မူဆယ်နဲ့စယ်လန့်ကြားမှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျလို့ ဘုန်းကြီးတစ်ပါး ဒဏ်ရာရပြီး ကျောင်းဆောင် ပျက်စီးမှုရှိခဲ့

စက်တင်ဘာ ၂၁- ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်အနီးရှိ တိန်းလုံအုပ်စု၊ ကျန်းဆာရွာက ဆုတောင်းပြည့်စေတီ ဘုရားကုန်းပေါ် မှာ မနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီကျော်ခန့်က လက်နက်ကြီးကျလို့ ဆရာတော်(၁)ပါး ထိခိုက်ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဖြစ်တော့လည်း ဘယ်သူမှ မသိဘူး။ ဆရာတော်(၁)ပါးတည်း သူ့ဟာသူ ကားမောင်းပြီးတော့ ဆေးရုံကိုလာတယ်။ ဘယ်သူမှ သွားကြိုတာ မဟုတ်ဘူး၊ ကိုရင်လေးတွေက နှစ်ဖက် စစ်ရေးတင်းမာနေတဲ့အတွက် ဆရာတော်က အိမ်ပြန်လွှတ်လိုက်တာဖြစ်ပြီး သက်တော် ၇၀ ရှိဆုတောင်းပြည့် (လွယ်ဆုတောင်းတောင်) ဆရာတော် ဦးဩဇေယျ တစ်ပါးတည်းရှိ‌နေချိန် လက်နက်ကြီးကျည်ကျကွဲတာ၊ ဆရာတော် မနေ့ကလည်း လမ်းလျှောက်နေရတာ တွေ့ပါတယ်၊ နဖူး၊ ခြေထောက်၊ ပေါင် တွေမှာ ထိခိုက်ဒဏ်ရာရထားပြီး ပေါင်ထဲမှာတော့ လက်နက်စ အသေးတွေကြောင့် ခွဲစိပ်ဖို့ လိုအပ်ပေမယ့် အရမ်းတော့ စိုးရိမ်စရာမလိုသလို မူဆယ်ဆေးရုံမှာပဲလည်း အဆင်ပြေတယ်၊ ကျောင်းဆောင်တွေလည်း သွပ်တွေ ပေါက်ပြဲသွားတာတော့ ရှိတယ်”လို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်မှ တာဝန်ရှိသူ(၁)ဦးက ပြောပါတယ်။

မနေ့က တနေကုန်နီးပါး တပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ရာ မူဆယ်နဲ့ နမ့်ခန်းကြား တောင်ကြောတွေဘက် လက်နက်ကြီး ပစ်ခတ်နေသံကြားရတယ်လို့ နမ့်ဖတ်ကာနဲ့ မူဆယ်ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်နဲ့ နမ့်ခန်းကြား၊ စယ်လန့်ရွာအနီးဝန်းကျင် မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ က စ တပ်နဲ့ TNLA တို့ အကြား တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင် ၁၉ ရက်မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Photo Crd – လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ယက်
#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW