ဩဂုတ် ၂၃ – ၂၀၂၃
GG(VOM)
ပြည်တွင်းမှာ စားအုန်းဆီ စျေးမြင့်တက်နေမှုနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမြတ်ကိုလွန်ကဲစွာဦးစားပေးလွန်းတဲ့လုပ်ငန်းရှင်တွေမဖြစ်ဖို့နဲ့ ရသင့်ရထိုက်တဲ့အမြတ်ကိုပဲ ဆောင်ရွက်ဖို့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က သတိပေးပြောဆို လိုက်ပါတယ်။
ဒါ့အပြင် စီးပွားရေး လုပ်ငန်းအနေနဲ သမာသမတ်ကျပြီးစီးပွားရေးကျင့်ဝတ်ကို လိုက်နာတဲ့စီးပွားရေးအသိုက်အဝန်းဖြစ်ဖို့လည်းလိုအပ်နေတယ်လို့ မနေ့ကဩဂုတ်လ ၂၂ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။
“စီးပွားရေး လုပ်ငန်းတွေ ကအမြတ်တော့ရချင်ကြမှာမှန်ပေမယ့် ရသင့်ရထိုက်တဲ့အမြတ်ကိုပဲဆောင်ရွက်ဖို့လိုတယ်။အမြတ်ကို ၁၀ % ထားမှာလား ၊အမြတ် ၂၀ % ထားမှာလား ၊၂၅ % ထားမှာလား၊သို့သော် နှစ်ဆ မြတ်ချင်တာကတော့ အနေအထားက မဖြစ်သင့်တဲ့အနေအထားပေါ့ ၊” လို့ ဝန်ကြီးကပြောပါတယ်။
စားအုန်းဆီ စျေးနူန်းဟာ ကမ္ဘာ့စျေးကျသွားလည်းမြန်မာနိုင်ငံမှာတော့ ကျဆင်းတဲ့အနေအထားမျိုးလည်းမတွေ့ရဘူးလို့ဆိုပါတယ်။
လက်ရှိမှာ စားအုန်းဆီ စျေးဟာ လက်လီစျေးကွက် မှာ ၁၂၀၀၀ ကျပ်အထိ ရောင်းချမှုရှိပြီး စျေးကွက်မှာ ဆီပြတ်လပ်မှုလည်းရှိနေတယ်လို့ သိရပါတယ် ။
” ဒီနေ့ မနက်ပိုင်းစျေးနည်းနည်းကျပေမယ့် နေ့လည်ကျ စျေးကပြန်တက်တယ်။လက်လီဆို ၁၂၀၀၀ လောက်ထိပေါက်တယ်။ခုကဝယ်ရင်းစျေးကိုက ၁၀၀၀၀ စွန်းနေပြီ။ နေရာဒေသကဝေးရင် ပိုစျေးတက်မယ်၊ လုပ်ငန်းရှင်တွေရောင်းတဲ့စျေးနဲ့ကျနော်တို့ကဝယ်ရတာ၊ စျေးတက်လေအမြတ်နည်းလေပဲ၊ စျေးကျမှလည်းဝယ်သူများတယ် ” လို့ စားသုံးဆီ ရောင်းချသူတစ်ဦးကပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့ စားအုန်းဆီစျေးက ရခိုင်ပြည်နယ်ကမြို့အချို့ မှာ စားအုန်းဆီ တစ်ပိဿာကို ၁၀၇၀၀ ကနေ ၁၁၀၀၀ အထိရှိပြီး ၊ မိုးကုတ်မှာ ၁၂၀၀၀ ၊ ပဲခူးတိုင်းမှာ ၁၁၀၀၀ ကနေ ၁၂၀၀၀ ကျပ်၊ ရွေဘိုမှာ ၁၀၈၀၀ ကျပ်၊ တောင်ငူမှာ ၁၀၇၀၀ ကျပ် စတဲ့ဒေသအသီးသီးမှာ ၁၀၅၀၀ ကျပ်ကနေ ၁၂၀၀၀ အထိ စျေးရှိနေတယ်လို့ သိရပါတယ်
ပြည်ပကနေ စားအုန်းဆီတင်သွင်း ဖို့အတွက် နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်တွေကို အစိုးရထောက်ပံ့ဈေးနဲ့ ရောင်းပေးနေပေမယ့် စားအုန်းဆီကို ခုလို စျေးတက်ရောင်းနေတာက အစိုးရရဲ့ ပံ့ပိုးမှု ၊ထောက်ပံ့မှုတွေကအရာမထင်သလိုဖြစ်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ် ။
“အစိုးရပံ့ပိုးတဲ့ နူန်းနဲ့လည်းလဲနေရတယ်၊ ၅၀ ရာခိုင်နှုန်း ကိုထောက်ပံ့စျေးနဲ့ပေးထားတာ၊ဒါကိုသယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လို့။ နောက်တစ်ခုက ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လို့ဆိုပြီး ဈေးတွေကို တက်ပြီး ရောင်းတာက နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတဲ့ အနေအထား ဖြစ်ပါတယ်’’လို့ ဝန်ကြီးက ဆိုပါတယ်။
‘ဒီနေ့ စားအုန်းဆီပေါက်ဈေးကိုကြည်ရင် ရည်ညွှန်းဈေးက ၄၀၆၅ ကျပ် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်ကားဈေးက ၈၀၀၀ ကျပ် ဖြစ်ပါတယ်။ ဘုရင့်နောင်လက်ကားဈေးက ၉၀၀၀ ကျပ် ဖြစ်ပါတယ်။ လက်လီဈေးက ၁၀၀၀၀ ကျပ်ပေါက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ ၅၀ ရာခိုင်နှုန်းကို စက်သုံးဆီ၊ စားသုံးဆီတွေမှာ ထောက်ပံ့ဈေးနဲ့ ပေးထားတာ လို့ဆိုပါတယ်။
စားအုန်းဆီ စျေးနူန်းဟာ ၂၀၂၁ ခုနှစ် နစက အစိုးရလက်မှာ ခုလိုမြင့်တက်လာတာဖြစ်ပြီး ခုဆိုရင် စံချိန်တင် နူန်းထားတစ်ခုအထိပင်ဆက်တိုက်မြင့်လာတာဖြစ်တယ်လို့သိရပါတယ်။
စားအုန်းဆီ စျေးနူန်းဟာ ၂၀၂၁ ခုနှစ်မတိုင်ခင်က တစ်ပိဿာကို ၁၈၀၀ မှ ၂၅၀၀ ကျပ်သာရှိပြီး ငွေကျပ် ၁၀၀၀၀ ရှိပါက ဆီ အနည်းဆုံး ၄ ပိသာဝယ်ယူနိုင်ပေမယ့် လက်ရှိမှာ တော့ ငွေ၁၀၀၀၀ ကျပ်က စားအုန်းဆီ တစ်ပိဿာ ပင်မရရှိတော့ဘူးလို့ သိရပါတယ်
မြန်မာနိုင်ငံမှာ စာသုံးဆီဟာ လုံလောက်မှုမရှိတာကြောင့် ပြည်ပကနေ နှစ်စဥ် တန်ချိန် ၉ သိန်းတင်သွင်းနေရဆဲဖြစ်ပါတယ်။
#voiceofmyanmar. #vom #စားအုန်းဆီစျေး # အမြတ်နှစ်ဆ #သတိပေး