လောက်ကိုင်ကို ပြန်သွားရသူတွေ အခက်အခဲတွေရှိနေ

ဖေဖော်ဝါရီ ၅၊ ၂၀၂၄
Shy V

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ကနေ စစ်ရှောင်သွားတဲ့ ပြည်သူတချို့ဟာ ပစ္စည်းသွားရောက် သယ်ယူဖို့ အခက်အခဲ ဖြစ်နေသလို ပြန်ရောက်လာသူတွေလည်း မီးမလာ၊ ဖုန်းလိုင်းမရလို့ အခက်အခဲဖြစ်နေကြကြောင်း သွားရောက် ပစ္စည်း သယ်ယူနိုင်ခဲ့တဲ့ သူတွေက ပြောပါတယ်။

“မီးလည်းမရဘူး။ ရေလည်း အိမ်တိုင်းမရဘူး။ တယ်လီနော ဖုန်းလိုင်းတော့ R ပူးရင် မိတယ်။ ဖုန်းခလည်း တစ်ခါ ထည့်ရင် သုံးသောင်း။ ဈေးပတ်ပတ်လည်မှာပဲ လူစည်တယ်။ ည မထွက်ရဘူး။ စစ်ဆေးလို့ ဗမာမှန်းသိရင် ခုရက် မချောင်ဘူး။ သေဘေးက မနည်းပြေးလာရပြီးပြီ။ ထပ်တော့ မစွန့်စားရဲ သေးဘူး။ လူမသေ၊ ငွေမရှား” လို့ ပြန်လာခဲ့သူက ပြောပါတယ်။

ကိုးကန့် MNDAA စစ်သား တဦးကလည်း လောက်ကိုင်မှာ စစ်ရှောင်စခန်းလည်း မရှိတော့သလို ဗမာလူမျိုးလည်း မရှိတော့ကြောင်း၊ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်၊ အဆောက်အဦးတွေကို ကိုးကန့် MNDAA ဘက်က ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း၊ ဖုန်းလိုင်းတွေကိုလည်း တရုတ်ဖုန်းလိုင်း ဆင်ထားပေးကြောင်း ပြောပြပါတယ်။

လမ်းခရီးမှာ စစ်ဆေးရေးဂိတ် အခက်အခဲဖြေရှင်းပြီး လောက်ကိုင်ရောက်လာတဲ့ အမျိုးသမီးတယောက်က သူကြုံခဲ့ ဖြေရှင်းပြေလည်ခဲ့တာကို ပြောပြတာက
“မှတ်ပုံတင်စစ်ပါဘူး။ မှတ်ပုံတင် လုံးဝ မထုတ်ခိုင်းပါဘူး။ ဗမာရုပ် တအားပေါက်နေတယ် ဆိုလို့ ရှိရင် ယောက်ျားလေး တက်ချင်လို့ ရှိရင် မိန်းကလေးများတဲ့ထဲမှာ၊ မိန်းကလေးဆိုရင် ဗမာပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ရတယ်။ အဲလောက်ကြီး မဟုတ်ဘူး။ ယောက်ျားလေး လိုက်ချင်လို့ ရှိရင်တော့ မိန်းမများတဲ့ ကားနဲ့ ယောက်ျားလေး တစ်ယောက်လောက်နဲ့ အဲလိုမျိုး တွဲစီး။” လို့ ပြောပါတယ်။

ပန်ဆန်းကနေ နမ့်တစ် ဘက်က လာတဲ့လမ်းမှာ ဂိတ် နှစ်ဂိတ် ပဲ ရှိလို့ အဆင်ပြေပြီး သိန္နီ – ချင်းရွှေဟော် လမ်းဘက်ကနေ လာရင် ဂိတ်တွေများလို့ ဗမာလူမျိုးပါရင် ပြန်လှည့် ရသူတွေ ရှိတယ်လို့ သူက ပြောပါတယ်။

ကိုးကန့်ကို ပြန်လာလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ကိုးကန့်ဒေသက ဆိုင်ရှင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ်များအနေနဲ့ မိမိ ပိုင်ဆိုင် ကြောင်း တရားဝင်ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်နဲ့ အခြားေထာက်ခံချက်တွေ ယူလာပြီး အထူးဒေသဈေးကွက်နဲ့ ကုန်သွယ်ရေးကြီးကြပ်ရေးရုံးကို သွားရောက်တင်ပြ လျှောက်ထားနိုင်သလို အထောက်အထား မရှိတော့တဲ့ ဆိုင်ပိုင်ရှင်တွေ အနေနဲ့ အကျိုးအမြတ် ဆက်စပ်မှုလုံးဝ မရှိတဲ့ သူ၊ လောက်ကိုင်မြို့မှာ အမြဲတမ်းနေထိုင်သူ ၂ ဦး အာမခံ ထောက်ခံပေးမှသာ ရယူနိုင်ကြောင်း ကိုးကန့် MNDAA ဘက်က အသိပေးစာ ထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW