ကျိုက်ထိုမြို့က အင်းဝဘဏ် တိုက်ခိုက်ခံရပြီး ဘဏ်လုံခြုံရေး ပြည်သူ့စစ် တယောက်သေ ၊ အရပ်သူ တယောက် ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၂ ၊ ၂၀၂၄
SP ( VOM)

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ၊ ကန့်ကော်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ အင်းဝဘဏ်ကို ဒီကနေ့ ၊ နေ့လယ်ပိုင်းက လာရောက်တိုက်ခိုက်တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် တယောက် ထိခိုက်သေဆုံးပြီး ၊ လမ်းသွားလမ်းလာ အရပ်သား တယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

” ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ insight အမျိုးအစား အနက်ရောင်ကားတစီးနဲ့ အဖြူရောင်ကားတစီးပေါ်ကနေ အင်းဝဘဏ်ကို ပစ်သွားတာ ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျိုက်ထိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်က အင်းဝဘဏ်ကို လက်နက်ငယ်တွေနဲ့ ကားပေါ်ကနေ ပစ်ခတ်သွားတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ အင်းဝဘဏ် လုံခြုံရေးတာဝန်ကျနေတဲ့ ပြည်သူ့စစ် ဦးကျော်ကြီး (၅၃)နှစ်၊(ဘ)ဦးထွန်းကြည်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထိုမြို့နယ်နေသူ ထိခိုက်သေဆုံးတယ် ၊ အဲ့ဒီအပြင် ဦးကျော်ကြီး (သေဆုံးသူ) ကိုင်ဆောင်ထားတဲ့ M16 သေနတ် တလက်နဲ့ ကျည်အိမ်တခုပါသွားတယ် ၊ နောက်ပြီး လမ်းသွားလမ်းလာ အရပ်သား အမျိုးသမီးတယောက်လည် ကျည်ဆံထိမှန် ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ဝန်းကျင်ကလည်း မြိတ်မြို့ မြဝတီဘဏ် ပစ်ခတ်ခံရပြီး ဘဏ်ဝန်ထမ်းတယောက် ထိမှန်သေဆုံးကာ ၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာရှိတဲ့ မြဝတီဘဏ်ကိုလည်း ပြီးခဲ့တဲ့နှစ်တွေက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW