မြင်သားရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူ ၅ ဦးသေ ၊ ၁၀ ဦးကျော် ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ မြင်သားကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၆ ရက် ည ၈ နာရီဝန်းကျင်က ရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံး ၊ ထိခိုက်သူတွေ အများအပြားရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဒေသခံတွေဆီက သိရပါတယ်။

” မြင်သားရွာဘက်ကို ညက လက်နက်ကြီးကျည်တွေ ဆက်တိုက် ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီဖြစ်စဥ်ကြောင့် ညက လူ ၃ ယောက် ဗုံးစတွေ ထိမှန် သေဆုံးတယ် ၊ ပြင်းထန် ဒဏ်ရာရတဲ့ သူတွေက ၇ ယောက်ရှိတယ် ၊ သာမန် ဒဏ်ရာရသူရထားတဲ့ ၁၀ ယောက်ကျော်တယ် ၊ အဲ့ဒီအထဲက ဒီမနက် ၂ ယောက်ထပ်ပြီး ဆုံးတယ် ၊ သေဆုံးသူ အားလုံး ၅ ယောက်ရှိသွားပြီဖြစ်တယ် ၊လတ်တလော နာရေးကိစ္စ မပြီးသေးဘူး ၊ မြင်သားရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်”လို့ မြင်သားကျေးရွာနဲ့ ရွာနီးချင်း တောင်ခင်ရန်းရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူ့စစ်ကျေးရွာတွေရှိတယ် ၊ အမည်မသိ (စုံစမ်းဆဲ)လက်နက်ကိုင်အဖွဲ့တွေက အဲ့ဒီရွာတွေကို ပိတ်ဆို့ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် ထိတွေ့မှုတွေ မကြာခဏဖြစ်တယ် ၊ မြင်သားရွာပေါ်ကျရောက် ပေါက်ကွဲတဲ့ ကျည်က ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး”လို့ ပြောပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတယ်ဆိုတဲ့ မြင်သားကျေးရွာဟာ မြစ်သာမြစ်နဲ့ အလောင်းတော်ကဿပ ဘုရားတောင်တန်းကြားမှာတည်ရှိပြီး ၂၀၂၁ တုန်းကလည်း အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်သားကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လဝန်းကျင်ကလည်း လူ ၁၁ ယောက်ထက်မနည်း အစုလိုက် အပြုံလိုက် ပစ်သတ်ခံရတာ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ #မြင်သားရွာ #လက်နက်ကြီးကျရောက်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW