ဒီဇင်ဘာ ၊ ၂၂ ၊ ၂၀၂၃
SP (VOM)
မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင် ၊ ဘီးလင်းမြို့နယ် အနောက်ဘက်ခြမ်း ၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု ၊ ကော့ကမယ်ကျေးရွာမှာရှိတဲ့ ကိုးနဝင်းစေတီ ဘုရားပွဲတော်မှာ မနေ့ ဒီဇင်ဘာ ၂၁ ရက်ညက ပွဲဝိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားလို့ ပွဲလာပရိသတ်တချို့ သေဆုံး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကိုးနဝင်းဘုရားပွဲမှာ ဖြစ်တာပါ ၊ ဘုရားပွဲက ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ သုံးရက် ၊ သုံးညတိုင်ဖြစ်တယ် ၊ ပြည်ချမ်းသာ (မွန်ဇာတ်သဘင်)က ကပြဖျော်ဖြေတယ် ၊ မနေ့ညက ပွဲခင်းနားမှာ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက် သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ် “လို့ ကိုးနဝင်း ဘုရားဂေါပကအဖွဲ့ဝင် တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျိုက်ထိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ဇုတ်သုတ်ကျေးရွာဘက်ကနေ ဆိုင်ကယ်တစီးနဲ့ အမည်မသိ လူနှစ်ယောက်( နာမည် စုံစမ်းနေဆဲ) က ပွဲခင်းဘက်ကိုရောက်လာတယ် ၊ အဲ့ဒီ အချိန်မှာ ဆိုင်ကယ်နောက်ကနေ ထိုင်လိုက်လာတဲ့ သူက ပွဲခင်းကို ဗုံးနဲ့ ပစ်ပေါက် ဖောက်ခွဲတယ် ၊ အဲ့ဒါကြောင့် ပွဲတော်လာ ဆိုင်ကယ်တွေ အပ်နှံလက်ခံနေတဲ့ ပေါက်နောဝကျေးရွာက မောင်ဥက္ကာကျော် ၁၇ နှစ် ၊ ဆိုသူက ဝဲပါးပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ဝဲရင် ညွန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာနို့အုံ ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာခါး ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ယာပေါင်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲလက်ဖျံပေါက်ပြဲဒဏ်ရာ(၁) ချက်၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးတယ် ၊ နောက်ပြီး ဦးကျော်မင်းထိုက် (၄၃) နှစ်၊ ဦးသူလင်း (၄၅) နှစ်၊ ဦးသိုက်စိုး (၄၀) နှစ် ၊ ဦးအောင်စိုးသန့် (၄၇) နှစ်၊ တို့က ဒဏ်ရာတွေရတယ် ၊ တချို့လည်း အသက်အန္တရာယ် စိုးရိမ်ရတယ် ၊ ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့က ဘာသာရေး ပွဲလမ်းသဘင်းတွေ ကျင်းပပြုလုပ်ဖို့ ခွင့်ပြုချက်ပေးထားခဲ့ပေမယ့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဘာသာရေး ပွဲလမ်းသဘင်တွေနဲ့ အပျော်အပါး ပွဲလမ်းတွေ မလုပ်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မှာ ဘုရားပွဲကျင်းပနေတဲ့ ပွဲခင်းတခု ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ပွဲလာ ပရိသတ်တွေ ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။