၂၀-၁-၂၀၂၄
SN (VOM)
မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ပြည်ပခရီးသွား ဝင်ရောက်မှုဟာ ၂၀၀၃ ခုနှစ်မှ စတင်ကာ ၂၀၀၆ ခုနှစ်အထိ အားကောင်းခဲ့ပါတယ်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အတွင်းမှာတော့ ခရီးသွားကဏ္ဍ တိုးတက်မှုနှုန်း ပြန်ကျသွားခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှစတင်ကာ ၂၀၁၉ ခုနှစ်အထိ ပြန်လည်ပြီး အားအလွန်ကောင်းခဲ့ပါတယ်။
၂၀၁၉ ခုနှစ် တနှစ်တည်းမှာတင် ပြည်ပခရီးသွား ဝင်ရောက်မှု ၄ ဒသမ ၄ သန်းလောက်အထိ ရှိခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါပေမယ့်လည်း ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိအချိန်အထိ မြန်မာ့ခရီးသွားကဏ္ဍရဲ့ ပြည်ပခရီးသွား ဝင်ရောက်မှုအခြေအနေဟာ ဆက်လက် ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ပခရီးသွားနဲ့ ပြည်တွင်းခရီးသွားကဏ္ဍဆိုပြီး နှစ်မျိုး ရှိတဲ့အထဲကမှ ပြည်ပ ခရီးသွားကဏ္ဍကတော့ ကိုဗစ်-၁၉ ကာလ မတိုင်ခင်တုန်းက မြန်မာနိုင်ငံမှာ အကောင်းဆုံးနဲ့ အတိုးတက်ဆုံး အနေအထားမှာ ရှိနေခဲ့တာပါ။ ဟိုတယ်တွေတောင် မလုံလောက်တဲ့အထိ ကြုံရာကနေ ဟိုတယ်တွေ၊ ဆောက်လုပ်ရေးတွေ တိုးချဲ့ဆောက်ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၀ ခုနှစ်၊ ကိုဗစ်-၁၉ ကပ်ဆိုးကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရသလို အဲ့ဒီ့နောက်မှာတော့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေလည်း ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးဦးမော့လာခါနီးမှာလည်း ဒုတိယအကြိမ် ရိုက်ချခံရတာကြောင့် နာလန်ကို မထူနိုင်တော့ပါဘူး။
နိုင်ငံတနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ပြည်တွင်းခရီးသွားထက် ပြည်ပခရီးသွား ဝင်ရောက်မှုများမှသာ နိုင်ငံရဲ့ GDP (gross domestic product) လည်း တက်လာမှာဖြစ်တဲ့အတွက် ပြည်ပခရီးသွား ဝင်ရောက်မှုဟာ နိုင်ငံတနိုင်ငံအတွက် အလွန်အရေးပါလှပါတယ်။ မြန်မာပြည်မှာ ကိုဗစ်ကာလ မတိုင်ခင်က ပြည်တွင်းခရီးသွား အရေအတွက်က နှစ်စဉ် ၁၀ သန်းဝန်းကျင် ရှိခဲ့တာပါ။ ပြည်ပခရီးသွား ဧည့်သည်က လေးသန်းကျော်အထိ ရှိခဲ့ပါတယ်။
ကိုဗစ်မတိုင်မီ မြန်မာမှာ ဧည့်သည်လာရောက်မှု အများဆုံးနိုင်ငံက တရုတ်ဖြစ်ပြီး ဒုတိယက ထိုင်းလူမျိုးတွေပါ။ တရုတ် ခရီးသွားတွေဟာ လာသာလာကြပေမယ့် ငွေသုံးနည်းလွန်းတာမို့ Zero budget tourism လို့တောင် ခေါ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းခရီးသွားတွေ မြန်မာပြည်ကို လာရောက်ကြတယ် ဆိုတာကလည်း အများဆုံးက ယတြာချေဖို့နဲ့ ဘုရားဖူးတဲ့ အဆင့်လောက်သာရှိတာကြောင့် ငွေသုံးမှု နည်းပါးကာ အနီးအနား ခဏသွားပြီး ပြန်တာများကြတယ်လို့ သိရပါတယ်။
တတိယလာရောက်မှု အများဆုံးကတော့ ဗြိတိန်၊ ပြင်သစ်၊ အီတလီတို့လို့ ဥရောပနိုင်ငံသားတွေပါ။ အများစုက အသက်ကြီးပိုင်းတွေဖြစ်ပြီး ငွေသုံးနိုင်မှုလည်း မြင့်ပါတယ်။ ရက်ကြာကြာနေကြပြီး ငွေအသုံးများတာမို့ တရုတ်ခရီးသွားတွေထက်တောင် ဝင်ငွေပိုရတာဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ အဲ့ဒီ့လို နိုင်ငံသားတွေ မြန်မာပြည်ထဲ လာရောက်လည်ပတ်ကြဖို့ဆိုတာ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်ဘူးလို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။
မြန်မာပြည်ကို အမေရိကန်လိုနိုင်ငံက ခရီးသွားတွေလည်း အများအပြား လာရောက်ဖူးကြပေမယ့် လက်ရှိအခြေအနေအရတော့ လာသူ မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ နစက က ရုရှားတွေဆီကနေ ခရီးသွားလာဖို့ မျှော်လင့်နေပေမယ့် ဥရောပခရီးသွားတွေထဲမှာ ရုရှားနိုင်ငံက လာရောက်မှုအနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရုရှားတွေအတွက် မြန်မာနိုင်ငံဟာ စိတ်ဝင်စားစရာနေရာတခု မဟုတ်တာကြောင့် ရုရှားတွေ မြန်မာပြည်ကိုလာဖို့ဆိုတာကလည်း မျှော်လင့်ချက် မရှိသလောက် နည်းနိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
နစက ကတော့ လက်ရှိမှာ မြန်မာပြည်ထဲကို ပြည်ပခရီးသွားတွေ လာရောက်ကြတယ်လို့ ဆိုထားပေမယ့် အများစုဟာ စီးပွားရေးဗီဇာနဲ့ လာရောက်ကြသူတွေ များတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းကို နိုင်ငံခြားသားတွေ ဝင်ရောက်နေတယ် ဆိုတာကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အဓိက လာရောက်ကြတာလို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ခရီးသွားကဏ္ဍ တိုးတက်လာဖို့ နစကအနေနဲ့ ခရီးသွားနေရာသစ်တွေ ဖော်ဆောင်တာ၊ ခရီးသွားလာလို့ကောင်းတဲ့ နေရာစာရင်းတွေ ထုတ်ပြန်တာမျိုး ရှိပေမယ့် လက်ရှိ အခြေအနေအရ နေရာဒေသ လုံခြုံရေးအပိုင်း၊ လမ်းပန်းဆက်သွယ်ရေးအပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့် ပြည်ပခရီးသွားမဆိုထားနဲ့ ပြည်တွင်းခရီးသွားတွေကိုတောင် အများကြီး မျှော်လင့်လို့ မရနိုင်သေးပါဘူး” လို့ ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
နစကအနေနဲ့ မြန်မာ့ခရီးသွားကဏ္ဍ ပြန်လည် တိုးတက် ကောင်းမွန်လာဖို့အတွက် ဘက်ပေါင်းစုံကနေ ကြိုးစား ဆောင်ရွက်လျက် ရှိတာမှာ ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်တွေ ဦးစားပေး သွားရောက် လည်ပတ်သင့်တဲ့ ခရီးစဉ်ဒေသ ၁၄ ခုကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ သွားရောက် လည်ပတ်သင့်တဲ့ နေရာတွေအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ အပါအဝင် ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပူတာအို ဒေသတွေကို အကြံပြု ညွှန်းဆိုထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့အတွင်းမှာလည်း ခရီးစဉ်သစ် ကိုးခုကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ထပ်မံဖော်ဆောင်ထားပြီး အရင် ဖော်ဆောင်ထားတဲ့ ခရီးစဉ်နေရာ ၂၈ ခုရှိတဲ့အတွက် အခုအခါမှာ စုစုပေါင်း ခရီးစဉ်နေရာ ၃၇ ခုအထိ ရှိလာပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ ထပ်မံ ဖော်ဆောင်ထားတဲ့ ခရီးစဉ်သစ် ကိုးခုကတော့ ဗဟန်းမြို့နယ်က ချင်းချောင်းနန်းတော်၊ သန်လျင်မြို့နယ်က ရှေးဟောင်းပေါ်တူဂီဘုရားကျောင်း (သို့) ငဇင်ကာအုတ်ဂူ၊ ဒဂုံမြို့နယ်က အာဇာနည်ဗိမာန်နဲ့ ဦးဥတ္တမပန်းခြံ (သို့) ကန်တော်မင်္ဂလာပန်းခြံ၊ ပန်းဘဲတန်းမြို့နယ်က သျှာရီကာလီမယ်တော်ကျောင်းနဲ့ ကဗျာဆရာကြီး မဂိုအင်ပါယာ ဧကရာဇ်မင်း ဘာဟာ ဒူးရှားဇဖာရ်ရှား ဂူဗိမာန်၊ ကျောက်တန်းမြို့နယ်က ပီလခတ်ဟိန္ဒူဘုရားကျောင်းနဲ့ ကျိုက်ပြသာဒ်တနော် ကောင်းမှုစေတီတော်၊ ကမာရွတ်မြို့နယ်က ရန်ကုန်တက္ကသိုလ်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် နစကအနေနဲ့ တရုတ်နဲ့ အိန္ဒိယကနေ လာရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေကို ဆိုက်ရောက်ဗီဇာစနစ်နဲ့ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ပေးတာတွေကိုလည်း ဆောင်ရွက်ပေးထားပါသေးတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်မှု မရှိသေးဘူးလို့ ပြည်ပနိုင်ငံတွေက သိထားတဲ့အတွက် ပြည်ပ ခရီးသွားဝင်ရောက်မှုက ထင်သလောက် ခရီးမပေါက်နိုင်သေးဘဲ တရုတ်လို Zero budget tourism သမားတွေတောင် မြန်မာထက် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့ကို ပိုပြီး သွားလာလည်ပတ်နေကြတာကို တွေ့ရတယ်လို့ ဝါရင့်ဧည့်လမ်းညွှန်တယောက်က ပြောပါတယ်။
“နိုင်ငံတနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်ပြီး တိုးတက် ကောင်းမွန်လာဖို့ဆိုတာက အဲ့ဒီ့နိုင်ငံရဲ့ ပုံရိပ် ကောင်းဖို့လည်း လိုတယ်။ အခု အခြေအနေအတိုင်း ဆိုရင်တော့ ဘယ်လောက်ပဲ ဖြေလျော့မှုတွေ လုပ်နေပါစေ အဆင်ပြေလာနိုင်မှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဧည့်လမ်းညွှန် ဝန်ဆောင်မှုလုပ်ငန်းဟာလည်း ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ရပ်တန့်နေခဲ့တာဖြစ်ပြီး ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းမှာလည်း နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုတွေ မရှိတော့တာကြောင့် ဒီဝန်ဆောင်မှုလုပ်ငန်းဟာ လုံးဝ ရပ်ဆိုင်းလျက်ရှိတယ်လို့လည်း သူက ပြောပါတယ်။
အဲ့ဒီ့လိုပဲ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေဟာလည်း ရာနှုန်းပြည့်နီးပါး လုပ်ငန်း ရပ်တန့်နေပြီး ဒီလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေက ၈၅ ရာခိုင်နှုန်းအထိ ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကို အန္တရာယ်ရှိဆုံး နိုင်ငံ လေးခုစာရင်းထဲ ထည့်သွင်းထားတာမို့ အနောက်နိုင်ငံက ခရီးသွားတွေ လာရောက် လည်ပတ်ကြဖို့က မျှော်လင့်စရာမရှိသေးပါဘူး။ နောက်တခု အဆိုးဆုံးက မြန်မာနိုင်ငံ နယ်စပ်တလျှောက်က မူဆယ်၊ လောက်ကိုင်၊ မိုင်းလား၊ တာချီလိတ်၊ မြဝတီ စတဲ့ ဒေသတွေမှာ ခရီးသွားတွေ၊ နိုင်ငံခြားသားတွေအတွက် နယ်မြေလုံခြုံမှုမရှိ ဖြစ်နေတာပါ။
အဲ့ဒီ့လို နယ်မြေလုံခြုံမှု မရှိတာကြောင့် အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို မြန်မာပြည်ထဲ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်မှုတွေ ချထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်ကောင်းလာဖို့ဆိုတာက “ရွှေပြည်တော် မျှော်တိုင်းဝေး” ဖြစ်နေပါသေးတယ်။
ဟိုတယ်နဲ့ ခရီးသွားက ထုတ်ပြန်ထားတဲ့ မြန်မာပြည်က လည်ပတ်စရာကောင်းတဲ့ နေရာတွေအထဲမှာ ရှမ်းပြည်တောင်ပိုင်းက ဒေသတချို့ ပါဝင်ပေမယ့် လက်တွေ့မှာတော့ နေရာတချို့ကိုပဲ နိုင်ငံခြားသားတွေ သွားလာလို့ရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဥပမာ ဓနုဒေသက ပင်းတယနဲ့ ရွာငံလို နေရာတွေကို ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းကစလို့ နိုင်ငံခြားသား ညအိပ်သွားလာခွင့် မပေးသေးပါဘူး။ ဒီနေရာတွေဟာ နိုင်ငံခြားသားခရီးသွားတွေကို အဓိက ဆွဲဆောင်နိုင်တဲ့ ခရီးစဉ်တွေဖြစ်လို့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ အခြေအနေတွေ ပြန်ကောင်းလာဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
နိုင်ငံတနိုင်ငံအတွက် အရေးကြီးဆုံးက စီးပွားရေးပါပဲ။ စီးပွားရေးကျဆင်းနေပြီး ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်လာတာ၊ စက်သုံးဆီဈေးတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ အဆမတန် မြင့်တက်လာတာတွေက ခရီးသွားဧည့်သည် အရေအတွက်ကို ပိုပြီး နည်းပါးသွားနိုင်စေပါတယ်။ လက်ရှိမှာ ပြည်တွင်း ခရီးသွားဧည့်သည် အရေအတွက်ကတော့ အထိုက်အလျောက် တိုးနေမှာ မှန်ပေမယ့် သုံးစွဲမှုစရိတ်ကတော့ ဟိုအရင်ကာလတွေထက် လျော့ကျနေနိုင်ပါတယ်။
ဘုရားဖူးကား ငှားရမ်းခ၊ တည်းခိုခန်းခ၊ စားသောက်စရိတ်တွေက နိုင်ငံရေး အပြောင်းအလဲမဖြစ်မီကာလထက် အနည်းဆုံး သုံးဆနီးပါး မြင့်တက်လာတာမို့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း တည်ငြိမ်မှုမရှိတာ၊ လမ်းခရီး စစ်ဆေးရေးဂိတ်တွေ ပေါများလာတာ၊ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာတာ စတဲ့ အကြောင်းအရာတွေကလည်း ခရီးသွား ဧည့်သည်တွေအတွက် အတားအဆီးတွေ ဖြစ်နေပါသေးတယ်။ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် အရေးပေါ် လမ်းကြောင်းပြောင်းလဲပြီး သွားရတဲ့အခါတွေမှာလည်း ကုန်ကျစရိတ်တွေက ပိုပြီး တိုးလာတဲ့အတွက် ဒီအချိန် ခရီးသွားလာဖို့က စိန်ခေါ်မှုတခုလို ဖြစ်နေတာပါ။
ခရီးသွားလုပ်ငန်း ကျဆင်းတာနဲ့အတူ အဲ့ဒီ့လုပ်ငန်းကို မှီခိုနေတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းတွေအပါအဝင် ဧည့်လမ်းညွှန် ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ သုံးဘီးမောင်းသူတွေ၊ မြင်းလှည်းမောင်းသူတွေ၊ လက်ဆောင်ပစ္စည်း ရောင်းသူတွေ အကုန်လုံးအပေါ် သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဆက်စပ် လုပ်ငန်းကဏ္ဍတွေဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ တခြား အသေးစား ဆက်စပ်လုပ်ငန်း အများစုကလည်း ရပ်တန့်ထားရတဲ့အနေအထားပါ။ ဒါကြောင့် ခရီးသွား လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ့နိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ အလုပ်အကိုင်ဆုံးရှုံးမှု ၈၅ ရာခိုင်နှုန်းအထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အရင်က မြန်မာ့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ တခြား ဆက်စပ်လုပ်ငန်းတွေကနေ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၅ သန်းဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာနဲ့ ပတ်သက်လို့ ပုဂံဒေသက မြင်းလှည်းမောင်းသူတယောက်က “အလုပ်မရှိတော့ မြင်းစာကျွေးဖို့တောင် အနိုင်နိုင်ပေါ့။ အခုအချိန်လေးကတော့ ပြည်တွင်းက ဧည့်သည်တွေတော့ တချို့ လာကြတာရှိပါတယ်။ ဒါပေမယ့် ဟိုးအရင်ကလောက်တော့ မများတော့ဘူးပေါ့။ ၂၀၂၁ တုန်းကဆိုရင် ဧည့်သည်မရှိလို့ ဂိတ်တောင် ပိတ်ထားရတယ်။ အလုပ်မရှိတော့ တချို့တွေလည်း ထိုင်းတို့ဘာတို့ အဲ့လို နိုင်ငံခြား အလုပ်သွားလုပ်တဲ့သူတွေကလည်း သွားကုန်ကြတယ်။ ကျွန်တော်တို့ကတော့ ဧည့်သည်အဝင်ရှိရင်တော့ မြင်းလှည်းမောင်းတယ်။ မရှိတဲ့အခါဆိုရင်တော့လည်း ပန်းရံလုပ်လိုက်၊ လက်သမားလုပ်လိုက်နဲ့ ဒီလိုပဲ ကြုံရာ၊ ရရာအလုပ်တွေကို လုပ်ပြီး ဝမ်းရေးဖြေရှင်းနေရတာပဲ” လို့ ပြောပါတယ်။
မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ရပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ ဆိုးရွားမှုရဲ့ အကျိုးဆက်ကိုပါ ဆက်လက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခုချိန်ခါမှာတော့ အရင်လို အခြေအနေ ပြန်ရောက်နိုင်ဖို့ဆိုတာက မျှော်လင့်ချက် အင်မတန် နည်းပါးနေသေးတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
ဒါပေမယ့်လည်း ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ ပွင့်လင်းရာသီ အောက်တိုဘာလကစလို့ ခရီးသွားကဏ္ဍ အထိုက်အလျောက် တိုးတက်လာဖို့ မျှော်လင့်ချက် ခပ်ရေးရေး ထားခဲ့ကြပါသေးတယ်။ အဲ့ဒီ့လို မျှော်လင့်ခဲ့ကြပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ အရှိန်အဟုန် တိုးမြှင့် ဖြစ်ပေါ်နေတဲ့ ဒေသတွင်း မငြိမ်းချမ်းမှုတွေနဲ့ ပဋိပက္ခ ဖြစ်စဉ်တွေကြောင့် ခရီးသွားကဏ္ဍဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပြန်ပါဘူး။
လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပြန်လည်ဝင်ရောက်လာဖို့၊ ပြည်တွင်းခရီးသွားတွေ အပူပင်ကင်းကင်းနဲ့ လည်ပတ်နိုင်ဖို့ ဆိုတာက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုပဲ ကြိုးစားပါစေ ရေမှာအရုပ်ရေးသလို အရာမထင်နိုင်သေးပါဘူး။ ဒါကြောင့် “မီးခိုးမထွက်တဲ့ စက်ရုံ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာ့ခရီးသွားကဏ္ဍ ပြန်လည်နိုးထလာနိုင်မလား၊ ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဦးမော့လာနိုင်မလားဆိုတာကတော့ လက်ရှိအချိန်အထိ မေးခွန်းထုတ်နေရဆဲ ဖြစ်ပါတယ်။
Photo: Original Uploader