စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃
SP (VOM)
ဒီရက်ပိုင်းအတွင်း တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်းသတ်ဖြတ်ခံရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
” ဒီမနက် ၁၀ နာရီဝန်းကျင်က မွန်ပြည်နယ် ၊ ရေးမြို့ ၊ အောင်သုခရပ်ကွက်ထဲမှာ ကားနဲ့လာတဲ့ သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၁၁ က ရဲအုပ် မြင့်လွင် ဆိုသူ ပစ်သတ်ခံရတယ် ၊ နားထင်ပွင့်ထွက်ပြီး နေရာမှာတင် ကားပေါ်မှာ သေတယ် “လို့ ရေးမြို့ခံ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
နေပြည်တော် ရဲချုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ၊ နေ့လယ်ပိုင်းအချိန်က ရန်ကုန် ၊ ရွှေပြည်သာ တပင်ရွှေထီးလမ်းက လက်ဘက်ရည်ဆိုင်ထဲမှာ ကယားပြည်နယ် ၊ လွိုက်ကော်မှာ တာဝန်ကျနေတဲ့ ရဲအုပ် အောင်သက်ထွေး ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ညနေပိုင်းမှာ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာမှာရောက်နေတဲ့ မန္တလေး တံတားဦး လေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးတို့ လင်မယား ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ညပိုင်း ၁၁ နာရီ ဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့က လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး လက်နက် ၄ လက်ပါသွားတယ် ၊ အဲ့ဒီနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က အဲ့ဒီ ဒီပဲယင်းမြို့မှာ ကင်းစောင့်ပြီး ရဲစခန်းကိုပြန်လာတဲ့ တပ်ဖွဲ့ဝင် ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ် ၊ အဲ့ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ ဒီပဲယင်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘုတလင်မြို့ပေါ်မှာလည်း ကင်းစောင့်ပြီး ရဲစခန်းပြန်လာတဲ့ ရဲအုပ် မျိုးလွင်နဲ့ တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ်၊ အဲ့ဒါကြောင့် စက်တင်ဘာ ၁၃ ရက်ကနေ စက်တင်ဘာ ၁၈ ရက်အထိ ၅ ရက်တာကာလအတွင်း တပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း လုပ်ကြံသတ်ဖြတ်ခံရတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် တချို့ လုပ်ကြံခံရလို့ သေဆုံးရတဲ့အပြင် မိသားစုဝင်တချို့လည်း ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။
Photo Crd -Original Uploader
#voiceofmyanmar #VOM #ရဲအသတ်ခံရမှု