ဒီကနေ့ လွတ်ငြိမ်းနဲ့ လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့သာ ပါဝင်

ဩဂုတ် ၁ – ၂၀၂၃
GG (VOM)

တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဥ်းသူတွေထဲက ၇၇၄၉ ဦးကို ဒီနေ့ ဩဂုတ် ၁ ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ကြေညာခဲ့ပါတယ်။

အဲ့ဒီလွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေအထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့သာပါဝင်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီအထဲမှာ မန္တလေးတိုင်းက အကျဉ်းထောင်နဲ့ အလုပ်ကြမ်းစခန်းက(၁၃၃၆)ဦးလွတ်မြောက်ခဲ့ရာ အိုးဘိုထောင်က အကျဥ်းသား/အကျဥ်းသူ (၇၅၁)ယောက်၊ မြင်းခြံအကျဥ်းထောင်က (၁၃၀)ယောက် ၊ မိတ္တိလာ အကျဥ်းထောင်က (၇၁)ယောက် ၊ ရမည်းသင်းအကျဥ်းထောင်က (၁၉၅)ယောက် ၊ညောင်ဦးအကျဥ်းထောင်က (၄၈)ယောက် ၊ အလုပ်ကြမ်းစခန်း(၇)ခုက အကျဥ်းသူ/အကျဥ်းသား(၁၄၁)ယောက်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ရဲ့အကျဥ်းထောင် ၊အလုပ်စခန်းကလည်း အကျဉ်းသား/အကျဥ်းသူ အယောက် (၅၀၀) လွတ်ငြိမ်းနဲ့လွတ်မြောက်ခဲ့ကြောင်း၊ အဲ့ဒီအထဲမှာ ကျိုက်မရော ဗဟိုအကျဉ်းထောင်က အကျဉ်းသား(၈၂)ယောက်နဲ့ အကျဉ်းသူ(၁၄) ယောက်၊ မော်လမြိုင်အချုပ်ထောင်က အကျဉ်းသား(၆၅)ယောက်နဲ့ အကျဉ်းသူ(၃၇) ယောက်၊ သထုံအကျဉ်းထောင်က(၁၁၉)ယောက် ဖြစ်ပြီး ကျောက်ထုတ်စခန်း(၇)ခုက အကျဥ်းသူ/အကျဥ်းသား(၁၈၃) ယောက် ​လွတ်မြောက်လာတာဖြစ်တယ်လို့သိရပါတယ် ။

” အင်္ဂဘိုကျောက်ထုတ်စခန်းက အကျဉ်းသား (၃၈)ယောက်၊ တောင်စွန်းကျောက်ထုတ်စခန်းက (၁၂)ယောက်၊ ဇင်းကျိုက်ကျောက်ထုတ်စခန်းက (၁၆)ယောက်၊ ရင်းငြိမ်ကျောက်ထုတ်စခန်းက (၂၉)ယောက်၊ အင်ဗြောင်ကျောက်ထုတ်စခန်း(၈ )ယောက်၊ မာလာဖူးကျောက်ထုတ်စခန်းက(၁၂)ယောက်၊ မုပ္ပလင်ကျောက်ထုတ်စခန်းက (၆၈)ယောက် လွတ်တယ်။အကုန်လုံးဆို(၅၀၀) လွတ်တာပါ “လို့ အကျဥ်းထောင်အသိုင်းအဝိုင်း ကသိရပါတယ်။

အလားတူ ရန်ကုန်၊အင်းစိန်အကျဥ်းထောင်ကနေလည်း ဒီနေ့ နေ့လယ် ၂ နာရီခန့်ကစပြီးလွတ်ငြိမ်းခွင့်ရတဲ့ အကျဥ်းသားတွေကို ပြန်လွှတ်ပေးခဲ့ရာ ကနဦးသတင်းတွေအရတော့ အကျဥ်းသူ/အကျဥ်းသား(၁၀၀၀)ခန့်ကို ပြန်လွတ်ပေးခဲ့ကြောင်းနဲ့ အဲ့ဒီအထဲမှာ ၅၀၅ ည ၊ ၅၀၅ က ပုဒ်မတွေလည်းပါလာတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းက မြိတ်နဲ့ကော့သောင်းအကျဉ်းထောင်စခန်းကလည်း အကျဉ်းသား/အကျဉ်းသူ(၈၉)ယောက် နဲ့ ထားဝယ်က(၄၄)ယောက် လွတ်မြောက်လာတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

နောက်ပြီး ပဲခူးတိုင်းအနောင်ပိုင်း၊ ပြည်အကျဥ်းထောင်ကလည်း လွတ်ငြိမ်းနဲ့အကျဥ်းသား(၁၀၁) ယောက်ပြန်လွတ်လာပြီး ပေါင်းတည် အကျဥ်းထောင်က(၅၄)ယောက်လွတ်လာပြီး အဲ့ဒီအထဲမှာ ပြည်က နိုင်ငံရေးအကျဥ်းသား(၅)ယောက်ပါဝင်ပြီး ပေါင်းတည်ထောင်ကလည်း နိုင်ငံရေး အကျဥ်းသား(၅)ယောက် လွတ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေသိရပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့မိသားစုဝင်တစ်ဦးက ” အစ်ကိုကြီးက ၅၀၅ နဲ့ ထောင် ၃ နှစ်ချခံထားရတာ၊၂ နှစ်ရှိပြီ၊ အခုပြန်လွတ်လာပြီ မနက်ကတည်းကပါ ။အရမ်းဝမ်းသာတယ် “လို့ပြောပါတယ်။

​ကချင်ပြည်နယ် ၊ မြစ်ကြီးနား အကျဥ်းထောင်က အကျဥ်းသား(၁ဝဝ)နီးပါး လွတ်လာပြီး ဖားကန့်မြို့၊ မဇွပ်ယန်အချုပ်ထောင်ကလည်း အကျဉ်းသား(၁၇)ယောက် လွတ်မြောက်လာတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း၊ကသာအကျဥ်းထောင်ကလည်း အကျဥ်းသား(၁၈)ယောက်လွတ်လာပြီး ၊ဗန်းမော်အကျဥ်းထောင်က အယောက် (၃၀)ရှိတယ်လို့ကနဦးသိရပါတယ်။

ဧရာဝတီတိုင်းက ဟင်္သာတအကျဥ်းထောင်မှာလည်း အကျဥ်းသား/အကျဥ်းသူ(၁၉၈)ယောက်နဲ့ဝါးခယ်မအကျဥ်းထောင်က (၂၂)ယောက် လွတ်ငြိမ်းနဲ့ပြန်လွတ်လာတယ်လို့ ကနဦးသိရပါတယ်။

မကွေးတိုင်းကလည်း ပခုက္ကူအကျဥ်းထောင်က အကျဥ်းသား(၂၆)ယောက် ပြန်လွတ်လာပြီး မကွေးအကျဥ်းထောင်ကနေလည်း နိုင်ငံရေးအကျဥ်းသား(၁၆)ယောက်အပါအဝင် အကျဥ်းသားအချို့ ပြန်လွတ်လာတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ် ။

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ အကျဥ်းထောင်တွေ ၊အလုပ်စခန်းတွေကနေလည်း အကျဥ်းသူ/အကျဥ်းသားတွေပြန်လည်လွတ်မြောက်လာတာရှိပြီး လွတ်မြောက်သူစာရင်းအတိအကျကတော့ အခုထိ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

နစကဟာ ဒီနေ့ဩဂုတ်လ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုလည်း လက်ရှိပြစ်ဒဏ်ချမှတ်ထားတဲ့ အမှုတွေထဲက တချို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် လျှော့လိုက်တာဖြစ်ပြီး ဦးဝင်းမြင့်ကိုတော့ စွဲဆိုခဲ့တဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ် လျှော့ပေါ့လိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ဖြေထားပါတယ်။

နောက်ပြီး အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ယောက်ကိုလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။

အလားတူ သေဒဏ်ကျခံနေရတဲ့ အကျဥ်းသူ/အကျဥ်းသားတွေထဲက ပြစ်ဒဏ်လျှော့ပေါ့သင့်သူတွေကိုလည်း သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ပြောင်းလဲပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #လွတ်ငြိမ်းသက်သာ

Related posts

Leave a Comment

VOM News

FREE
VIEW