စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတရဲ့တာဝန်တွေကို တောင်ကိုရီးယားလွှတ်တော်က ဆိုင်းငံ့လိုက်ပြီ

ဆိုးလ်၊ ဒီဇင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ တောင်ကိုရီးယား လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပါတယ်။
သူ့နေရာမှာ ဝန်ကြီးချုပ်က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး အခြေခံဥပဒေခံရုံးက လာမယ့်ခြောက်လအတွင်း စီရင်ချက် ချမှတ်မှာဖြစ်ပါတယ်။ ဒီနေ့ စွပ်စွဲပြစ်တင်မှုကို ပါလီမန်အမတ် ၂၀၄ ယောက် ထောက်ခံမဲပေးခဲ့တာဖြစ်ပါတယ်။
သမ္မတအပေါ် ပြီးခဲ့တဲ့ သီတင်းပတ်က စွပ်စွဲပြစ်တင်မှုဟာ ပွတ်ကာသီကာ ရှုံးနိမ့်သွားတာကြောင့် ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ယွန်းခ်ဆွတ်ခ်ယိုးလ်ကတော့ ရာထူးကဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချထားခဲ့ပါတယ်။
သူရာထူးကမဆင်းမချင်း စနေနေ့တိုင်း စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်းနေမယ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောဆိုထားပြီး အဆိုအောင်မြင်ဖို့အတွက် လွှတ်တော်အမတ်တွေရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှုရရှိဖို့လိုအပ်ပါတယ်။
ဒီနေ့ စွပ်စွဲပြစ်တင်မှုအောင်မြင်တာဟာ ပြည်သူတွေရဲ့အောင်ပွဲလို့ အတိုက်အခံပါတီခေါင်းဆောင်က ပြောပါတယ်။
တောင်ကိုရီးယားလွှတ်တော် အမတ် ၃၀၀ မှာ ထောက်ခံမှု ၂၀၀ ပြည့်ဖို့အတွက် အာဏာရပါတီက လွှတ်တော်အမတ်ရှစ်ယောက်ကပါ ထောက်ခံဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်နဲ့ အနီးကပ်မဟာမိတ်တွေဟာ ဖမ်းဆီးမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီး အများစုကိုတော့ နိုင်ငံတွင်းကနေ ထွက်ခွာခွင့် တားမြစ်ထားပါတယ်။
သမ္မတယွန်းဆွတ်ခ်ယိုးလ်ကတော့ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ပြည်သူတွေရဲ့ အဆင်မပြေမှုတွေအတွက် တောင်းပန်ထားပေမယ့် ဒီကိစ္စအပေါ် ကာကွယ်ပြောဆိုထားပြီး စွပ်စွဲပြစ်တင်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အဆုံးတိုင်ရင်ဆိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW