စက်တင်ဘာ ၁၂ – ၂၀၂၃
SN (VOM)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်း၊ ဇမ္ဗူ့ရတနာကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ကို ကျောင်းနေ သံဃာတပါးက မနေ့စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က တူနဲ့ထုသတ်ခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
အဲ့ဒီ့ဖြစ်စဉ်ကြောင့် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သိရိန္ဒ ဓမ္မာစရိယ သက်တော် (၅၄) နှစ်၊ သိက္ခာတော် (၃၀) ဟာ ဂျိုစောင်းစုတ်ပြတ်ဒဏ်ရာ (၁) ချက်၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှ သွေးထွက်ပြီး သီလပေးအဆောင်ဘုရားရှေ့ Dream Bed ပေါ်မှာ ပက်လက်အနေအထားနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။
“တူနဲ့ထုတဲ့ကိုယ်တော်က ဒုလ္လဘဦးဇင်းပါ။ နေ့လယ်ပိုင်း ကျောင်းထိုင်ဆရာတော် ကျိန်းနေတဲ့အချိန်မှာ တူနဲ့ခေါင်းကိုထုသတ်လိုက်တာပါ။ အခုတော့ ပျံလွန်တော်မူသွားရရှာပြီ။ ကိုယ့်ဘက်က စေတနာ မေတ္တာထားပြီး လက်ခံထားပေမယ့် တဖက်က ယုတ်မာယုတ်ညံ့တဲ့အခါ ကိုယ်ပဲနစ်နာရပါတယ်” လို့ ကျောင်းထိုင်ဆရာတော်နဲ့ နီးစပ်တဲ့ ဆရာတော်တပါးက မိန့်ပါတယ်။
ကျောင်းထိုင်ဆရာတော်ဟာ ပြစ်မှုကျူးလွန်သူ ဒုလ္လဘဆရာတော် ဥူးက္ကုန္ဒာစာရကို ကျောင်းအုတ်တံတိုင်းအသစ် ကာရံစဥ်က ဆဲဆိုကြိမ်းမောင်းခဲ့တာကြောင့် မကျေနပ်ဘဲ တူနဲ့ ၃ ချက် ထုသတ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့အတွက် လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို သိက္ခာချ၊ လူဝတ်လဲပြီး အရေးယူထားတယ်လို့ သိရပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးသိရိန္ဒဟာ ဓမ္မာစရိယဘွဲ့ရရှိထားသူဖြစ်တဲ့အပြင် သီရိလင်္ကာမှ MA ဘွဲ့နဲ့ အိန္ဒိယနိုင်ငံမှ Ph.D ရရှိထားသူဖြစ်ကာ အရင်က ဓမ္မဒူတတောရတွင် စာချတရားဟောမှုတွေနဲ့ သာသနာ့ဝန်ထမ်းဆောင်ခဲ့ပြီးနောက် စာသင်တိုက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာလည်း တရားဟော၊ တရားပြခြင်းနေသူ ဆရာတော်တပါးဖြစ်တယ်လို့ သိရပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန်