ဩဂုတ် ၁- ၂၀၂၃
Shy V(VOM)
မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် နယ်စပ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ဇူလိုင် ၂၄ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ တစ်ပတ်အတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် ကုန်သွယ်မှု လုပ်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၇.၁၃၀)သန်း ဖြစ်ကြောင်း မူဆယ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းက အချက်အလက်တွေအရ သိရပါတယ်။
တပတ်အတွင်း မူဆယ်နယ်စပ်ကနေ တရုတ်ဘက်ကို ငါးရှဉ့်၊ ကဏန်း၊ ကြေးနီ၊ ကြက်သွန်နီ၊ နနွင်းတက်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ ပုစွန်ဖွဲ၊ ဝါဂွမ်း၊ ပြောင်းဖူးစေ့ စတဲ့ပို့ကုန်ပစ္စည်းတွေ အဓိက တင်ပို့ခဲ့ပြီး အဲဒီအထဲမှာ ငရှဉ့်ကို အများဆုံး တင်ပို့နိုင်ခဲ့တယ်လို့လည်း အဲဒီ အချက်အလက်တွေ အရ သိရပါတယ်။
သွင်းကုန်တွေကတော့ ယာဉ်နဲ့ ယာဉ်ယန္တရားများ၊ ဒီဇယ်သုံးလျှပ်စစ်ဓာတ်အားပေးစက်၊ စက်သုံးဆီဖြစ်တဲ့ ဒီဇယ်၊ ဓာတ်ဆီ၊ ပိုးသတ်ဆေး၊ သံပိုက်၊ သံချောင်းလုံး၊ အလူမီနီယံ တံခါးဘောင်၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းတွေ၊ ဖိနပ်အမျိုးမျိုး၊ စပျစ်သီး၊ ဆောက်လုပ်ရေးသုံးကွန်ကရစ်မှုန့်တွေကို အဓိကထား တင်သွင်းခဲ့ပြီး အများဆုံးသွင်းကုန် ပစ္စည်းမှာ ယာဉ်နဲ့ ယာဉ်ယန္တရားတွေဖြစ်ကြောင်းလည်း အဲဒီသတင်းအချက်အလက်အရ သိရပါတယ်။
တပတ်အတွင်း ကုန်သွယ်မှုပြုတဲ့ ကားအစီးအရေအတွက် ၁၃၀၀ ကျော်ရှိခဲ့ပြီး ပို့ကုန်ကား ၆၅၀ ကျော်၊ သွင်းကုန်ကား ၆၈၀ ကျော် ရှိတယ်လို့ နယ်စပ်ကုန်ဂိတ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီ ကုန်သွယ်ရေး ဇုန်ကနေ ဇူလိုင် ၁၅ ရက်ကနေ ဇူလိုင် ၂၁ ရက်နေ့အထိ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဇုန်ရဲ့ သတင်းအချက် အလက်တွေ အရ သိရပါတယ်။
အဓိက တင်ပို့ခဲ့တဲ့ ပို့ကုန် ပစ္စည်းတွေကတော့ ပြောင်း၊ ချုပ်ပြီးအထည်၊ သတ္တုနဲ့ သတ္တုရိုင်း၊ ကြက်သွန်နီ၊ ငရုတ်သီး အစို တွေဖြစ်ပြီး အဓိကထား တင်သွင်းခဲ့တဲ့ တင်သွင်း ကုန်တွေကတော့ သံနဲ့ သံမဏိ ဆောက်လုပ်ရေးပစ္စည်း၊ စက်နဲ့ စက်ပစ္စည်း၊ ဆေးဝါးပစ္စည်း၊ ဆပ်ပြာ စသဖြင့် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
တရုတ်ယွမ်ငွေ နဲ့ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းက ဒီကနေ့ ဩဂုတ် ၁ ရက် နေ့လယ် ၁၁ နာရီခွဲခန့်က တရုတ်ငွေ ဝယ်ရင် တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၄၆၉၄၈ ကျပ် ပေးရပြီး တရုတ်ငွေ ပြန်ရောင်းပါက တရုတ်ငွေ ယွမ် ၁၀၀ ကို မြတ်မာငွေ ကျပ် ၄၆၅၁၂ ရှိကာ တရုတ်ငွေ ယွမ် ၁၀၀ ပေါ်မှာ ဝယ်ယူနှုန်းနဲ့ ပြန်ရောင်းနှုန်းကြား မြန်မာငွေ ၇၉၆ ကျပ် ကွာဟပါတယ်။
မြန်မာငွေ ကျပ် ၂ သောင်းတန် ထုတ်ဝေမယ့် သတင်းထွက်ပေါ်ပြီးနောက် လတ်တလောမှာတော့ မြန်မာငွေတန်ဖိုး ကျဆင်းသွားပြီး တရုတ်ငွေဈေး အတက်ဈေးပဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဩဂုတ် ၁ ရက်နေ့ ထိုင်း – မြန်မာ ငွေ လဲလှယ်နှုန်းကတော့ ထိုင်းငွေ ဘတ်ဝယ်ယူရင် ၁ ဘတ်ကို မြန်မာကျပ် ၉၈ – ၁၀၀ ကြားရှိနေပြီး ဘတ်ငွေ ပြန်ရောင်းမယ် ဆိုရင်တော့ ၁ ဘတ်ကို ကျပ် ၈၅ – ၉၆ ကြား ရှိတယ်လို့ နယ်စပ် ဒေသခံ ၁ ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
Photo Crd- ဒေသခံတဦး
#voiceofmyanmar #VOM #နယ်စပ်ကုန်သွယ်ရေးကဏ္ဍ