စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်းက တိုက်ပွဲရှောင်နေရာတွေမှာရောက်နေတဲ့ ကလေး ၃၀၀ ကျော်ဟာ ရာသီပေါ်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ဖျားနာနေကြတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” ယင်းမာပင်ခရိုင်ထဲကဆိုရင် ဆားလင်းကြီးမြို့နယ်မှာ တိုက်ပွဲရှောင် ၂၀၀ ကျော်အနက် ကလေး ၃၀ ကျော်ဖျားတယ် ၊ ကနီမြို့နယ်ထဲမှာ တိုက်ပွဲရှောင် ၁၀၀ ကျော်ထဲက ကလေး ၁၇ ယောက်ဖျားတယ် ၊ ရေဦးခရိုင်ထဲမှာ နေရာ ၄ ခုမှာ ကလေး ၃၀ ကျော် ဖျားတယ် ၊ ဝက်လက်မြို့နယ်မှာ ကလေး ၂၀ ကျော်ဖျားတယ် ၊ ခင်ဦးမြို့နယ်မှာ ၁၈ ယောက်ဖျားတယ် ၊ ကန့်ဘလူမြို့နယ်ထဲမှာက နေရာ ၃ ခုမှာ ကလေး ၄၀ ကျော်ဖျားတယ် ၊ ကလေးမြို့နယ် တောင်ပိုင်းမှာ ဖျားနာနေတဲ့ ကလေး ၇၀ လောက်ရှိမယ် စစ်ကိုင်းတိုင်း တတိုင်းလုံးအနေနဲ့ တိုက်ပွဲရှောင် နေရာတွေမှာ ကလေးပေါင်း ၃၀၀ ထက်မနည်း ဖျားနာနေတယ် “လို့ ရေဦးမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီကလေးတွေနဲ့ ပတ်သက်လို့ မုံရွာမြို့ခံ ကလေးဆရာဝန်တယောက်က ” ကလေးတွေဖျားနာနေကြတယ်လို့ ကြားရတယ် ၊ ဒေသခံ ကျန်းမာရေးမှူး ပြောပြတာက အမိုးအကာအောက်မှာ လုံခြုံစွာ မနေရဘဲ ခြင်ကိုက်ခံရတော့ ကလေးတွေအဖို့ ရာသီပေါ် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်နေတယ်လို့ သိရတယ် ၊ နီးစပ်ရာ ကျေးလက်ကျန်းမာရေးဌာနတွေက ပိတ်ထားတော့ အခက်တွေ့ရတယ် ၊ ဆေးရုံကိုတော့ ရောက်မလာသေးဘူး “လို့ ပြောပါတယ်။
ကနီမြို့နယ် ကျေးလက်ကျန်းမာရေးဝန်ထမ်းတယောက်က ” ကလေးတွေ ဖျားနာနေလို့ မုံရွာကို ဆေးနဲ့ ဆေးပစ္စည်းတွေမှာတယ် ၊ အဲ့ဒီ ဆေးနဲ့ ဆေးပစ္စည်း ဖာတွေကို လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ကားပေါ်ကနေ ချယူပြီး သိမ်းလိုက်တယ် ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ မကြာခဏ တိုက်ပွဲရှောင်နေရတဲ့ ဒေသတွေကတော့ ဆားလင်းကြီး ၊ ကနီ ၊ ရေဦး ၊ ခင်ဦး ၊ ဝက်လက် ၊ ကန့်ဘလူ ၊ ကလေး ၊ တမူး စတဲ့ မြို့နယ်တွေက ဖြစ်ပြီး တိုက်ပွဲရှောင် မိသားစုတွေအနေနဲ့ ရက်ရှည် မိုးရွာသွန်မှုဒဏ်ကို မပြတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီအပြင် တိုက်ပွဲရှောင်နေရာတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လထဲက မြွေကိုက်လူနာတွေရှိခဲါပြီး အဲ့ဒီထဲက လူနာ ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #စစ်ကိုင်း #စစ်ရှောင်ကလေး #ကျန်းမာရေးအခြေအနေ