြင့် တင်ဆက် ဖျော်ဖြေမှုမှာ အံ့မခန်း ဖြစ်ရသည်။ အထူးသဖြင့် ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် နယ်မြေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆိုပါ ကပွဲ အစီအစဉ်က များစွာ အထောက်အကူဖြစ်ကြောင်း သတိပြုမိသည်။ တကယ်တော့ မည်သည့် စီမံကိန်းမျိုး ဖြစ်စေ ဒေသခံတို့၏ အကျိုးစီးပွားကို မထိခိုက်စေရ။ ပိုမို အကျိုးရှိအောင် ဆောင်ရွက်ရမည်။ တိုင်းပြည်အတွက် အကျိုး စီးပွား ဖြစ်စေသော်လည်း ဒေသခံများ လူစဉ်မမှီတာမျိုးလည်း မဖြစ်စေရ။ ဒေသခံများအတွက်လည်း အကျိုးဖြစ် စေရေး ဦးစားပေးကြရမည်။ Liziangမြို့က လီကျင့်ပုံရိပ် (InpressionLijaing)ကပွဲမှာ ကပြ တင်ဆက် စီစဉ်သူ အားလုံးက ဒေသခံတွေချည်းတဲ့။ ပါဝင်တင်ဆက်သူ လူ၅၀၀ကျော် သာမက မြင်းကောင်ရေ ၁၀၀ကျော်ပါ အလုပ်ရ ကုန်သည်။
ထိုကပွဲကို ပြည်တွင်း ပြည်ပက လာရောက် ကြည့်ရှုသူများသဖြင့် ဧည့်သည်များအတွက် အစားအသောက်၊ ရိုးရာ အဝတ်အထည်၊ တည်းခို နေထိုင်ရေး ဝန်ဆောင်မှု လုပ်ငန်းများလည်း ဖြစ်ထွန်းလာသည်။ တစ်နှစ်ပတ်လုံး အနည်းဆုံး တစ်နေ့၄ပွဲ ကပြလျှက် ရှိသည့်လီကျင့်ပုံရိပ် (InpressionLijaing)ကပွဲကို တရုတ်လူမျိုး ကမ္ဘာကျော် ဒါရိုက်တာ Zhang Yimoက ဦးဆောင် တင်ဆက်ခြင်း ဖြစ်သည်။
ဒေသခံများရဲ့ ဝင်ငွေက ပိုကောင်းနေပါတယ်
—————————————-
ယူနန်ပြည်တွင်း၌ မှီတင်းနေထိုင်ကြသောတိုင်းရင်းသား ၁၀ မျိုးတို့၏ လူနေမှု စရိုက်ပုံစံ၊ ဓလေ့ထုံးစံ၊ ရိုးရာ ယဉ်ကျေးမှု တို့ကို ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် လဟာပြင် တင်ဆက်မှုပုံစံ ကပွဲကွင်းကြီ၏ နောက်ခံကိုက နှင်းခမောက် ဆောင်းထားသော ရေခဲတောင်ကြီး ဖြစ်နေသည်။ ထူးခြား မြိုင်ဆိုင်သော ဂီတနောက်ခံတွင် ရိုးရာဗုံးကြီးသံ၊ ဗုံတိုသံ၊ ကြေးမောင်းသံ၊ လကွင်းသံများဖြင့် တောင်ကုန်းဥမင် ဆက်တင်ကြီးတွင် သက်ချီ၊ တက်ချီ၊ ပြေးချီလွှားချီ၊ ခုန်ချီပေါက်ချီဖြင့် အုပ်စုလိုက် ကပြကြမှုမှာ ခမ်းနား ကြီးကျယ်လှသည်။ သစ်သား တံတားပေါ်မှ မြင်းစီးတိုင်းရင်းသားတို့၏ မြင်းရေးပြကွက်၊ ရိုးရာ ဓလေ့ထုံးစံ ဖော်သည့် ပြကွက်များက အံ့မခန်းရှိသည်။
ထူးခြားသည်က အဆိုပါ ကပွဲကြီးတွင် ပါဝင် တင်ဆက်သူများ အားလုံးမှ ဒေသခံကျေးရွာ ၁၆ ရွာက ဒေသခံ ပြည်သူများပဲဖြစ်သည်။ သီချင်း၊ ဂီတ၊ အဆို၊ အက၊ သရုပ်ပြ၊ ဧည့်ကြို ဝန်ထမ်းမှအစ ဒေသခံ တိုင်းရင်းသားများချည်း ဖြစ်၏။ ကပွဲကို တစ်နှစ် ပတ်လုံး ကပြလျက်ရှိပြီး တစ်နေ့လျှင် သုံးပွဲမှ ၄ပွဲအထိ တင်ဆက်ရသည်ဟု ဆိုသည်။ လီကျင့် မြူနီစီပယ် ဒုတိယညွှန်ကြားရေးမှူးက “ဒီ ကပွဲစီစဉ်တာက၊ ဒေသခံ မြို့မိမြို့ဖများနှင့် အာဏာပိုင်များက စီစဉ်တာပါ။ အခု ကပွဲမှာ ပါဝင်ကြတဲ့ ဒေသခံများဆိုရင် သူတို့ဝင်ငွေက ကျွန်မတို့ လစာထက်တောင် ပိုကောင်းနေပါတယ်” ဟု အားရဝမ်းသာ ပြောပြသည်။ လီကျင့် ရှေးဟောင်းမြို့တော်သို့ လာရောက် လေ့လာကြသူများ၊ Yulong ရေခဲတောင်သို့ တက်ရောက်ကြ သူများအပြင်၊ ယခု “လီကျင့်ပုံရိပ်” ကပွဲသို့ လာရောက် ကြည့်ရှုသူ ဧည့်သည်များကြောင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ကောင်းကြသည်။ ကျေးလက်နေ လူငယ်များအတွက် “လီကျင့်ပုံရိပ်” ကပွဲက အလုပ်ရစေခဲ့ပြီ။
မြင်စိုင်းခေတ်ကာချင်းတွေနှင့်
——————————-
ကျွန်တော်က “လီကျင့်ပုံရိပ်” ကပွဲကို ကြည့်ရှုနေရင်း စိတ်ကူးတွေ ယဉ်နေမိ၏။ မန္တလေးတောင် နောက်ခံနှင့် မန်းရာပြည့်ကွင်းကြီးမှာ၊ တောင်တိမ်လိပ်များနှင့် ညို့ဆိုင်းနေသော မန္တလေးတောင်ပေါ်က စေတီတွေ စောင်းတန်းတွေမှာ မီးရောင်တလက်လက် လင်းနေသည်။ တောင်ခြေ ရာပြည့်ကွင်းကြီးထဲက သရေခေတ္တရာဆက်တင်၊ ပုဂံဆက်တင်၊ ဟံသာဝတီဆက်တင်၊ အင်းဝဆက်တင် မြင်ကွင်းကျယ်ကြီး၌ ထောင်ချီသော ဇာတ်ကောင်တွေက ဂီတဖြင့် သရုပ်ဖော် ကြမည်။ မြင်စိုင်းခေတ် ကာချင်းတွေနှင့် မြင်းတပ်၊ ဆင်တပ်တွေ ချီကြမည်။
ကပွဲကြီး၏ လက်ယာဖက်မှာ ၄၈ ရပ်သော ပြာသာဒ်နှင့် မြို့ရိုးနောက်ခံ ကျုံးအတွင်းမှာ ရတနာပုံခေတ် ရေတပ်ကြီး ခင်းကျင်းမည်။ နန်းတွင်းထဲမှာ ကုန်းဘောင်ခေတ်နှောင်း၊ ရတနာပုံနေပြည်တော်၏ သရုပ်သကန် ပြပွဲကြီးလည်း ရှိမည်။ မန္တလေးဝန်းကျင် လယ်မရှိ၊ ယာမရှိတော့သော လယ်သမား၊ ယာသမား၊ ကိုင်းသမားနှင့် သူတို့သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်း ရကြတာပေါ့။ ယုတ်စွအဆုံး ကပွဲကြီးမှာ ထောင်ချီသော လှည်းတပ်ကြီးလည်း ပါမှာမို့၊ လယ်မထွန်ရသော၊ ယာမထွန်ရသော လှည်းမဆွဲရသောကြောင့် ရောင်းစားခံကြရမည့် နွားညို နွားပြာ နွားယှဉ်းတွေလည်း အလုပ်ရကြတာပေါ့။
ဤသို့၊ ဤပုံ၊ ဤနှယ် စိတ်ကူးယဉ် မိသော်ငြား၊ လွန်ခဲ့သော နှစ်ပေါင်း ၆၀ကျော် ကတည်းက လူထုရင်ပြင်အဖြစ် ထင်ရှား အသုံးဝင်ခဲ့သော မန္တလေးတောင်ခြေရှိ မန်းရာပြည့်ကွင်း ဆိုတာက ရတနာပုံ တိရစ္ဆာန်ဥယျာဉ်အဖြစ် အသွင်ပြောင်း သွားတာက နှစ်ပေါင်း ၃၀ကျော်ချေပြီ။ နန်းတွင်း ဆိုတာကလည်း လွန်ခဲ့သော နှစ်ပေါင်း၁၃၀ကျော် ကတည်းက လူထုနေရာမှ မဟုတ်ခဲ့မင့်ဟာပဲ။

Related posts

✕
VOM News

FREE
VIEW