ဖေဖော်ဝါရီ ၈ – ၂၀၂၄
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်ကျေးရွာနဲ့ ခုနစ်မိုင်ကုန်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ မိုးကောင်း-ဖားကန့် ၆၆ ကေဗွီ ဓာတ်အားလိုင်းကို နယ်မြေအခြေအနေအရ ပြင်ဆင်ဖို့ အခက်အခဲရှိနေတဲ့အတွက် ဖားကန့်မြို့နယ်မှာ လျှပ်စစ်မီးပြန်ရဖို့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နမ့်တိန်နဲ့ ဖားကန့်မြို့ကြားက ဓာတ်တိုင်တွေ ထိမှန်ပျက်စီးခဲ့တဲ့အတွက် အခုလို ဖားကန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ဆိုရင် မီးပျက်နေတာ ငါးရက်လောက်ရှိပြီ။ လုံးခင်း၊ ဖားကန့်၊ ဆိုင်တောင် အကုန်ပဲ။ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကတော့ နယ်မြေတည်ငြိမ်တာနဲ့ ပြန်ပြင်ဖို့ စီစဉ်နေတယ်လို့ ပြောတယ်။ အခုကတော့ လုံခြုံရေးအခြေအနေအရ သွားလာဖို့ ခက်နေသေးတာပေါ့။ လမ်းမှာ မိုင်းတွေကလည်း ထောင်ထားတော့ သွားလာလို့ အဆင်မပြေသေးဘူး။ ခုပုံစံအတိုင်းဆိုရင် မီးပျက်ဖို့က လကုန်လောက်အထိ ကြာဦးမယ်လို့လည်း ပြောကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖားကန့်မြို့မှာ ရေမဆေးရှာတဲ့ မီး၊ ကျောက်ရည်ဖြတ်တဲ့ ဓာတ်မီးက အစ အားသွင်းပြီး သုံးရတာဖြစ်ပြီး တစ်နိုင်တစ်ပိုင် ကျောက်ဖြတ်ကျောက်သွေး လုပ်ငန်းတွေလည်း အများကြီးရှိနေတဲ့အတွက် လျှပ်စစ်မီးမရတာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဒေသခံတွေ ပိုမို အခက်တွေ့နိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လျှပ်စစ်ရုံးက မီးစက်မောင်းချိန်အတွင်း ဖုန်း၊ ပါဝါဘဏ့်နဲ့ ရေမဆေးလုပ်သားတွေ အသုံးပြုတဲ့မီးတွေ အားသွင်းနိုင်ကြောင်း ရုံးရှေ့မှာ စာရေးကာ ကြေညာထားတယ်လို့ သိရပါတယ်။
“ပျက်သွားတဲ့တိုင်တွေက တောင်ကြားမှာ။ ပြင်မယ်ဆိုရင်တောင် ကရိန်းတွေဘာတွေနဲ့ ရွှေ့မှရမှာ။ အဲ့ဒီ့လို လုပ်ဖို့က လက်ရှိ မြေပြင်အနေအထားအရ အဆင်မပြေဘူး။ မြင်ရတာကတော့ နမ့်တိန်နဲ့ ဖားကန့်မြို့ကြား ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျနေတယ်။ ဓာတ်တိုင်တွေ ကျိုးနေတယ်။ ကြိုးလွန်းတွေ ပျက်စီးနေတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက် ရရှိရင်တော့ အမြန်ဆုံး ပြန်ပြင်နိုင်မှာပါ” လို့ ဖားကန့်မြို့၊ လျှပ်စစ်ရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဖားကန့်မှာ လူဦးရေ တသန်းကျော် နေထိုင်ပြီး လက်ရှိမှာ အဲ့ဒီ့ လူဦးထက်လည်း ပိုများနိုင်တယ်လို့ သိရပါတယ်။
အဲ့ဒီ့မြို့နယ်အတွင်း လက်ရှိမှာ လျှပ်စစ်မီး ရရှိနေပြီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်တိုင်စိုက်ခွင့်မရလို့ လျှပ်စစ်မီး သုံးစွဲနိုင်ခြင်းမရှိသေးတဲ့ မြို့နယ်၊ ကျေးရွာတွေလည်း များစွာ ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နစကတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝှေခါစစ်တပ်ကုန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို အခု ဖေဖော်ဝါရီလ ၂ ရက်နေ့မှာလည်း နမ့်တိန်စစ်တပ်ကုန်းကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် ဖားကန့်မြို့နယ်ထဲမှာ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
နစကဘက်ကတော့ အခုလို KIA ဘက်က သူတို့ရဲ့စစ်စခန်းတွေ သိမ်းပိုက်ထားတယ်ဆိုတာဟာ သတင်းမှားသာဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာတွေကတဆင့် အသိပေး ပြောဆိုထားပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလည်း ရှိနေတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ ကုန်ကားတွေ ထိမှန်မှာကို စိုးရိမ်ရတာကြောင့် မိုးကောင်း–ဖားကန့် ကားလမ်းပိုင်းကို KIA၊ KPDF ဘက်က မနက် ၁၁ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
Photo :Original Uploader