နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃
SP ( VOM)
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ကန်တိုက်နယ် စံပြကျေးရွာမှာရှိတဲ့ ကန်နယ်မြေရဲစခန်းကို ဒီမနက် အစောပိုင်း ၁ နာရီ ဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနက်အစောပိုင်း ၁ နာရီမှာ စတင်တိုက်ပွဲဖြစ်ပွားတယ် ၊ နှစ်ဘက် ပစ်ခတ်မှုတွေ ပြင်းထန်တယ် ၊ မနက် ၃ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ဘက်က လေယာဥ်တစီးလာပြီး ဗုံးနှစ်လုံးချသွားတယ် ၊ ကန်ရွာထဲက တောင်ပိုင်း အရှေ့ဘက်က ရွာအဝင်မှာနေတဲ့ ဦးကိုကြီးရဲ့ အိမ်ပေါ် ကျတယ် ၊ နေအိမ် အဆောက်ဦး တလုံး ပျက်စီးသွားတယ် ၊ ကန်ရွာထဲမှာ လူမနေတာ သုံးလရှိပြီဆိုတော့ လူကတော့ အသေအပျောက်မရှိဘူး ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ် ၊ ရွာထဲကို လူတွေပေးမဝင်တာကြောင့် အသေအပျောက် မသိရသေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာ ၃ ရက်မနက်အစောပိုင်းကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ရဲ့ တောင်ဘက်ခြမ်း ထီးလင်းမြို့နယ်နဲ့ ကြားမှာရှိတဲ့ မင်းရွာရဲကင်းစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းကျဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး ၊ အရှင် ၁၄ ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဂန့်ဂေါ – ကလေးကားလမ်းပေါ်က မြောက်ခင်ရန်း ပြည်သူ့စစ်ကျေးရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တဲ့အခါ ကိုးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့ခံတယောက်က ” ဂန့်ဂေါနယ်ထဲမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ် ၊ မင်းရွာ ရဲကင်းတိုက်ခံရပြီးနောက် တောင်ခင်ရန်း ရဲကင်းကိုလာတိုက်တယ် ၊ရဲတွေက တပ်ပေါင်းထားပြီး စခန်းကို ဆုတ်ခွာထားတာကြောင့် မြောက်ခင်ရန်းကို ဝင်တိုက်တယ် ၊ ဒီမနက်လည်း ကန်စခန်းကိုဝင်တိုက်တယ် နှစ်ဘက် ထိခိုက်ကျဆုံးမှုတော့ ရှိနိုင်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ဂန့်ဂေါမြို့နယ် ၊ ကျောမြို့နယ်ခွဲ ကန့်သတ်ကျေးရွာ စာသင်ကျောင်းမှာ တိုက်ခိုက်ခံရလို့ ပြည်သူ့စစ်တွေ သေဆုံးပြီး လက်နက်ခဲယမ်းတွေ ပါသွားခဲ့ပါသေးတယ်။
VOM Telegram Channel: https://t.me/VOMNEWS2023/3582
VOM Viber Channel: https://i3d.me/y9YCjQ
VOM Youtube Channel: https://i3d.me/VOMYOUTUBECHANNELVOM