တောင်ကြီးမှာ အမှိုက်ခွန်ပြေစာမပါရင် ပစ်ခတောင်းလို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများလာ

ZY(VOM)
အောက်တိုဘာ ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရှိ အမှိုက်ကန်တွေမှာ အမှိုက်သိမ်းခ ကောက်ခံနေတဲ့အတွက် လက်ရှိကာလအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေ များပြားလာပေမယ့် သက်ဆိုင်ရာက ထိန်းသိမ်းနိုင်ခြင်းမရှိဘူးလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ ဒေသခံတွေထံကနေ သိရပါတယ်။
အမှိုက်ကန်တွေမှာ ပေးမပစ်တော့ဘဲ အမှိုက်ခွန် ဆောင်ထားတဲ့ ပြေစာ ဖြတ်ပိုင်း မပြနိုင်ပါက တကြိမ်အမှိုက်ပစ်ခ ၅၀၀ ကျပ် ပေးဆောင်ရမယ်ဆိုတဲ့ စနစ်ပြောင်းလဲလိုက်တဲ့အတွက် မြို့တွင်းက ရေမြောင်းတွေ၊ လမ်းကြားတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေ များလာတာဖြစ်တယ်လို့ သိရပါတယ်။
“လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီအနေနဲ့ ပြည်သူလူထုအပေါ် မြို့လူထု အပေါ် တကယ်ကော စေတနာ ရှိသလား ဆိုတာမျိုးပဲမေးကြည့်ချင်ပါတယ်။ စာချုပ်ပါအချက်လို့ပြောရင် အမှိုက်ကား ဘယ်နှစီးနဲ့ လုပ်နေပါတယ်လို့ ဖြေလိမ့်မယ်။ တကယ်ကောရှိသလားဆိုရင် မရှိနိုင်ဘူး။ ဆီစျေးတက်တော့ အမှိုက်က စျေးတက်တယ်၊ အချိန်မှန်လာမလာတော့မသေချာဘူး။ အဲဒီတော့ လူထုက အမှိုက်ခွန်မဆောင်ချင်ကြတော့ဘူး။ အမှိုက်ကန်တွေကို သွားပစ်တယ်၊ အဲဒီမှာပြေစာပါမှ ပေးပစ်တာဆိုတော့ အခုလိုပဲ တွေ့ရာနေရာမှာ အဆင်ပြေသလို ပစ်ကြတော့တာပဲ။ တကယ်ဆိုရင် အမှိုက်ကိုပုံမှန်သိမ်း၊ စည်းကမ်းမဲ့ပစ်တာကို စည်ပင်က အရေးယူ ဒီလိုမျိုးကြပ်ကြပ်မတ်မတ်လုပ်ရမှာ။ အဲဒီလိုမလုပ်နိုင်တော့ သူဌေးရပ်ကွက်တွေကလွဲရင် ရပ်ကွက်ထဲကလမ်းတွေတိုင်း အမှိုက်ပစ်ထားတာ တွေ့နေရတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးမြို့ပေါ်မှာ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို စည်ပင်သာယာရေးကိုယ်စား မွှေးတောင်ကြီးကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပေမယ့် အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှု အားနည်းမှုတွေကြောင့် မကြာခဏဆိုသလို ဒေသခံတွေက ဝေဖန်နေကြတယ်လို့ သိရပါတယ်။
“ဒီကုမ္ပဏီလုပ်လာတာ ၁၀နှစ်ရှိပြီ။ ဒီကာလအတွင်းမှာ အမှိုက်ကန်တွေကို FOCအနေနဲ့ သိမ်းဆည်းခဲ့ရတယ်။ ဒီနှစ် ဇူလိုင်လကနေစပြီးတော့ ဝန်ကြီးချုပ်အသစ်က ကားနဲ့ချိတ်သယ်ရတဲ့ သံကန်တွေအစား အုတ်ကန်တွေ ပြောင်းပြီး လုပ်ပေးလိုက်တယ်။ ဒီကန်ကနေပြီး အမှိုက်ခွန်တွေကောက်ပါဆိုပြီး အမိန့်ချပေးလိုက်ပါတယ်။ ဒါကြောင့် ကောက်တာဖြစ်ပါတယ်။ အခွန်ပြေစာပါရင်တော့ အမှိုက်ကန်တွေမှာလာပစ်ရင် ပိုက်ဆံပေးစရာ မလိုပါဘူး။ မပါရင်တော့ လာပစ်တဲ့ အမှိုက်ပေါ်မူတည်ပြီး ၂၀၀၊ ၃၀၀၊ ၅၀၀၊ ၁၀၀၀ဆိုပြီး ကောက်တာပါ”လို့ မွှေးတောင်ကြီးကုမ္ပဏီမှ တာဝန်ရှိသူတယောက်က VOMကို ပြောပါတယ်။
အမှိုက်ပစ်ခကောက်ခံနေတဲ့အတွက် တောင်ကြီးမြို့ ၊ ထွန်းဆေးရုံလမ်းကြား၊ အနောက်မြို့ပတ်လမ်း ၁၆ ထပ် တိုက် အနီး၊ မြို့မစျေး အနီး၊ ကုန်သည်လမ်းပေါ် ၊ အမှိုက်ကန် ရှိသော လမ်းကြားတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေသလို ရပ်ကွက်တွင်းရှိ ရေမြောင်းကြီးတွေမှာ အမှိုက်ထုတ်တွေကို ပေါ်တင် စွန့်ပစ်လာကြတဲ့အတွက် မြောင်းပိတ်ဆို့မှု ဖြစ်ပြီး ရေကြီးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
မွှေး-တောင်ကြီး အမှိုက်သိမ်းဆည်းရေးကုမ္ပဏီဟာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနနဲ့ နှစ်(၃၀) စာချုပ် ချုပ်ဆိုကာ ၂၀၁၄ ခုနှစ်ကစတင်ပြီး အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW