ဗိုလ်တထောင်က ဓားပြတိုက်မှု ငွေနဲ့အတူ ကျူးလွန်သူတွေကို ၁နာရီအတွင်း ဖမ်းမိ

သြဂုတ် ၈ – ၂၀၂၃
GG (VOM)

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်၊ ၅၃ လမ်း၊ အမှတ်(၂၉) မြေညီထပ်က Best Century Travel and Tour လုပ်ငန်းကို ဒီနေ့ ဩဂုတ်လ ၈ ရက် ညနေပိုင်းက သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမည်မသိ လူ၃ ယောက်က ဓားပြတိုက်သွားတာဖြစ်ပြီး ငွေကျပ်သိန်း ၁၅၀၀ ပါသွားပေမယ့် ဓားပြတိုက်သူတွေကို ငွေသားနဲ့အတူ ၁နာရီကျော်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။

” မရမ်းကုန်း မီးပွိုင့်မှာ စစ်ဆေးနေချိန် မိတာပါ။ ဟိုကလုပြီး ပြေးလာချိန်မှာ မိတဲ့သဘော၊ မိတာ ၃ ယောက်၊ ငွေထုတ်ရော ပါတယ်။ မိန်းကလေးတစ်ယောက်ပါတယ်။ သေနတ်အတိုနဲ့ ကျည်တွေလည်းပါတယ်”လို့ ဗိုလ်တစ်ထောင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ၃ ယောက်က အသက် ၂၁ နှစ်အရွယ် အားချီ ဆိုသူနဲ့ အသက် ၁၆ နှစ်အရွယ် လှိုင်မင်းထွန်း ၊အသက် ၂၆ နှစ်အရွယ် မရီရီ ဆိုသူတို့ဖြစ်ပြီး ငွေသား သိန်း ၁၅၀၀ ပါ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။

ဓားပြတိုက်မှုကတော့ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊အမျိုးသမီးတစ်ယောက်နဲ့အမျိုးသား ၂ ယောက်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ငွေထည့်ထားတဲ့အိတ်ကိုယူကာ ကားနဲ့ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကလည်း ရန်ကင်းမြို့နယ်က The Skin Studio အလှပြင်ဆိုင်လည်း ဆိုင်အတွင်းဝင်ရောက်ပြီး ဝန်ထမ်းတွေကိုချုပ်နှောင်ကာ ဖုန်းနဲ့ ငွေသားအချို့ လုယက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ်လ ၁ ရက်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်က Sunshine Smile baby cloth wholesale & retail ကလေးပစ္စည်း အရောင်းဆိုင်ရဲ့အုတ်နံရံကို ဖြိုချပြီး ဆိုင်ထဲက ပစ္စည်းတွေ ဝင်ရောက်ခိုးယူခံရတာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဓားပြတိုက်မှု #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW