မော်စကို၊ အောက်တိုဘာ-၂၆-၂၀၂၃
မျိုးဆက်(VOM)
ရုရှားစစ်တပ်ဟာ အကြီးစားနျူကလီးယားတိုက်ခိုက်မှုကို အစမ်းလေ့ကျင့်ခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလေ့ကျင့်မှုမှာ ရန်သူရဲ့ နျူကလီးယားတိုက်ခိုက်မှုတွေကို တုံ့ပြန်တာတွေလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူကပြောပါတယ်။ နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်တာနဲ့ ပတ်သက်ပြီး သမ္မတပူတင်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။
နျူကလီးယားထိပ်ဖူးစမ်းသပ်မှုတွေအားလုံးကို တားမြစ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်ကနေ ရုရှားနှုတ်ထွက်ဖို့ကို ရုရှားပါလီမန်က ထောက်ခံခဲ့ပြီးနောက် အခုလို နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားဆိုင်အရာ အသင့်အနေအထားရှိနေရေးကို ပုံမှန်အတိုင်းလုပ်ဆောင်နေကြပြီး ရုရှားဟာ အောက်တိုဘာလကုန်ပိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
ယခုနှစ်လေ့ကျင့်မှုမှာတော့ ရန်သူတွေရဲ့ နျူကလီးယားတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် မဟာဗျူဟာထိုးစစ်အဖွဲ့က အကြီးစားနျူကလီးယားတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ အခြားသောလက်နက်တွေကို လက်တွေ့စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
Ref:BBC
Photo:Reuters