နိုဝင်ဘာ ၇ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်အတွင်း မိုဝင်ဘာ ၂ရက်နေ့က အနုကြမ်းစီးမှု ကျူးလွန်ပြီး အမျိုးသားတယောက်ကိုပါ သတ်ဖြတ်ခဲ့သူတွေကို သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိပြီလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့၊ မနက် ၇ နာရီခွဲဝန်းကျင်က လမ်းမတော်မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ (၂) လမ်းရှိ မြေညီထပ် တိုက်ခန်းတခန်းအတွင်း ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ဝင်ရောက်ကူညီသူ အသက် (၆၃) နှစ်အရွယ် ဦးထွန်းထွန်းရီ ဓားထိုးခံရပြီး သေဆုံးခဲ့ကာ ကျူးလွန်သူတွေက ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
“ကျူးလွန်သူ သုံးယောက်မှာ တယောက်ကို အရင်မိတယ်။ ကွင်းဆက်အရလိုက်ရင်း နောက်ထပ်နှစ်ယောက်ကိုပါ ထပ်ဖမ်းမိတယ်။ အနုကြမ်းစီးဖြစ်စဥ်မှာ သေဆုံးသူဟာ သူ့အစ်မကို မနက်စာလာပို့ချိန် အခင်းဖြစ်နေတာကိုတွေ့လို့ ဝင်ကူရင်းကနေ ဓားထိုးခံရပြီး နေရာမှာတင် သေဆုံးသွားတာပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြစ်မှု ကျူးလွန်သူတွေထဲက အသက် (၃၉) နှစ်အရွယ် ဆန်းလင်းအောင် (ခ) ဒိုလေးကို လမ်းမတော်မြို့နယ်၊ (၃) ရပ်ကွက်ရှိ နေအိမ်မှာ နိုဝင်ဘာ ၅ ရက်နေ့က သက်သေခံ ဘဏ်စာအုပ်နဲ့အတူ ကနဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဆက်လက် စုံစမ်းမှုအရ နိုဝင်ဘာ ၆ ရက်နေ့မှာ ကျန်ရှိနေတဲ့ ကျူးလွန်သူတွေထဲက အသက် (၄၂) နှစ်အရွယ် ဇော်မင်းဦး (ခ) ဇော်ကြီးကို လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ အမှတ် (၉) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ လက်ဖက်ရည်ဆိုင် တဆိုင်အနီးမှာ Redmi 9T အမျိုးအစား လက်ကိုင်ဖုန်းတလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ကျူးလွန်သူတယောက်ဖြစ်တဲ့ အသက် (၄၄) အရွယ် ဝေဖြိုးအောင် (ခ) ကိုဖြိုး ဆိုသူကိုတော့ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာက လှေဆိပ်အနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို လမ်းမတော်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ဥပဒေနဲ့အညီ ဆက်လက် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေက ဖုန်းဆိုင်တဆိုင်မှာ သေနတ်နဲ့ ခြိမ်းခြောက် လုယက်မှုဖြစ်ခဲ့ပြီး ဆိုင်ရှင် အမျိုးသားအပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်.
အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလောတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် (၃) လမ်းအတွင်း မုန့်မျိုးစုံနဲ့ စတိုးဆိုင် ဖွင့်လှစ်ထားတဲ့ နေအိမ်တအိမ်မှာ ပစ္စည်းခိုးယူဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသား သုံးယောက်က အိမ်ရှင်တွေကို ဓားနဲ့ထိုးခဲ့တာကြောင့် အသက် (၂၄) အရွယ် အမျိုးသားတယောက် သေဆုံးကာ အသက် (၆၀) ကျော်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်ကလည်း ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ အမှတ် (၄၂) ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်းဆိုင်မှာ ပိုင်ရှင်ကိုသတ်ပြီး ပစ္စည်းလုယက်မှုဖြစ်ခဲ့ကာ တရားခံ သုံးယောက်လုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၅ ရက်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက်ကြီးပိုင်းအရွယ် ဇနီးမောင်နှံနှစ်ယောက် နေအိမ်အတွင်း သတ်ဖြတ်ခံရမှု ဖြစ်ခဲ့ပြီး ကျူးလွန်သူ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
Photo – CJ
