ကသာခရိုင်ထဲက မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

 

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင်ထဲက မြို့နယ်တွေဖြစ်ကြတဲ့ ထီးချိုင့် ၊ ဗန်းမောက် ၊ အင်းတော်နဲ့ ကသာမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကသာခရိုင်မှာရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” ကသာခရိုင်ဆိုတာ ကချင်ပြည် နယ်နဲ့ ထိစပ်နေတဲ့ မြို့ဖြစ်တယ် ၊ ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲမဖြစ်ပေါ်မီကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြားမှာ နေရတယ် ၊ အခုနောက်ပိုင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထပ်မံပေါ်ပေါက်လာတော့ ကသာမြို့ရဲ့ ကုန်သွယ်မှု အခြေအနေတွေက သိသိသာသာ ကျဆင်းသွားတယ် ၊ အရင်က ကသာခရိုင်ဆိုတာ မြို့နယ် ခုနှစ်ခုနဲ့ ဖွဲ့ထားတယ် ၊ အဲ့ဒီထဲကနေ ကောလင်းခရိုင် ခွဲထွက်တယ် ၊ ကောလင်း ၊ ဝန်းသို ၊ ပင်လည်ဘူးဆိုပြီး ကောလင်းခရိုင်ထဲပါသွားတယ် ၊ ကသာခရိုင်မှာ ထီးချိုင့် ၊ ဗန်းမောက် ၊ အင်းတော် ၊ ကသာဆိုပြီး လေးမြို့နယ်ကျန်ခဲ့တယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာ ၆ ရက်က ကောလင်းခရိုင်မြို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်လိုက်တယ် ၊ အဲ့ဒီနောက် ကောလင်းမြို့နဲ့ အနီးနားမြို့နယ်တွေဖြစ်တဲ့ ပင်လည်ဘူးနဲ့ ထီးချိုင့်မြို့နယ်တွေမှာ နိုဝင်ဘာ ၉ ရက်ကစပြီး ကောလင်းဘက်က စစ်မီးတွေ ကူးစက်လာတယ် ၊ အဲ့ဒါကြောင့် ကသာခရိုင်ထဲက မြို့နယ်တွေမှာ ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်နေရတယ် ” လို့ ကသာမြိို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ကသာမြို့ခံ တယောက်က ” ကသာမြို့က ၊ မြို့ပေါ်လူနေရပ်ကွက် ၁၁ ရပ်ကွက်ရှိတယ် ၊ အဲ့ဒီ ရပ်ကွက်တွေမှာနေတဲ့ လူအတော်များများဟာ ၊ ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲတွေစဖြစ်တဲ့ နိုဝင်ဘာ ၉ ရက်ကစလို့ ကသာမြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ကုန်တယ် ၊ အဲ့ဒီလို တိုက်ပွဲရှောင်နိုင်တဲ့သူတွေက တိုက်ပွဲရှောင်ကြတယ် ၊ တိုက်ပွဲမရှောင်သူတွေက အိမ်မှာ ဗုံးခိုကျင်းတွေ တူးပြီးနေရတယ် ၊ ကသာမြို့မှာ လျှပ်စစ်မီးတွေပြတ်တောက်နေတာ သုံးရက်ရှိပြီ ၊ လုံးဝ မီးမလာဘူး ၊ အဲ့ဒါကြောင့် ညအချိန်တွေမှာဆို ဘယ်အဖွဲ့က ဘယ်နေရာတွေကို ပစ်နေမှန်းမသိရဘူး ၊ သေနတ်သံတွေကြားနေရတယ် ၊ ကသာမှာ ဘက်ထရီအားသွင်း လုပ်ငန်းတွေရှိတယ် ၊ အဲ့ဒီဆိုင်တွေမှာ ဖုန်းတလုံး ၅၀၀ ပေးပြီးတော့ အားသွင်းရတယ် ၊ မြို့ပေါ်မှာနေတဲ့ လူ သုံးပုံ ၊ တပုံခွဲကျော်လောက်က ထွက်ပြေးသွားကြပြီ ၊ အသွားအလာတွေ မရှိသလောက်ဖြစ်နေတယ် ၊ ခရီးသည်တင် လိုင်းကားတွေကတော့ ပြေးဆွဲနေတယ် ၊ လိုက်ပါမယ့် ခရီးသည်မရှိဘူး ” လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ် အခြေအနေ

ဗန်းမောက်မြို့နယ်ဟာ ကသာခရိုင်ထဲမှာပါဝင်ပြီး ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်မှာ တည်ရှိပြီး တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ် ။

ဗန်းမောက်မြို့နယ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတယောက်က ” ဗန်းမောက်မြို့ပေါ်မှာ အခုထိတော့ ပစ်ခတ်တိုက်ခိုက်တာတွေ မရှိသေးဘူး ၊ မြို့နယ်ထဲက ရွာတွေမှာတော့ တိုက်ပွဲတွေရှိတယ် ၊ နိုဝင်ဘာ ၁၁ ရက်က မြစ်သေးချင်းရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ စစ်တပ်ဘက်က အရာရှိ နှစ်ဦး အပါအဝင်ခုနှစ်ဦးထက်မနည်း ကျတယ် ၊ နောက်ပြီး သူတို့ လက်နက်တွေပါသွားတယ်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက သတင်းထုတ်ပြန်ထားတယ် ၊ အဲ့ဒီအပြင် ၁၀ ရက်နေ့ကလည် အနောက်တောရွာနားမှာ တိုက်ပွဲဖြစ်ပြီး သေနတ် သုံးလက်ရတယ်လို့ ဖော်ပြထားသေးတယ် ၊ဗန်းမောက်မြို့နယ်မှာ ရွှေလုပ်ငန်းရှင်တွေ အများအပြားရှိပြီး အဲ့ဒီ ရွှေလုပ်ငန်းတွေ ရပ်နားထားရတယ်၊ မြို့ကိုစွန့်ခွာသွားသူတွေ အများအပြားရှိတယ် ၊ မြို့ကြီးက နယ်ကလူတွေ အသွားအလာမရှိတော့ ခြောက်ကပ်နေတယ် ၊ မြို့ပေါ်မှာ ဒေသထွက် ကုန်စိမ်းတွေလောက်ပဲ အရောင်းအဝယ်ဖြစ်တယ် ၊ မန္တလေး ၊ မုံရွာဘက်က ကားတွေ အလာနည်းသွားတယ် ” လို့ ပြောပါတယ်။

အင်းတော်မြို့ အခြေအနေ

အင်းတော်မြို့ဒေသခံ တယောက်က ” အင်းတော်မြို့ထဲမှာ ပစ်တာ ခတ်တာ ဒီမနက်အထိ မရှိသေးဘူး ၊ ထီးချိုင့်နဲ့ အင်းတော်ကြားက ရွာတွေနဲ့ အင်းတော် ဗန်းမောက်ကြားက ရွာတွေမှာ ပစ်ခတ်တာတွေရှိတယ် ၊ မော်လူးက ပညာရေး ဝန်ထမ်း ၃၇ ယောက်နဲ့ မဲဇာဒေသက ဌာနဆိုင်ရာ ရုံးဝန်ထမ်း ၂၀ ကျော်၊ ဒေသတွင်း လက်နက်ကိုင်တွေက ဖမ်းထားတယ်လို့ သိရတယ် ၊ အင်းတော်နဲ့ ထီးချိုင့်ကြားက လမ်းတွေပိတ်ထားတယ် ၊ အင်းတော်မြို့မှာ ပြေးတဲ့သူတွေက ပြေးနေပြီ ၊ မန္တလေးဘက်ကို အဓိက ပြေးကြတာဖြစ်တယ် ၊ ကသာဘက်ကို ပြေးတဲ့သူ မရှိဘူး ၊ ကျန်တဲ့ ဝန်ထမ်းတွေကတော့ ရဲနဲ့ ထွေအုပ်လောက်ပဲရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ကောလင်းခရိုင်နဲ့ ထိစပ်နေတဲ့ ကျွန်းလှ ၊ ကန့်ဘလူ စတဲ့နေရာတွေနဲ့ ကလေးခရိုင် နဲ့ တမူးခရိုင်ထဲက နေရာတော်တော်များများမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW