စက်တင်ဘာ ၁၆ – ၂၀၂၃
SN (VOM)
အခြားသော ပြည်နယ်နဲ့ တိုင်းတွေကနေ တင်ပို့မယ့် ဆန်နဲ့ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ် လျှောက်ထားခြင်းကို ပြန်လည်ဖြေလျော့ပေးလိုက်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က သိရပါတယ်။
MRF အနေနဲ့ မြင့်တက်နေတဲ့ ဆန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် အခြားပြည်နယ်နဲ့ တိုင်းတွေက တင်ပို့မယ့် ဆန်နဲ့ ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ်လျှောက်ထားဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေးထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီ့သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရွှေဘိုမြို့နယ်က တောင်သူတဦးက “အခုလို ဖြေလျော့ပေးလိုက်တာ ကောင်းပါတယ်။ အဆင့်ဆင့် ကန့်သတ်ချက်တွေနဲ့ သွားနေရင် ဘာပဲပြောပြော ကုန်စည်စီးဆင်းမှုက နှေးသွားတာလေ။ လက်ကျန် ဆန် ရှိနေရင်တော့ အကြောင်းမဟုတ်ဘူး။ လက်ကျန်ဆန် နည်းနေပြီဆိုရင် ဈေးကတက်သွားမှာလေ။ အခုလိုဖြေလျော့လိုက်ခြင်းအားဖြင့် အစစအရာရာအတွက် ကောင်းသွားတာပေါ့”လို့ ပြောပါတယ်။
အခု ဖြေလျော့ပေးမှုဟာ ဆန်နဲ့ ဆန်ကွဲအတွက်သာဖြစ်ပြီး စပါး မပါဝင်ဘဲ စပါးကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်မှာပဲ ကြိတ်ခွဲရမယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ VOM အနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တာဝန်ရှိသူဆီ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်ရှိမှာ MRFအနေနဲ့ ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေခြင်းကို ထိန်းချုပ်ဖို့အတွက် လုပ်ဆောင်နေပြီး အရန်ဆန် ထုတ်ရောင်းပေးတာ၊ သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ဧည့်မထဆန်ကို ၁ ပြည် ၂၅၀၀ နှုန်းနဲ့ ရောင်းပေးနေတာအပြင် ပြည်ပဆန်တင်ပို့ခွင့်ကိုလည်း ၁၀၀ ရာခိုင်နှုန်းလက်ဝယ်ရှိမှသာ ပို့ကုန်လိုင်စင်ထုတ်ပေးတာမျိုးတွေ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် ပြည်တွင်းဆန်ဈေးကွက်အတွင်းမှာ ဆန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာခြင်း မရှိသေးဘဲ အမြင့်ဈေးမှာသာ ငြိမ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ ဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း ထူးရှယ် ၁ အိတ် ၁၄၅၀၀၀ ကျပ်၊ ဧရာမင်း ထူးရှယ်ဟောင်း ၁၃၈၀၀၀ ကျပ်၊ ဆင်းသုခ ရှယ်ဟောင်း ၉၈၀၀၀ ကျပ်၊ ရက် ၉၀ သစ် ၈၂၀၀၀ ကျပ်၊ ပေါ်ဆန်းဆန်ကွဲ ၅၂၀၀၀ နဲ့ ၇၄၀၀၀ ကျပ်၊ ဆန်ကွဲအကြမ်း ၅၅၀၀၀ ကျပ် စသဖြင့် ပေါက်ဈေးရှိနေပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာဟမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆန်ဈေး မြင့်တက်နေတဲ့ အခြေအနေကြောင့် တိရိစ္ဆာန်အစာနဲ့ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ ဆန်ကွဲကို အချို့သော ဒေသတွေက ဆန်ဝယ်စားနိုင်ခြင်းမရှိတဲ့ အခြေခံလူတန်းစားတွေလည်း စားသုံးလာကြတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဆန်နဲ့ဆန်ကွဲ #နယ်ကျော်ခွင့်ဖြေလျှော့