သူတို့အိမ် အခန်း (၉၂)

ဆူးငှက်

ညွန့်ညွန့်စိန်၏ မင်္ဂလာသတင်း
————————————

၁၀တန်းအောင်သောကြောင့် မမခင်ရီဝယ်ပေးသည့် ရေဒီယိုလေးကို ကျွန်တော် စွဲလမ်းနေပါပြီ။ ကျွန်တော်က ဘာအစီအစဉ် ဘာကဏ္ဍကို စွဲလမ်းသည်ဟု သတ်သတ်မှတ်မှတ် မပြောနိုင်သော်လည်း နေ့လယ်နေ့ခင်းပိုင်း ရေဒီယိုကလာသည့် သီချင်းကို ကြားရလျှင် ဘာမှန်းမသိ အလွမ်းရသတခုလိုခံစားနေရသည်။ သည်အလွမ်းက ဆို့နစ်သော အလွမ်းမဟုတ်၊ ချိုမြသော အလွမ်းဟုပြောရမည်။ ထိုအလွမ်းနှင့် ကြည်နူးနှစ်သက်မှုက ထပ်တူထပ်မျှ ဖြစ်နေ၏။

နေ့ခင်းပိုင်း တိတ်ဆိတ်ငြိမ်သက်နေချိန် ရေဒီယိုလေးက ခင်သစ်လွင်ရဲ့ ပန်းရည်ဘဏ်တိုက် ဖြစ်စေ၊ ညွန့်ညွန့်စိန်ရဲ့ မင်္ဂလာသတင်း ဖြစ်စေ၊ ချိုမာလေး ရဲ့ မိုးယံမှသည် ချစ်သူဆီသို့ ဖြစ်စေ၊ ကိုတင်အောင်လေး ရဲ့ ချယ်ရီဘုရင်မလေး ဖြစ်စေကြားလိုက်ရလျှင် အတော်လူဖြစ်ကျိုးနပ်လှချည့်ဟု မျက်ရည်ဝေ့ကာ ကြည်နူးရသည်။

ထို့ပြင် ရီရီသန့်၏ ဇေယျာကမ်းအလှပန်းချီကို ရေဒီယိုက ကြားရလျှင်မူ စောစောက သီချင်းတွေလို တမြေ့မြေ့ မဟုတ်ဘဲ ရည်းစားက ချိန်းသည့်နေရာအနား ရောက်ခါနီး ရင်ခုန်ရသလိုမျိုး ခံစားရသည်။ အကယ်၍များ ရေဒီယိုအသီအစဉ်မှာ ဇေယျာကမ်းအလှပန်းချီ သီချင်းပါလျှင် ထမင်းကြို စားထားတာ၊ ရေဒီယိုဓာတ်ခဲ ကောင်းမကောင်း စစ်ထားရတာနှင့် သူ့ကို စောင့်ရတော့သည်။ ဒီလိုလေ.. ဖရက်ရှာဝဲလ်ကမ်းနေ့က ကျွန်တော့်ရှေ့ ၂ယောက်ကျော်က မေဂျာတူ တယောက်ကို မြင်လိုက်တာနှင့် ရင်ခုန်မိတော့သည်ဟု ပြောတာ မှတ်မိမှာပေါ့။ အပြာရင့်ခံပေါ် love ဆိုတဲ့ စာလုံးလေးတွေ ကျဲပက်ထားတဲ့ ဒီဇိုင်း အနွေးထည်လေးနဲ့လေ။ သူ… သူ… သူက စစ်ကိုင်းကတဲ့။ ကဲ.. အဲ့ဒါနဲ့ ဇေယျာကမ်းအလှပန်းချီကို ကြိုက်တာ.. ။ ဒါက ရေဒီယိုလေးနဲ့ ပတ်သက်ပြီး ရသပိုင်းပေါ့။

သုတပိုင်းအနေနဲ့ ည ၇နာရီ နိုင်ငံခြားသတင်းနဲ့ ၈နာရီ ပြည်တွင်းသတင်း၊ ကြာသပတေးနေ့ ဘီဘီစီ က မြန်မာ့ရေးရာ။ နောက် မီတာ ၆၀။ မီတာ ၆၀ကို အစက မသိ။ ဘီဘီစီကလွဲရင် ဗီအိုအေ၊ အောလ်အင်ဒီယား၊ ပီကင်းအသံတွေပဲ သိသည်။ နောက် မုံရွာသွားတော့ ငွေငန်းရက်ကန်းရုံက ဦးကြီးအောင်ဘော်ရော ဒေါ်ဒေါ်သန်းပါ မြန်မာပြည်၏ စစ်ရေး နိုင်ငံရေးလျှို့လျှို့ဝှက်ဝှက်တွေကို သိနေ၏။ သူတို့ မောင်နှံက ဘီဘီစီနှင် မီတာ ၆၀ကို မလွတ်တမ်း နားထောင်ကြတယ်ဟု ပြောမှ ကျွန်တော်လည်း မီတာ ၆၀ကို ရှာဖွေ တွေ့ရှိခြင်း ဖြစ်သည်။

စတွေ့စဉ်ကတော့ ကြည်ကြည်လင်လင် ပီပီသသ၊ နောက်တော့ အနှောင့်အယှက်ပေါင်းစုံကြောင့် ရေဒီယို tuning ခလုတ်ကို အသက် မရှုဝံ့အောင် ထိန်းကစားရင်း စပီကာနားကပ်၍ ခက်ခက်ခဲခဲ နားထောင်ရသည်။ ဒီမှာတင် သိုသိုသိပ်သိပ်သတင်းတွေကို ကြိုသိလာတော့သည်။ ထို့ကြောင့် ဘီဘီစီနှင့် မီတာ ၆၀ ကို နားထောင်ဖြစ်ပါများတော့ မီတာ ၆၀ က သီချင်းတစ်ပုဒ်သည်ပင် အလွတ်ရကာ အမြဲငြီးဖြစ်နေတော့သည်။
………………
အင်အားကြီးတဲ့ ဒို့များစစ်သည်
သံမဏိဇွဲ ရဲသွေးဆောင်သည်၊
မတစ်ထောင် တစ်ကောင်ဖွားမှီ
တောတောင်မြစ်ချောင်း မိုးရေထဲဆီ
ချီတက်လို့ တိုက်ခဲ့သည်၊
ရန်သူကို လှံစွပ်ထိုးကာ တဟုတ်ထိုးတိုက်ခဲ့သည်၊
ကျွန်တော်က ရေဒီယိုကို နားနားကပ်ပြီး နားထေင်နေတာ မြင်ဖန်များ တော့ အဘနှင့် အစ်ကိုဝမ်းကွဲများက အစိုးရလည်းမကောင်းဘူးကွ၊ တောထဲကလူတွေကလည်းမကောင်းဘူး ၊ နားသွားမယောင်နဲ့ဟု ပြောလေ့ရှိသည်။ ဤသို့ဖြင့် မတ်လ ၂၃ရက်က ထူးလိမ့်မည်ဆိုတာ ကျွန်တော် ယုံကြည်ပါသည်။

ထိုနေ့၊ နွေနေ နွေလေနှင့်အတူ
———————————-

တပေါင်းလပြည့်ကျော်ပြီမို့ နေအပူက နံနက်ခင်းမှာပဲ အစွမ်းပြ မင်းမူနေချေပြီ။ အကာအကွယ်မဲ့ တိုက်ခတ်လာသော တောင်လေဦးက ဗိုလ်ရရွာလယ်ကွင်းတွေဆီက ရိုးပြတ်ရနံံ့ကို သယ်ဆောင်လာ၏။ အဆောင် ဝါးကပ်တဲဘေး တမာပင်ပေါ်က ရွက်ဝါတချို့ကတော့ နွေဦးကို ကျောခင်းဖို့ အပင်ပေါ်က တဖြုတ်ဖြုတ် ခုန်ဆင်းလာကြပြီ။ ရွှေပြည်အေးအဆောင် ကင်တင်း ဘက်ဆီက ရေဒီယိုသံ သဲ့သဲ့ကတော့ ရိုးပြတ်လေနှင့်အတူ ပျင်းတိပျင်းတွဲ လိုက်ပါလာပြန်၏။ ဒီနေ့ အဆောင်ဝါးကပ်တဲထဲက အတန်းမှာ သိသိသာသာ အတန်းသားတွေ လျော့နည်းနေသည်။ သည်အချိန်ဆို တရုန်းရုန်းနှင့် စုစုဝေးဝေး ရယ်လား မောလား သွားလာနေကြသော သစ္စာလမ်းမပေါ်မှာပင် အသံဆိတ်နေသည်။

မြန်မာစာဆရာကလည်း အတန်းထဲမှာ လူနည်းနေလို့မျှသာ မဟုတ်၊ ဒီကနေ့အတွက် သူ့သင်ခန်းစာထဲမှာပင် စိတ်မပါနေတာ သိသာသည်။ ဒွေးချိုး၊ လေးချိုး သင်ခန်းစာကို သင်ကြားနေရသည်မှာပင် ဆရာ့မှာ နောက်ကျောမလုံသလို ခံစားနေရပုံရ၏။ သင်ကြာနေသော လေးချိုးကဗျာထဲက ခက်ဆစ်အဓိပ္ပာယ်ကို ရှင်းရင်း တက်ကြွစိတ်ပါမှုတွေ ထိုးကျသွားပုံရ၏။ ထို့နောက် ဆရာက ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။ စာအုပ်ကို ပိတ်လိုက်ကာ တိုက်ပုံအင်္ကျီအိတ်ထဲက လက်ကိုင်ပဝါကို ထုတ်၍ အဆီပြန်စပြုနေသော မျက်နှာကို သုတ်သည်။ “ကိုင်း နောက်မှ ဆက်ကြတာပေါ့” ဟု ပြောပြောဆိုဆို အတန်းထဲက ထွက်သည်။ ဆရာ့အမူအရာက ပုံမှန်ထက် ခပ်သုတ်သုတ် သဘောဆောင်နေသည်။ အခါတိုင်းဆိုလျှင် အတန်းထဲက ဆရာထွက်သွားလို့မှ အတန်းဘေး ကော်ရစ်ဒါရှိသေး အတန်းထဲမှာ ပွက်လောညံလေ့ရှိသော်လည်း ဒီကနေ့တော့ တိတ်ဆိတ်ကျန်ရစ်ခဲ့၏။ ခပ်ကဲကဲ ကျောင်းသူအုပ်စုကပဲ နေကြာ စေ့လှော်ထုပ်တွေ ထုတ်ပြီး စီခနဲ အသံထွက်သွား၏။ ဒါပေမဲ့ သူတို့အသံကလည်း ရုတ်ခြည်း တိုးသွားသည်။

အတန်းထဲရှိသူအားလုံး အသံတစ်သံကြောင့် ထိုအသံဆီ အာရုံစိုက်သွားကြသည်။ ကျွန်တော်က ဘေးမှာ တင်ထား သော လွယ်အိတ်ကို ယူပြီး အတန်းအပြင်ထွက်ဖို့ မတ်တတ်ရပ်သည်။ ကျွန်တော့ဘေးအတူထိုင်သည့် ကျော်ရွှေကလည်း လွယ်အိတ်လွယ်သည်။ ကျောင်းထဲက လမ်းတွေပေါ် စာသင်ခန်းတွေထဲ မကျန်သလောက် ကျောင်းသူကျောင်းသားတွေ မရှိတော့သော် လည်း မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ ပင်မဆောင်ကြီးရှေ့ ဆင်ဝင်အောက်မှာ၊ လှေကားထစ်တွေပေါ်မှာ၊ ရှေ့က လမ်းပေါ်မှာ ကျောင်းသူကျောင်းသားတွေ စုရုံးရောက်ရှိနေကြသည်။ မနက်စောစောကတည်းက ဆင်ဝင်တိုင်လုံးကြီးတွေ အခြေ အုတ်ခုံမှာ တစ်ယောက်ချင်း စုရုံးရောက်ရှိလာသူများကို ကျွန်တော် မသိမသာ အကဲခတ်ကြည့်ပြီး လူပုံဟန်ပန်နှင့် မျက်နှာစိမ်းတချို့ တွေ့ကတည်းက ဒီကနေ့အဖို့ ထူးပြီဟု ကျွန်တော့်စိတ်က ထင်သည့်အတိုင်း အခုမှန်နေပြီ။ အဲဒီ သူတို့တစ်တွေနှင့် ကျောင်းက စီနီယာအစ်ကိုကြီးတွေ ခေါင်းချင်းဆိုင်နေကြပြီ။

ခဏနေတော့ လွယ်အိတ်ထဲ ဆွဲထုတ်ပြီး ဖြန့်ကိုင်လိုက်တာက အနံတစ်ကိုက် နှင့် အလျား လေးကိုက် လောက်ရှိပြီး မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဟူသော လက်ရေးစာလုံးကြီးပါသည့် ပိတ်စ ဆိုင်းဘုတ်ကြီး ဖြစ်၏။ ကျွန်တော့်နဖူးဆီမှ ချွေးတွေ စီးကျထွက်လာလောက်အောင် ရင်ခုန်စိတ်လှုပ်ရှားသွားသည်။ ကျွန်တော် က အနားမှာရှိသော ကျော်ရွှေ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ဖျားတွေလည်း အေးစက်လို့။ ကျော်ရွှေက ကျွန်တော့် နား ကပ်ပြီး အသံတိုးတိုးဖြင့် –

“မြောက်ကျောင်းက ကျောင်းသားတွေ မနက်ကတည်းက ရောက်နေတာကွ၊ ဟောဟို တိုက်ပုံနဲ့လူက မြောက်ကျောင်းက ဆေးကျောင်းသား၊ သူက မုံရွာသား” ဟု ပြောသည်။

မိန်းရှေ့ ကွက်လပ်ကြီးမှာ ကျောင်းသားတွေ များသထက် များလာပြီး အသံတွေက ဆူညံနေသည်။ ခပ်လှမ်းလှမ်းက အဝင်ပေါက် သံတံခါးကြီးကို တဂျောင်းဂျောင်း ဆွဲပိတ်သံ ကြားရ၏။ တချို့က စိုးရိမ်တကြီး လှမ်းကြည့်သည်။ ‘အကုန်မပိတ်နဲ့၊ ထွက်ချင်သူ ထွက်ရအောင် တစ်ခြမ်းပဲ ဖွင့်ထား၊ အပြင်လူတွေ အဝင်မှာ ကျောင်းသားမဟုတ်ရင် အဝင်မခံနဲ့’ဟူသော အော်ဟစ်သံများလည်း ကြားရသည်။ ကျွန်တော့်ရင်တွေ ခုန်သထက် ခုန်လာသည်။ စာမျက်နှာတွေထဲမှာသာ တရှိုက်မတ်မတ် ဖတ်ခဲ့၊ ခံစားခဲ့ရသော မြင်ကွင်ေးတွက ယခု ကိုယ့်မျက်စိအောက်မှာ ဒုတ်ဒုတ်ထိ မြင်တွေ့ခံစားရတော့ မျက်ရည်တွေလည် ကာ ရင်တွေ ခုန်လာသည်။ ခဏနေတော့ ဂျီအော်လော်ဂျီ အဆောင်ဘေး ဝါးရုံပင်မှ ဝါးလုံးဖြောင့်ဖြောင့်ရှည်ရှည်တွေ ခုတ်ယူ လာကြပြီး ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်ကြီးကို ဝါးလုံးနှစ်လုံးမှာ ချည်နှောင်လိုက်၏။ ကျန်ဝါးလုံးတစ်လုံးမှာလည်း အိတ်ထဲ က ထုတ်ယူလိုက်သည့် အနီရောင်ရဲရဲ ပိတ်စတစ်စကို ချည်နှောင်လိုက်ကြပြီးနောက် ဝါးလုံးကို ထောင်မတ်လိုက်ကြ၏။ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားတော့သည်။ ကျော်ရွှေက ကျွန်တော့်လက်ကို ဖျစ်ညှစ်လိုက်ပြန်သည်။

အနီခံတွင် နှောင်ကြိုးကျော့ကွင်းမှ ထိုးဖောက်ထွက်နေသော ခွပ်ဒေါင်းအလံ။ ထုနှင့်ထည်နှင့် ခံ့ညားအားကောင်း ဖြောင့်စင်းသော တက္ကသိုလ်ပင်မဆောင်၏ တိုင်လုံးကြီးတွေနောက်ခံမှာ ခွပ်ဒေါင်းအလံက ရဲရဲတောက် လွင့်ပျံလာ၏။ ကျောင်းသားထု၏ လက်ခုပ်သြဘာသံ၊ လက်ခေါက်မှုတ်သံ၊ ညာသံပေးသံတို့ ဘဝဂ်ညံသွားသည်။

သမိုင်းမဟာတကွေ့တဲ့
————————-

ကျွန်တော့်မြင်ကွင်း တွေ ဝေဝါးသွားသည်။ ရင်ထဲက တွန်းပို့လိုက်သော အရှိန်ကြောင့် မျက်ရည်တွေ တာကျိုးသွားပါပကော၊ လချီ၍ နှလုံးသားမှာ ကမ္ပည်းထိုးခဲ့သော စကားလုံးတွေ နှုတ်ဖျားက ပွင့်အန်ထွက်လာ၏။

“သမိုင်းမဟာတကွေ့
မှိုင်းရှာပြည့်ကိုလ
ကိုင်း … လာဟေ့ သွားရအောင်” တဲ့။

လေးစားချစ်ခင်ရပါသော ကဗျာဆရာ ‘တင်မိုး’၏ သခင်ကိုယ်တော်မှိုင်း ရာပြည့်လေးချိုးကြီးထဲက သံမဏိ စကားလုံးတွေပဲ ဖြစ်ပါသည။်

ပင်မဆောင်၏ ဆင်ဝင်အောက်နှင့် လှေကားထစ်တွေပေါ် ကျောင်းသားတွေ၊ ကျောင်းသူတွေ များသထက် များလာ ၏။ ကျောင်းသားသမဂ္ဂဆိုင်းဘုတ်ကြီးက လှိုင်းထနေသည်။ ရဲရဲနီ ခွပ်ဒေါင်းအလံက မာန်ဝင့်လွင့်ပျံနေ၏။

ကျွန်တော်က ကျော်ရွှေကို –

“ငါတို့ စက်ဘီးတွေ တံခါးမပိတ်ခင် စက်ဘီးစတင်းက ယူပြီး မြိုင်သာယာခြံထဲ သွားထားတာ ကောင်းမယ်ထင်တယ်” ဟု ပြောတော့ ကျော်ရွှေက သဘောတူသည်။ မြိုင်သာယာခြံဟူသည် ၂၁ အ. ထ. က က ဆရာမဒေါ်လှလှသန်းတို့ ခြံဖြစ်သည်။ ၇၃လမ်း ပေါ် မွတ်စလင်ရိပ်သာမြောက်ဘက် ကပ်ရက်ဖြစ်သည်။ ထို့ကြောင့် ပင်မဆောင်အနောက်ဘက်ရှိ စက်ဘီးစတင်းက စက်ဘီး တွေ ယူပြီး တစ်ပြန်ခန့်သာဝေးသည့် မြိုင်သာယာခြံသို့ သွားကြသည်။ တစ်ချပ်သာ ဖွင့်ထားသော သံတံခါးက ဝင်လာသူများ ကြား တိုးဝှေ့ပြီး စက်ဘီးကို တွန်းထုတ်တော့ အပေါက်စောင့်ကျောင်းသားကြီးတွေက

“ညီလေးတို့ အပြီးပြန်ကြတာလား”ဟု မေးတော့ –
“မဟုတ်ဘူး၊ စက်ဘီးတွေ သွားထားပြီး ချက်ချင်း ပြန်လာခဲ့မယ်”
ဟု ပြန်ဖြေရသည်။
“အေး အေး၊ မြန်မြန်ပြန်လာခဲ့၊ အစ်ကိုတို့ တံခါးပိတ်တော့မှာ”
ဟု မှာလိုက်၏။

၁၉၃၆ခု သပိတ်မှောက် ကျောင်းသူကြီး၏ ကရုဏာ
———————————————————–

၇၃လမ်းမကြီးပေါ်မှာ၊ ဗောဓိကုန်းအဆောင်တွေမှာ ရှိနေသည့် ကျောင်းသူ၊ ကျောင်းသားတွေ ထွက်လာကြပြီး ကျောင်းထဲသို့ ဦးတည်နေကြသည်။ မြိုင်သာယာခြံသို့ ရောက်တော့ ဆရာဦးရဲညွန့်နှင့်ဆရာမဒေါ်လှလှသန်းတို့ ဇနီးမောင်နှံ မြို့ထဲသို့ သွားကြ၍ ခြံမှာ အသက် ၆၀ ကျော်အရွယ် အမေကြီးတစ်ဦး စောင့်နေသည်။ ကျွန်တော်တို့ ခြံထဲဝင်ပြီး “ဆရာမ တပည့်တွေပါ၊ စက်ဘီးတွေ ထားခဲ့ချင် လို့” ဟု ပြောတော့ “အေးအေး စိတ်ချလက်ချ ထားခဲ့၊ အမေ ရှိတယ်၊ မင်းတို့ဆရာမက မြို့ထဲ သွားတယ်၊ အခု ကျောင်းသားတွေ အတော်များပြီလား၊ အေး အေး ဂရုစိုက်ကြ၊ သတိထားကြ၊ အန္တရာယ်ကင်း ဘေးရှင်းကြပါစေကွယ်” ဟု ဆုတောင်းပြီး ကျွန်တော်တို့ကို ခြံဝအထိ လိုက်ပို့ကာ စိုးရိမ်မကင်း စိတ်မချသော အမူအရာဖြင့် ခြံတံခါးလေး ကိုင်ကာ မျှော်ကြည့်ရင်း ကျန်ရစ်ခဲ့သည်။

နောက်မှသိရတာက ဆရာမအမျိုးသားဦးရဲညွန့်၏ အဒေါ်လည်း တော်သူ၊ မွေးစားမိခင်လည်း ဖြစ်သူ ဆရာမကြီး အမ်အေ ဒေါ်အုန်းတဲ့လေ။ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်မှာ ပါဝင်ဆင်နွှဲခဲ့သူတစ်ဦး လည်း ဖြစ်ပြီး စစ်ကြီးအပြီး မန္တလေးဥပစာကောလိပ်ကို လက်ရှိနေရာတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အဓိက ပါဝင် ဆောင်ရွက်ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။

မြိုင်သာယာမှာ စက်ဘီးတွေ ထားခဲ့ပြီး ကျောင်းထဲက ပင်မဆောင်ရှေ့သို့ တိုးတိုးဝှေ့ဝှေ့ ပြန်လည် ရောက်ရှိြပ်ီးချိန် တွင် ကျောင်းတံခါးကြီး ပိတ်လိုက်သည်။ ကျွန်တော်တို့ မရှိစဉ် ခဏမှာပင် “သခင်ကိုယ်တော်မှိုင်း ရာပြည့်”ဟူသော ဆိုင်းဘုတ် တစ်ခုပင် တိုးလာချေပြီ။ “ပြည်တွင်းစစ် ရပ်စဲရေး”၊ “ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး”၊ “နိုင်ငံရေးပြဿနာများကို လက်နက်နှင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေး”ဟူသော ကြွေးကြော်သံများနှင့် “အရေးတော်ပုံ အောင်ရမည်” ဟူသော ကြွေးကြော်သံများတိုင်ကာ ကျောင်းသားတချို့က ကျောင်းဝင်းအတွင်းရှိ ရွှေမန်း၊ သစ္စာ၊ မြတမာ၊ ရွှေပြည်အေး၊ ရတနာပုံ စသည့် အဆောင်များဘက် လူစုလူဝေးနှင့် ခွပ်ဒေါင်းအလံ တလူလူ လွှင့်ကာ အဆောင်တွင်း ပိတ်မိနေကြသော ကျောင်းသူ၊ ကျောင်းသားတွေကို အဆောင်တံခါးဖွင့်ပြီး ပူးပေါင်းနိုင်ဖို့ စည်းရုံးကြသည်။

ခဏနေတော့ ပထဝီဌာနနှင့် စိတ်ပညာဌာနဘက်ဆီက ကျောင်းသားအုပ်ကြီးတစ်အုပ် ပြိုဆင်းလာ၏။ ရှေ့ဆုံးမှ ကျောင်းသားက –

“အစိုးရရဲ့ စုံထောက်တစ်ယောက်က ခိုးဝင်လာပြီး ဓာတ်ပုံရိုက်တယ်၊ လူမိသွားတော့ ရေမြောင်းကျော်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားပြီ၊ သူ့ခါးကြားက ကျကျန်ရစ်ခဲ့တဲ့ ကျည်ဆန်တွေပါ၊ အစိုးရက ကျောင်းသားတွေကို လက်နက် နဲ့ ပစ်ခတ်ဖြိုခွင်းဖို့ ကြံနေပါပြီ” ဟု ရင်ဖွင့်ကာ လက်ထဲက ကျည်ဆန်တောင့်တွေ ပြသည်။

ပင်မဆောင်၏ ဆင်ဝင်အောက်မှာ ပါမောက္ခချုပ်လည်း ရောက်လာပြီဖြစ်သည်။ ကျောင်းသားတွေကို “ဖြစ်ချင်တာ ပြောပါ၊ အေးအေးချမ်းချမ်း ညှိနှိုင်းပြောဆိုပေးပါ့မယ်”ဟု တွင်တွင် ပြောနေ၏။ အသားဖြူသော ပါမောက္ခချုပ်၏ မျက်နှာမှာ သွေးရောင်ဖြင့် နီမြန်းနေသည်။ ပိနေအောင် ဖြီးထားသည့် ဆံပင် အောက်က နဖူးမှာ ချွေးများပင် စီးနေသည်။ ကြယ်သီးအစုံ ရင်စေ့တပ်ကာ ဝတ်လေ့ရှိသည့် တိုက်ပုံနှင့်၊ ပုဆိုးနှင့်၊ ကတ္တီပါ ဖိနပ်နှင့် ပါမောက္ခချုပ်မှာ လက်ကလေး တပြပြနှင့် ကျောင်းသားတွေကို နှစ်သိမ့်နေသည်။ ကျောင်းသားတွေက စောစောက ဓာတ်ပုံခိုးရိုက်ပြီး ထွက်ပြေးသွားသူ စစ်စုံထောက် ကျကျန်ရစ်သည့် ကျည်ဆန်တောင့်တွေ ပြပြီး –

“ဆရာကြီး သူတို့ ကျောင်းသားတွေကို မဖမ်းပါဘူး၊ လက်နက်နဲ့ မဖြိုခွင်းပါဘူးလို့ တာဝန်ယူပေးမှာလား”ဟူသော မေးခွန်းအပေါ် အကျပ်အတည်းဖြစ်ကာ “အေးအေးဆေးဆေး လူစုခွဲပြီး အိမ်ပြန်ကြပါ ကွယ်” ဟုလောက်သာ ပြောကာ ရုံးခန်းထဲ ပြန်ဝင်သွားသည်။ “ကိုင်း … အားလုံး စနစ်တကျ တန်းစီပါ၊ ဘာလက်နက်မှ မပါပါစေနဲ့၊ ဦးဆောင်တဲ့ ကျောင်းသားကြီးများရဲ့ အစီအမံကို နာခံပါ၊ သတ်မှတ်ထားတဲ့ ကြွေးကြော်သံပဲ ညီညီညာညာ တိုင်ပါ၊ အစိုးရရဲ့ ဖြိုခွင်းမှုကို ကြုံရမယ်၊ မိမိဆန္ဒနဲ့ ဆုံးဖြတ်ပြီးမှ လိုက်ပါ၊ ဘယ်သူ့မှ အဓမ္မ မခေါ်ပါဘူး” ဟု ကြေညာပြီး မန္တလေးမြို့ထဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ မန္တလေးတက္ကသိုလ် ပင်မဆောင်ရိပ်မှတစ်ဆင့် မင်္ဂလာလမ်း (ဝါ) ၇၃လမ်းမကြီးအတိုင်း မြို့ထဲသို့ ထွက်ခွာခဲ့ကြပါတော့သည်။

တပ်ဦးထိပ်မှာ အနီရောင် ခွပ်ဒေါင်းအလံကြီးက တလူလူ။
မင်္ဂလာလမ်းမှသည် မြို့ထဲဆီ
———————————-

ကျောင်းပေါက်က အထွက် ဗောဓိကုန်းအရပ်၌ပင် ၇၃လမ်း-မင်္ဂလာလမ်းမကြီးပေါ် ဆန္ဒပြ ကျောင်းသာေးတွကို ထွက် ကြိုသော ပရိသတ်ဖြင့် ပြည့်ကျပ်သွားသည်။ ကြွေးကြော်သံ စာရွက်လေးတွေ အသင့်ဝေငှထားပြီမို့ တက်ကြွသောအသံများ ဖြင့် ကြွေးကြော်သံတွေ အားပါးတရ တိုင်ကြသည်။ အေလမ်းထိပ် ရောက်တော့ ဘယ်ချိုးပြီး အနောက်ဆင်းကြမည်။ ၇၃လမ်း က အေလမ်းအချိုးလမ်းဆုံထောင့်မှာ လူအုပ်က ပိုများလာ၏။ တပ်ဦးက ခွပ်ဒေါင်းအလံ ရဲရဲနီတို့က မတ်လ၏ ကောင်းကင်ယံ မှာ လွင့်ပျံနေသည်။ ကျွန်တောတို့သည် ကြွေးကြော်သံတွေ တိုင်ရင်း၊ မိုးယံထက် လွင့်ပျံငွားစွင့်နေသော ခွပ်ဒေါင်းအလံတွေ မော်ကြည့်ရင်း တက်ကြွရဲရင့်နေကြ၏။ ကျွန်တော်နှင့် ကျော်ရွှေက တန်းစီကာ ချီတက်နေကြသည့် ရှေ့က ကျောင်းသားကြီး တွေကြား တိုးဝှေ့ရင်း ရှေ့ဆုံးက ဆိုင်းဘုတ်တွေနှင့် အလံတွေနားထိ ရောက်သွားသည်။ ရှေ့မှာ ဆိုင်းဘုတ်ကိုင်၊ အလံကိုင် ကြသူတွေက ကိုယ်နှင့် မတိမ်းမယိမ်း အရွယ်တွေပါလား၊ ကျောင်းသားကြီးတွေချည်း မှတ်ခဲ့တာလေ။ မဟုတ်။

“ကျောင်းသားသမဂ္ဂ”ဟူသော ဆိုင်းဘုတ်ကိုင်သူတစ်ဦးဆိုလျှင် အထက်တန်းကျောင်းသားအရွယ်၊ ကျောင်းစိမ်း လုံချည်နှင့် ကျောင်းလွယ်အိတ်စလွယ်သိုင်းနှင့် ဖြစ်သည်။ ၃၅ အေလမ်းတစ်လျှောက် ပရိဘောဂတွေ ပြုလုပ်ရောင်းချသော အိမ်တွေ က ကျောင်းသားတွေအတွက် သောက်ရေအိုးတွေ ထုတ်လာသလို ရေခဲရေပုံးတွေပင် တည်ခင်းလာကြသည်။ တချို့က ရေခဲ ချောင်းကဲ့သို့သော အမောပြေစားသောက်စရာတွေ ကမ်းကြ၏။ အေလမ်းအတိုင်း မျက်ပါးရပ် မီးရထားဂိတ်ကို ကျော်ပြီး လမ်း ၈၀ ရောက်မှ ညာဘက်ချိုးကာ လဖုန်းကျောင်း (အ.ထ.က ၁၄) ရှေ့တွင် အနားရှိ အိမ်တစ်အိမ်မှ စားပွဲတစ်လုံး ငှားပြီး ခေါင်းဆောင်ကျောင်းသားကြီးတွေက တရားဟောသည်။

လဖုန်းကျောင်းရှေ့ မရောက်မီ အေလမ်းပေါ်မှာကတည်းက ကြိုတင်ဝေငှထားသော ကြွေးကြော်သံပါ “ပြည်တွင်း ငြိမ်းချမ်းရေး”၊ “ပြဿနာများကို လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရေး”၊ “ကုန်ဈေးနှုန်း ကျဆင်းရေး”၊ “ရာထူးမှ ထုတ်ပယ်ခြင်းခံရသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်ဦးအား ပြန်လည်ခန့်ထားရေး” ဟူသော အချက် တစ်ချက် တိုးလာတာ သတိထားမိသည်။ လဖုန်းကျောင်းရှေ့ လမ်း ၈၀ပေါ်မှာ ဟောပြောပြီးနောက် ဆက်လက်၍ ချီတက်ကြ တော့ မတ်လ၏ နေပူရှိန်က အစွမ်းပြလာသည်။ ထို့ကြောင့် အင်္ကျီများ ချွတ်ပြီး ခေါင်းပေါင်းရုံမက ရုပ်တွေ မမှတ်အောင် မျက်လုံးပဲ ဖော်ပြီး မျက်နှာကိုပါ ရစ်သိုင်းထားကြသည်။ ကျွန်တော်က အောက်ခံ စွပ်ကျယ်ကိုပဲ ချွတ်ပြီး ခေါင်းနှင့်မျက်နှာကို စွပ်ထားလိုက်သည်။

လမ်း ၈၀ တရုတ်တန်းလမ်းမကြီးအတိုင်း ခွပ်ဒေါင်းအလံတွေ လွင့်ပျံကာ ကြွေးကြော်သံတွေ မိုးလုံးညံနေပြီ။ ကျုံး ထောင့် မစိုးရိမ်မီးပွိုင့်မှာ ခဏနားပြီး ၂၆ဘီလမ်း၊ အာဇာနည်လမ်းမကြီးအတိုင်း အနောက်ဆင်း၏။ မြို့လယ်ရပ်ကွက်မို့ အားပေးသူ ပရိသတ် ပိုများလာသည်။

အာဇာနည်လမ်းမကြီးပေါ်တွင် ဆန္ဒပြကျောင်းသားများ၏ ကြွေးကြော်သံများ ဘဝဂ်ညံနေသလောက် ပတ်ဝန်းကျင် ရပ်ကွက်များက ငြိမ်သက်တိတ်ဆိတ်နေကြပုံရသည်။ အများစုက လမ်းမကြီးဘေးမှ ကျောင်းသားတွေကို အားပေးဖို့ စုရုံး ရောက်ရှိလာကြသော်လည်း အိမ်ရှိ ကျန်ရစ်သူတွေက စိုးရိမ်ကြောက်ရွံ့စိတ်များဖြင့် နှုတ်ဆိတ်ငြိမ်သက် စိတ်လှုပ်ရှား ရင်ခုန် နေကြပုံရသည်။ တစ်ခါတစ်ရံ မောင်းနှင် ဖြတ်သန်းသွားသော ဘီအက်စ်အေ ဆိုင်ကယ်ကြီးများ၏ အင်ဂျင်သံမှအပ လမ်းပေါ် တွေမှာ ယာဉ်အသွားအလာ မရှိသလောက် ဖြစ်သွား၏။ စက်ဘီးတွေနှင့်လာ၍ အားပေးသူများပင်လျှင် ဘဲလ်သံမပေးဘဲ ရှောင်တိမ်းတိုးဝှေ့စီးနင်းနေကြသည်။ ကျောင်းသားတွေက နာရီစင်မရောက်မီ ကာတစ်တိုက်ရှေ့မှာ တစ်ခါနားကာ တရား ဟောသည်။

ထို့နောက် ဘယ်သို့ချိုး၍ ဈေးချိုတော်ရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်၌ ရပ်နားလိုက်ကြသည်။ ထို့နောက် ဘတ်စ် ကားတစ်စီး ခေါင်မိုးပေါ်တက်၍ ကျောင်းသားခေါင်းဆောင်များက တရားဟော၏။ ဈေးချိုတော်သည် အစဉ်အလာရှိသည့် အတိုင်း တစ်ဈေးလုံး ထွက်လာကာ ကျောင်းသားတွေကို အားပေးသည်။ ကျောင်းသားတွေ တရားဟောနေစဉ်ပင် ရုတ်ခြည်း ပေါ်လာသည့် ဆိုင်ကယ်သံ၊ ကားသံတွေကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သော်လည်း အချိန်မီ ထိန်းသိမ်းနိုင်၏။ သေချာသည်မှာ ဆန္ဒပြကျောင်းသားထုနှင့် တစ်ပြအကွာမှာ စစ်ကားတွေ၊ ရဲဝိုင်ယာလက်တွေ၊ စစ်စုံထောက်၊ ရဲစုံထောက် ဆိုင်ကယ်တွေ မောင်းနှင်စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ ဒါကိုလည်း အထောက်တော် များထံမှ ကျောင်းသားများ သတင်းရထား၏။

ဈေးချိုတော်မှာပဲ “မြစ်ငယ်မီးရထားစက်ရုံက အလုပ်သမား ရဲဘော်များက ကျောင်းသားများရဲ့ တောင်းဆိုချက်တွေ ကို ထောက်ခံကြောင်းနှင့် ပူးပေါင်းပါဝင်နိုင်ရန် စီစဉ်အားထုတ်ပါကြောင်း”ဆိုတဲ့ သတင်းတွေ ရောက်လာလို့ ကတ္တရာလမ်း ပူပူပေါ် ထိုင်ပြီး မိန့်ခွန်းနားထောင်နေတဲ့ ကျောင်းသားထုကြီးက ရုတ်ခြည်း မတ်တတ်ရပ်၍ ကြွေးကြော်သံများကို တက်ကြွစွာ တိုင်လိုက်ကြတော့သည် ။ဈေးချိုမှာပဲ ပရိသတ် ပိုမိုများပြားအားပေးလာသကဲ့သို့ လမ်းစဉ်လူငယ် အမာခံသတင်းပေး အတော် များများလည်း ပရိသတ်ကြားမှာ ရှိနေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းက ဟံဟာဝတီသို့
————————————————-

ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း တောင်သို့ ဆက်လက်ချီတက်ကြပြီး ရုံတော်ကြီးအကျော် ၂၉လမ်းနှင့် လမ်း ၃၀ အရောက် ဟံသာဝတီသတင်းစာတိုက်ရှေ့၌ တစ်ဖန်ရပ်နားကာ ဟံသာဝတီသတင်းစာတိုက် အယ်ဒီတာချုပ်ကို ကျောင်းသား များက သတင်းမှန်၊ အဖြစ်မှန်များ ဖော်ပြရေးနှင့် ကျောင်းသားများ၏ လိုလားတောင်းဆိုချက်များကို သတင်းစာ၌ဖော်ပြရေးကို အသိပေးတောင်းဆိုကြ၏။ ဟံသာဝတီသတင်းစာတိုက်ရှေ့က ဆက်လက်ထွက်ခွာချိန်၌ ကျောင်းသားတွေကြား ပြင်ပလူစိမ်း တွေ ခပ်များများ ရောနှောပါဝင်လာကြသည်။ သူတို့တစ်တွေကပဲ “ငါးယောက်တစ်တွဲ တန်းစီပါ၊ တန်းစီပါ” ဟူသော အစီအစဉ် များဖြင့် ကြပ်မတ်လာမှုမှာလည်း သိသာလာသည်။

ဘယ်သူ့စည်းရုံးမှု၊ သွေးဆောင်ဖျားယောင်းမှုမှမပါ
———————————————–

ဤသို့ဖြင့် နေဝင်တော့မည် ဆည်းဆာတွင် ရဲရဲနီသော ခွပ်ဒေါင်းအလံများသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ‘အေ’ လမ်း၊ သံ လမ်းဆုံမှ ထိုမှ အရှေ့အေလမ်းအတိုင်း။ ပြီးတော့ မင်္ဂလာလမ်း၊ ထိုမှ ထိုမှ ကျောင်းထဲ ပြန်ဝင်၊ ဘွဲ့နှင်းသဘင်ခန်းမထဲက သပိတ်စခန်း။

ထို့နေညမှာဖြင့် မြန်မာ့အသံရေဒီယိုက ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်းနှင့် ကျောင်းသားဆိုး များ၏ ဦးဆောင်စီစဉ်မှုဖြင့် ဆူပူလှုပ်ရှားမှုဟု စွပ်စွဲကြေညာလိုက်၏။ ဦးဆောင်သော ကျောင်းသားများနှင့် ကျောင်းသား အတော်များများ အဖမ်းအဆီးခံလိုက်ရပြန်သည်။ ရပ်ကွက်တွေထဲမှာတော့ လမ်းစဉ်လူငယ် အမာခံသတင်းပေးများ စာရင်း အရ ပါဝင်ပတ်သက်သမျှ ကျောင်းသားတွေကို ရပ်ကွက်ကောင်စီများ၊ မဆလပါတီကေဒါများကိုယ်တိုင် တစ်အိမ်တက်ဆင်း ခြိမ်းခြောက်ခံဝန်လက်မှတ်များယူကာ ခြေချုပ်သဘော နေ့စဉ် စောင့်ကြည့်နေတော့၏။

ကျွန်တော်ခြေကျင်ပဲ အိမ်ပြန်ရောက်ပါပြီ။ အိမ်ရောက်သည်နှင့်မကြာပါ။ ရပ်ကွက်လူကြီး နှင့် လမ်းစဉ် လူငယ်တစ်ယောက် အိမ်ရောက်လာပြီး မင်းလှည့်တဲ့ထဲပါတယ်လို့ ဒို့သတင်းအခိုက်အမာ ရထားတယ်။ ဘာပြောချင် သလဲဟုဆိုတော့ သွေးပူနေဆဲ ကျွန်တော်က ဟုတ်တယ်၊ ဘယ်သူ့သွေးဆောင်မှု ဖျားယောင်းမှု သိမ်းသွင်းမှုမှ မရှိဘဲ ကျွန်တော့် ဆုံးဖြတ်ချက် ယုံကြည်ချက်နဲ့ မိမိသဘောဆန္ဒအရ ပါတာပါ ဟုဖြေလိုက်သည်။

ထို့နောက် လမ်းစဉ်လူငယ်ကို လက်ညှိုးထိုးပြပြီး ဈေးချို အလယ်ပေါက်မှာ တရာဟောကြတော့ သူကိုယ်တိုင် အောက်လိုင်းပလက်ဖောင်းပေါ်က စောင့်ကြည့်နေတာ မြင်နေရတာပဲ ဟု ပြောသည်။ ရပ်ကွက်လူကြီးက ပါလာသည့် စာရွက်မှာမေဂျာတွေ ခုံနံပတ်တွေ မှတ်ယူသွားတော့၏။ ထိုနေ့ကစပြီး ကျွန်တော်လည်း အိမ်တွင်းအောင်း ရတော့သည်။

ထိုစဉ်မှာပဲ လက်စွဲတော် နေရှင်နယ်ရေဒီယိုလေးနှင့် ပိုမိုရင်းနှီးကျွမ်းဝင်ရတော့၏။ စာအုပ်တွေနှင့်လည်း ရင်းနှီးကျွမ်းဝင်ရတော့၏။ ကျွန်တော့်အခန်းလေးထဲမှာ ညဉ့်နက်သန်းခေါင်ကျော် အထိ မီးအိမ်လေး လင်းနေပြီး ရေဒီယိုနှင့် စာအုပ်တွေထဲကတစ်ဆင့် မြို့ပြနိုင်ငံတော်တွေဆီ စိတ်ကူးယဉ်နေမိ တော့သည်။
ထိုနံရောအခါ …

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW