အေဂျင်စီတွေအနေနဲ့ ပြည်ပရောက်အလုပ်သမားတွေရဲ့လုပ်ငန်းခွင်ပြဿနာတွေကို ရက် ၃၀ အတွင်း သွားရောက် ဖြေရှင်းရမယ်

 

နိုဝင်ဘာ ၂၁ – ၂၀၂၃

SN (VOM)

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ငန်းခွင်ပြဿနာကို တာဝန်ယူစေလွှတ်လိုက်တဲ့ အေဂျင်စီတွေအနေနဲ့ ရက်ပေါင်း ၃၀ အတွင်းသွားရောက် ဖြေရှင်းပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

အေဂျင်စီတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်၊ အလုပ်သမား မပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုဖြစ်စဉ်တွေ၊ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြဿနာတွေကို ရက်ပေါင်း ၃ဝ အတွင်း သွားရောက်ဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြေပြင်အခြေအနေမှာတော့ အေဂျင်စီတချို့အနေနဲ့ စေလွှတ်လိုက်ပြီးတဲ့ အလုပ်သမားတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အလွန်တရာ အားနည်းနေတဲ့အတွက် အခက်တွေ့နေရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။

“အခုချိန် ထိုင်းနိုင်ငံစီးပွားရေးက ကျလို့ အလုပ်မရှိဘဲ ထိုင်နေရတဲ့ အလုပ်သမားတွေ သန်းကျော် ရှိနေတယ်။ အလုပ်ရုံတွေ လူလျှော့ချခံရတာ။ ဒါနဲ့ပတ်သက်လို့ ဘယ်သူကမှလည်း အရေးတယူ ဖြေရှင်းပေးတာမျိုး မရှိဘူး။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးစေချင်တယ်” လို့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနကဘက်က တော့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေ၊ ပြဿနာတွေ၊ ထူးခြားဖြစ်စဉ်တွေ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ရင် သက်ဆိုင်ရာကို သတင်းပို့ပြီး အချိန်နဲ့တပြေးညီ အလုပ်သမားသံအရာရှိတွေနဲ့အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုပြီး စေလွှတ်လိုက်တဲ့အလုပ်သမားတွေ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့ အချိန်အထိ တာဝန်အပြည့်အဝရှိတယ်လို့ ပြောကြားထားပါတယ်။

“မြန်မာဆိုတာနဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်သူတွေကမှ အရေးတယူမလုပ်ချင်ကြဘူး။ ဘယ်ရောက်ရောက် မျက်နှာငယ်ရတယ်။ အကာအကွယ်မရှိမှန်းသိတော့ အလုပ်ရှင်တွေက နှိမ်တယ်၊ တခုခုဆို တာဝန်မယူချင်ကြတာက များတယ်။ တခြားနိုင်ငံက အလုပ်သမားတွေလောက် အခွင့်အရေးမရကြဘူး။ ကိုယ့်တိုင်းပြည်မှာလည်း အဆင်မပြေ၊ သူများနိုင်ငံရောက်တော့လည်း အခွင့်အရေး အပြည့်အဝမရ၊ ပုံမှန်ချိန်မှာတောင် တာ၀န်ယူဖြေရှင်းပေးမူက အားနည်းတာ၊ အခုချိန်ဆိုပိုဆိုး” လို့ မလေးရှားရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

ပြည်တွင်းက လူငယ်အများစုဟာ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ ဒူဘိုင်း အစရှိတဲ့ နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နှုန်း မြင့်မားနေပြီး သတင်းအချက်အလက်ရရှိမှု အားနည်းတာကြောင့် လိမ်လည်ခံရမှုတွေ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုတွေရှိနေကာ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရတာပါ။

လက်ရှိမှာ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေ သတိပြုရှောင်ရှားရမယ့် အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ ထိုင်းကုမ္ပဏီ‌နဲ့ ထိုင်းနိုင်ငံသား အမည်စာရင်း‌တွေ၊ ထိုင်းအေဂျင်စီနဲ့ မြန်မာအေဂျင်စီစာရင်းတွေကို အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ထားပြီး အဲ့ဒီ့ ထုတ်ပြန်ချက်မှာတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ထိုင်းကုမ္ပဏီ ၁၂၆ ခု၊ ထိုင်းနိုင်ငံသား ၁၂၅ ဦး၊ ထိုင်းအေဂျင်စီ ၂၀ ခုနဲ့ ပြည်တွင်းကနေ ထိုင်းလုပ်သား စေလွှတ်ခွင့် ယာယီပိတ်သိမ်းခံရတဲ့ အေဂျင်စီ ၈ ခု၊ ရာသက်ပန် ပိတ်သိမ်းခံရတဲ့ အေဂျင်စီ ၄၃ ခုရဲ့ အမည်စာရင်းတွေ ပါရှိပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW