ဒီဇင်ဘာ ၁၉ – ၂၀၂၃ SN (VOM)
ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ တပတ်တာ ကာလအတွင်းမှာလည်း အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ အမြင့်ဈေးမှာပဲ ဆက်ရှိနေဆဲဖြစ်ပြီး စက်သုံးဆီ ဈေးနှုန်းတွေကတော့ ဒီဇင်ဘာ ပထမပတ်ကထက် အနည်းငယ်ကျလာပေမယ့် အမြင့်ဈေးမှာပဲ ဆက်ရှိနေသလို ဈေးကွက်အတွင်း ဆီဝယ်ယူရခက်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်ကြောင့် အမေရိကန် ဒေါ်လာဈေးဟာ ၃၅၀၀ ကျော်ဝန်းကျင် ဈေးတန်းကနေ ပြန်ဆင်းမလာသေးသလို တခြားသော ငွေလဲနှုန်းတွေလည်း အတက်အကျမငြိမ် ဖြစ်နေပါတယ်။
ဒေါ်လာဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းက ပြင်ပရွှေဈေးအပြင် ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်နေတဲ့ ရွှေဈေးနှုန်းတွေပါ အပြင်ဈေးတန်းနီးပါး လိုက်ပါ မြင့်တက်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်လားရာကို ချိန်ဆနိုင်ဖို့အတွက် အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း တင်ပြပေးလိုက်ပါတယ်။
ကမ္ဘာ့ရွှေဈေး အဆမတန် မြင့်တက်လာမှုကြောင့် လိုက်ပါ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ လက်ရှိအချိန်အထိ ဈေးတန်းအမြင့်မှာပဲ အတက်အကျ အနည်းငယ်နဲ့ ဆက်ရှိနေပါသေးတယ်။
တပတ်အတွင်းမှာ ရွှေဈေးဟာ ၁၆ ပဲရည် တကျပ်သား ကျပ် ၃၇ သိန်းအောက် ကျဆင်းခြင်းမရှိခဲ့ဘဲ ၃၇ သိန်းစွန်းစွန်းမှာသာ တဝဲလည်လည် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်အပိတ် ဒီဇင်ဘာ ၁၆ ရက် (စနေနေ့) မှာ ကျပ် ၃၇ သိန်းအတိနဲ့ ဈေးပိတ်ခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် (တနင်္လာနေ့) မှာတော့ ကျပ် သုံးဆယ့်ခြောက်သိန်း ကိုးသောင်းနဲ့ ဈေးဖွင့်ခဲ့တာကြောင့် ၃၇ သိန်းအောက် အနည်းငယ် ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။
“ဈေးတွေသာတက်နေတာနော်။ ရောင်းတဲ့အခါကျရင် ရောင်းရတဲ့သူ အရမ်းမျက်နှာငယ်တာ၊ ဝယ်မယ့်သူမရှိဘူး။ ဈေးကွက်ကလည်း နှစ်ပိုင်းဖြစ်နေတယ်။ ကျွန်တော်တို့အသင်းဝင်တွေ လက်ငင်း အရောင်းအဝယ်လုပ်တာက တပိုင်းပေါ့။ ငွေချက်ချင်းမချဘဲ နောက်တနေ့ပေးနဲ့ ဝယ်တဲ့အပိုင်းက တပိုင်း၊ အဲ့လို ဖြစ်နေတယ်။ ရွှေဈေးကွက် အရောင်းအဝယ်ကတော့ လာမယ့် ဇန်နဝါရီလလောက်ဆို အဆင်ပြေသွားမယ်လို့ ထင်တာပါပဲ” လို့ ရန်ကုန်တိုင်းရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း ဒေါ်လာလဲလှယ်နှုန်းထား လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက် ရန်ကုန်တိုင်းရွှေအသင်း (YGEA) က နေ့စဉ်ထုတ်ပြန်နေတဲ့ အခေါက်ရွှေဈေးနှုန်းနဲ့ ပြင်ပပေါက်ဈေး ကွာခြားမှု ကျဉ်းမြောင်းလာတာကိုတွေ့ရပြီး ဒီကနေ့ YGEA အဖွင့်ဈေး ကျပ် သုံးဆယ့်ခြောက်သိန်း တသောင်း လေးထောင့်လေးရာဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ခုနစ်သောင်းခွဲကျော်လောက်သာ ကွာဟပါတော့တယ်။
ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ တအောင်စ ဒေါ်လာ ၁၉၀၀ ကျော်ဝန်းကျင်မှာ ရှိခဲ့ပေမယ့် ၁၄ ရက်နေ့မှစတင်ကာ ၂၀၀၀ အထက်ကို ပြန်လည် ရောက်ရှိလာပြီး ၁၅ ရက်နေ့မှာတော့ တပတ်အတွင်းအမြင့်ဆုံးဈေး တအောင်စ ၂၀၄၂ ဒေါ်လာဈေး ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီကနေ့ ဈေးကွက်အဖွင့် မနက်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၂၀၂၁ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ၂၀၂၃ ဒေါ်လာကို ရောက်ရှိနေပါတယ်။
ပြည်တွင်းငွေလဲနှုန်းတွေဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အတက်အကျမငြိမ် ဖြစ်နေခဲ့တာပါ။
အမေရိကန်ဒေါ်လာဈေးဟာ တပတ်အတွင်း တဒေါ်လာ ၃၅၀၀ အထက်မှာ ဈေးမာနေပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က အမြင့်ဆုံးဈေး ၃၅၅၀ ကျပ် ဝန်းကျင်အထိ ရောက်ရှိခဲ့ကာ ဒီကနေ့ မနက်ပိုင်းမှာတော့ တဒေါ်လာ ၃၅၂၅ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ၃၅၂၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။
“ဈေးက ခုချိန်မှာ လှုပ်နေသေးတယ်။ လက်ရှိ ငွေကြေးဈေးကွက် အနေအထားကတော့ ခန့်မှန်းရ ခက်နေတုန်းပါ။ ကန်ဒေါ်လာဈေးက ပြီးခဲ့တဲ့တပတ်က အဖွင့်ဈေးနဲ့နှိုင်းယှဉ်ရင် တဒေါ်လာကို ကျပ် ၃၀ လောက် ကျတယ်။ စင်္ကာပူဒေါ်လာဈေးကတော့ အရင်ပတ်ကထက် တဒေါ်လာ ၂၆ ကျပ်လောက် တက်လာတာကို တွေ့ရတယ်။ တရုတ်ယွမ်ကတော့ ၁ ကျပ်လောက်ပဲ ကွာတယ်။ ထိုင်းဘတ်လည်း အဲ့လိုပဲ သိပ်မကွာဘူး” လို့ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းမှာ စင်္ကာပူဒေါ်လာ ၂၆၀၁ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၉ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၄၁ ဒသမ ၇၇ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၇၆ ကျပ်ဝန်းကျင်ဈေး ရှိနေပါတယ်။
အခုနှစ်ကုန် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ကြီးအပါအဝင် တခြား မြို့ကြီးတွေနဲ့ နယ်မြို့တွေမှာ စက်သုံးဆီ အမျိုးအစားအားလုံးလိုလို ပြတ်လပ်နေတာကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေရှေ့မှာ ညအိပ်တန်းစီ စောင့်ဆိုင်းရတဲ့အထိ စက်သုံးဆီရှားပါးမှု ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ လောင်စာဆီ တန်းစီတိုးရတဲ့ ပြဿနာ လျော့ကျသွားပေမယ့် ဈေးကတော့ ပြန်မကျဘဲ အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဆီက တန်းစီရတာတော့ မြန်သွားပါပြီ။ တခါတန်းစီရင် ၁၀ စီးလောက်ပဲ ရှိတော့တယ်။
ဒေါ်လာ အဆင်ပြေသွားလို့ ဆီရသွားပြီလို့ထင်တာပဲ” လို့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။ မှောင်ခိုဈေးကွက်မှာတော့ လက်ရှိမှာ 92 အောက်တိန်း တလီတာကို ကျပ် ၃၅၀၀-၄၀၀၀ ပေါက်ဈေးရှိနေပြီး စက်သုံးဆီ ပြတ်လပ်ခဲ့စဉ်တုန်းကတော့ တလီတာကို ကျပ် ၅၀၀၀ လောက်အထိ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ စက်သုံးဆီ ဈေးနှုန်းတွေကတော့ ရန်ကုန်မြို့မှာ အောက်တိန်း 92 တလီတာ ၂၄၄၅ ကျပ်၊ 95 တလီတာ ၂၅၄၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၈၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၄၀ ကျပ်၊ မန္တလေးမြို့မှာ အောက်တိန်း 92 တလီတာ ၂၄၉၀ ကျပ်၊ 95 တလီတာ ၂၅၉၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၉၀ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၄၈၅ ကျပ်၊ 95 တလီတာ ၂၅၉၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၃၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၈၅ ကျပ် ဖြစ်ပြီး အရင်တပတ်ကထက် ဈေးအနည်းငယ်စီ ပြန်လည် ကျဆင်းလာပါတယ်။