ခြေလှမ်းသွက်လာတဲ့ တရုတ်စစ်တပ်ရဲ့ အင်အားဖြည့် အဆင့်မြှင့်တင်မှုများ

မျိုးဆက်(VOM)
စက်တင်ဘာ-၂၁-၂၀၂၃

ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ စစ်အင်အားကိုတိုးချဲ့နေသလို ခေတ်မီစစ်လက်နက်ကိရိယာတွေကို လျှို့ဝှက်စွာ အဆင့်မြှင့်တင်နေကြောင်း သတင်းတွေ မကြာခဏဆိုသလို ထွက်ပေါ်လာနေပါတယ်။

ဒါဟာ ဒေသတွင်းအပြင် နိုင်ငံတကာ တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း အမေရိကန်က စွပ်စွဲမှုတွေရှိနေခဲ့ပြီး စစ်ရေးနဲ့လုံခြုံရေးကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုမရှိခြင်းက နားလည်မှုလွဲတာနဲ့ အတွက်အချက်မှားယွင်းနိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်ကြောင်း အမေရိကန်က ကြိမ်ဖန်များစွာ သတိပေးထားပါတယ်။

လက်ရှိချိန်ထိ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေးအင်အားကြီး အဆင့်သုံးနေရာမှာ ရပ်တည်နေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်အသုံးစရိတ် ဒေါ်လာ ၂၀၉ ဒသမ ၄ ဘီလီယံထိ သုံးစွဲခဲ့တဲ့ နိုင်ငံဖြစ်ကာ လက်ရှိချိန်မှာ နျူကလီးယားလက်နက် ၃၅၀ ထိရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကြည်းတပ်မှာ တင့်ကားအစီးရေ ၅၀၀၀ ကျော်၊ သံချပ်ကာယာဉ် ၃၅၀၀ ကျော်၊ လေတပ်မှာတော့ စစ်လေယာဉ် ၃၂၀၀ ကျော်၊ တိုက်လေယာဉ် ၁၂၀၀ ကျော်၊ ရဟတ်ယာဉ် ၉၀၀ ကျော်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ အထူးတာဝန်ထမ်းဆောင်နိုင်တဲ့ လေယာဉ် ၄၀၀ နီးပါးရှိကြောင်း ၂၀၂၂ ခုနှစ်မှာထုတ်ပြန်တဲ့ စစ်ရေးအစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် ၃၂၉၀ နဲ့ ဒုံးကျည်ကာကွယ်ရေးလက်နက် ၂၆၈ ခုထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။ ရေတပ်မှာတော့ စုစုပေါင်းစစ်သင်္ဘော ၇၇၇ စင်းရှိပြီး ဖရီးဂိတ်စစ်သင်္ဘော ၄၉ စင်းနဲ့ ရေငုပ်သင်္ဘော ၇၉ စင်း၊ ဖျက်သင်္ဘော ၄၁ စင်းနဲ့ လေယာဉ်တင်သင်္ဘော နှစ်စင်းထိ ပိုင်ဆိုင်ထားပါတယ်။

ဒီလို လေးစားခန့်ငြားလောက်ဖွယ် စစ်အင်အားပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသ အထူးသဖြင့် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုတွေပြင်းထန်လာချိန်မှာ စစ်အင်အားအပြင် ခေတ်မီစစ်တပ်ဖြစ်လာရေး နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေက လက်ရ်ှိမှာ ထွက်ပေါ်လာပါတယ်။

အထင်ကရ စစ်အင်အားတိုးချဲု့မှုအဖြစ် တရုတ်နိုင်ငံဟာ သူ့ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန် ကို တည်ဆောက်ပြီးစီးလုအခြေအနေရှိပြီး တာဝန်မထမ်းဆောင်မီ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကို မကြာမီပြုလုပ်တော့မှာဖြစ်ပါတယ်။

ဒီလေယာဉ်သင်္ဘောသစ်မှာ ယခင်ကနဲ့မတူတဲ့နည်းပညာတွေပါဝင်ပြီး စီစဉ်ထားတဲ့အတိုင်း နှစ်နှစ်အတွင်း တရုတ်ရေတပ်မှာ စတင်တာဝန်ထမ်းဆောင်နိုင်ဖွယ်ရှိနေကြောင်း သတင်းတွေ အခိုင်အမာထွက်ပေါ်နေပါတယ်။

ရေတပ်အတွက် အဆင့်မြှင့်တင်မှုတွေလုပ်နေတဲ့ ခပ်စိတ်စိတ်လုပ်လာတဲ့ တရုတ်စစ်တပ်ဟာ သြဂုတ်လနှောင်းပိုင်းက ပိုမိုကြီးမားပြီး အဆင့်မြင့်တဲ့ ဖရီးဂိတ်စစ်သင်္ဘောအမျိုးအစားကို ထုတ်လုပ်ခဲ့ကြောင်း နိုင်ငံပိုင်နဲ့ ဟောင်ကောင်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Type 054B အမျိုးအစား အဲဒီဖရီးဂိတ်စစ်သင်္ဘောမှာ ပေါင်းစပ်လျှပ်စစ်တွန်းကန်အား(IEP) စနစ်တပ်ဆင်ထားနိုငပြီး သင်္ဘောကိုထောက်လှမ်းရှာဖွေဖို့ ပိုမိုခက်ခဲတဲ့စနစ်တွေလည်း ပါဝင်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီဖရီးဂိတ်သင်္ဘောသစ်ဟာ မက်ထရစ်တန်ချိန် ၆၀၀၀ ခန့်ရှိပြီး လက်ရှိ 054A ဖရီးဂိတ်သင်္ဘောထက် တန်ချိန် ၂၀၀၀ ပိုလေးပါတယ်။ 054Aမှာ ၇၆ မီလီမီတာပင်မလက်နက်တပ်ဆင်ထားပေမယ့် စစ်သင်္ဘောအသစ်မှာတော့ ၁၀၀ မီလီမီတာ ပင်မလက်နက် တပ်ဆင်ထားတယ်လို့ ဆိုကြပါတယ်။ သင်္ဘောအသစ်ဟာ အရှည် ၁၄၇ မီတာနှင့် အကျယ် ၁၈ မီတာခန့်ရှိပြီး လက်ရှိဖရီးဂိတ်စစ်သင်္ဘောတွေထက် အဆင့်မြင့်နည်းပညာတွေ ပါဝင်ဖွယ်ရှိနေပါတယ်။

Type 054B ဟာ ပိုမိုလျှင်မြန်စွာ သွားလာနိုင်သလို ရှာဖွေရပိုခက်ခဲကာ ရေငုပ်သင်္ဘောတိုက်ခိုက်ရေးနဲ့ လေယာဉ်တင်သင်္ဘာတွေကိုလည်း အစောင့်အကြပ်အဖြစ် အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပြီး တရုတ်စစ်တပ်အတွက် အထင်ကရ အင်အားဖြည့်တင်းမှုလည်းဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရဟာ လေတပ်ကိုလည်း အဆင့်မြှင့်တင် အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေပြီး စွမ်းအားမြင့် WS-15 အင်ဂျင်သစ်နဲ့တည်ဆောက်ထားတဲ့ J-20 ကိုယ်ပျောက်တိုက်လေယာဉ် အသေးစားစမ်းသပ်ပျံသန်းမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

WS-10C အင်ဂျင်ဟောင်းတွေနေရာမှာ အစားထိုးမယ့် WS-15 အင်ဂျင်သစ်ဟာ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ပိုမိုတွန်းကန်အားကောင်းပြီး မြန်ဆန်စေဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီတိုက်လေယာဉ်တွေကို တောင်ကိုရီးယား၊ ဂျပန်နဲ့ ဂူအမ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ လက်တကမ်းအကွာမှာ ထားရှိနိုင်ခြေများပြီး ခေတ်သစ်စစ်မြေပြင်တွေနဲ့ သဟဇတဖြစ်စေမယ့် ပြုပြင်ပြောင်းလဲ အဆင့်မြှင့်တင်မှုတခုလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က တီယန်ကျင်းမှာပြုလုပ်ခဲ့တဲ့ ရဟတ်ယာဉ်ကုန်စည်ပြပွဲမှာတော့ တရုတ်စစ်တပ်ဟာ ၁၁၀၀ ကီလိုဝပ် တာဘိုရှပ်ရဟတ်ယာဉ်အင်ဂျင်သစ်ကို ထုတ်ဖော်ပြသခဲ့ပြီး ဒီအင်ဂျင်ဟာ တရုတ်ရဲ့ အလယ်အလတ်နဲ့ အကြီးစားရဟတ်ယာဉ်သစ်တွေ ထုတ်လုပ်နိုင်ရေးအတွက် ပထမဆုံးသော စွမ်းအားမြင့် အင်ဂျင်ဖြစ်ကြောင်း တရုတ်စစ်ဘက်ကျွမ်းကျင်သူတဦးက ဆိုပါတယ်။

တရုတ်လေတပ်မှာ ရဟတ်ယာဉ် ၉၀၀ ကျော်ရှိနေပေမယ့် ပဋိပက္ခအခြေအနေတွေမှာ စစ်သားတွေနဲ့ စက်ပစ္စည်းတွေ ၊ လက်နက်တွေကို ပိုမိုသယ်ယူနိုင်မယ့် အကြီးစားရဟတ်ယာဉ်တွေ ထုတ်လုပ်ရေးကို တရုတ်စစ်တပ် ဦးတည်နေဖွယ်ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

ဒါတွေဟာ လတ်တလော လူသိရှင်ကြားထုတ်ပြန်ထားတဲ့ တရုတ်စစ်တပ်ရဲ့ အဆင့်မြင့်တင်တိုးချဲ့မှု အနည်းငယ်မျှသာဖြစ်ပြီး အကဲဆတ်လှတဲ့ စစ်ရေးစစ်ရာမှာ လျှို့ဝှက်အဆင့်မြှင်တင် အင်အားဖြည့်တင်းမှုတွေကတော့ တိတ်တဆိတ်ရှိနေဦးမှာ အသေအချာပင်ဖြစ်ပါတော့တယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #တရုတ်စစ်တပ် #အင်အားဖြည့် #အဆင့်မြှင့်တင်မှုများ

Related posts

Leave a Comment

VOM News

FREE
VIEW