ကောလင်းမှာ အငြိမ်းစား ဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူဖို့ ခက်ခဲနေ

 

နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃

SP (VOM)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်တာကို ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့မှာ ရှိတဲ့ အငြိမ်းစား ဝန်ထမ်းဟောင်းတွေမှာ ပင်စင်လစာထုတ်ယူဖို့ အခက်တွေ့နေရတယ်လို့ အငြိမ်းစား ဝန်ထမ်းအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

” ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားတယ် ၊ မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ ရပ်တန့်သွားတယ် ၊ နောက်ပြီး မြန်မာ့စီးပွားရေး ဘဏ်ရုံးကိုလည်း ထိန်းချုပ်ခံထားရတယ် ၊ အခုလ ၂၀ ရက်နောက်ပိုင်း အငြိမ်းစား ပင်စင်လစာထုတ်ယူဖို့ရက်တွေရောက်နေပြီ ၊ ဘယ်ကဘဏ်ကို လျှောက်တင်ရမယ် ၊ ဘယ်ဘဏ်ကို ထုတ်ယူရမယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အငြိမ်းစား ပင်စင်သမားတွေက မိသားစုနဲ့ အတူနေတာတွေရှိသလို ၊ တချို့လည်း ပင်စင်လစာလေးနဲ့ ရပ်တည်နေတဲ့ သူတွေရှိတယ် ၊ အဲ့ဒါကြောင့် ပင်စင်လစာ ထုတ်ချိန်တန်လို့ မထုတ်ရဘူးဆိုရင် စားဝတ်နေရေးတွေ နောက်ဆက်တွဲ ခက်ခဲလာမယ် ” လို့ ကောလင်းနယ်ခံ ပင်စင်စား ဝန်ထမ်းဟောင်း တယောက်က ပြောပါတယ်။

ကောလင်းမြို့နယ်မှာ ရှိတဲ့ အငြိမ်းစား (ပင်စင်) ထုတ်ပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း မြန်မာ့စီးပွားရေးဘဏ် နဲ့ နီးစပ်သူတယောက်က ” အငြိမ်းစား ( ပင်စင်) လစာ ထုတ်ပေးရေး လုပ်ငန်းတွေ လျင်မြန်စွာ ဆောင်ရွက်ပေးဖို့ ဒီဂျစ်တယ် ငွေထုတ်ကဒ်တွေ ထုတ်ပေးထားတယ် ၊ ပင်စင်စားတိုင်းတော့ အဲ့ဒီ ငွေထုတ်ကဒ် မရှိကြဘူး ၊ တချို့လည်း ငွေထုတ်ကဒ် ရထားပြီးဖြစ်တယ် ၊ ဒီဂျစ်တယ် ငွေထုတ်ကဒ် ကိုင်ဆောင်ထားသူက ပင်စင်လစာ ထုတ်ယူဖို့ အဆင်ပြေနိုင်ပေမယ့် ကောလင်းမှာ ဘဏ်တွေ လည်ပတ်မှု အခက်အခဲရှိနေသေးတယ် ၊ ငွေထုတ်ကဒ် မရှိသေးသူတွေကလည်း သက်ဆိုင်ရာဘဏ်မှာ ပင်စင်လစာ ငွေထုတ်ခွင့် လျှောက်လွှာတင်ပေးရမယ် ၊ အခု လောလောဆယ်တော့ ကောလင်းနယ်မှာက အဲ့ဒါတွေ အဆင်မပြေနိုင်သေဘူး. ” လို့ ပြောပါတယ်။

ကောလင်းမြို့နယ်မှာ အငြိမ်းစား ဝန်ထမ်းဟောင်းတွေအနက်က ဒီဂျစ်တယ် ပင်စင်လစာ ငွေထုတ်ကဒ် အနည်းသာ ကိုင်ဆောင်ထားပြီး ကျန် အငြိမ်းစား ဝန်ထမ်းဟောင်းတွေ အများစုကတော့ ဒီဂျစ်တယ် ပင်စင်လစာ ငွေထုတ်ကဒ် မရှိသေးဘူးလို့ သိရပါတယ်။

ကောလင်းမြို့ခံ ဝန်ထမ်းဟောင်းတယောက်က ” ကောလင်းနယ်မှာ ပညာရေး ၊ ကျန်းမာရေး ၊ ရဲ ၊ စစ်မှုထမ်းဟောင်း ၊ သစ်တော နဲ့ မီးရထား ပင်စင်စားတွေ ပေါတယ် ၊ အားလုံး တထောင်ဝန်းကျင်မှာရှိမယ် ၊ အဲ့ဒီထဲက ဒီဂျစ်တယ် ငွေထုတ်ကဒ်နဲ့ ထုတ်ယူလို့ရတဲ့ ပင်စင်စား အရေအတွက်က ရာဂဏန်းလောက်ပဲရှိမယ် ၊ ကျန်ပင်စင်စားတွေက လျှောက်လွှာတင် ငွေထုတ်ရတဲ့ စနစ်ပဲရှိသေးတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်စပြီး ကောလင်းမြို့ပေါ်မှာ ပစ်ခတ်တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကောလင်းမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

” ကောလင်းထိန်ချုပ်ခံရပြီးနောက် မြန်မာ့စီးပွားရေး ဘဏ်ငွေတိုက်ကနေ လက်ကျန်ငွေ သိန်း ၉ ထောင်ကျော် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက သိမ်းဆည်းသွားတယ် ၊ အဲ့ဒါကြောင့် နိုဝင်ဘာ အတွက် ပင်စင်လစာတွေ အခက်တွေ့နေရတာ ဖြစ်တယ် ” လို့ ပညာရေးဝန်ထမ်းဟောင်း တယောက်က ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ သိမ်းဆည်းထားတဲ့ ကောလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅၀ ကျော် သိမ်းဆည်းရရှိထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ NUG ရဲ့ ကြားကာလဗဟိုဘဏ်က သတင်းထုတ်ပြန်ထားပြီး သိမ်းဆည်းထားတဲ့ စာရင်းကို မှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေတွေနဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှု မရှိအောင် စနစ်တကျ စီမံခန့်ခွဲထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပါတ်မြို့နယ်ခွဲ ၊ ကောလင်းမြို့နဲ့ ဟုမ္မလင်း မြို့နယ် ၊ ရွှေပြည်အေး မြို့သစ် စတဲ့ဒေသတွေမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်ထားပြီး ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW