လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီးနဲ့ ရဲတပ်ရင်း (၉) ဖောက်ခွဲ တိုက်ခိုက်ခံရ

 

ဖေဖော်ဝါရီ ၁၄ – ၂၀၂၄

SN (VOM)

မနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ညပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စုပေါင်းရုံးအနီးနဲ့ ရဲတပ်ရင်း (၉) တို့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“စု‌ပေါင်းရုံးနားမှာရယ်၊ ပြီးတော့ ပုသိမ်လမ်းမကြီး၊ နည်းပညာ ကျောင်းလမ်းထိပ်က ရဲတပ်ရင်း (၉) ဘက်မှာ ပေါက်တာ။ ညက ဆက်တိုက်ပဲ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ လူထိခိုက်မှုတွေလည်း ရှိတယ်လို့ ပြောကြတယ်၊ သေချာတော့ မသိသေးဘူး။ အဲ့ဒီ့ ရဲတပ်ရင်း (၉) က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် (နှစ်သစ်ကူးည) ကလည်း ပေါက်ကွဲမှု ဖြစ်ခဲ့သေးတယ်” လို့ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ဖောက်ခွဲတိုက်ခိုက်မှုတွေဟာ မနေ့ည ၉ နာရီ ၇ မိနစ်နဲ့ ၉ နာရီ ၉ မိနစ်တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နစကရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော် အသက်သွင်းမှုအပေါ် အနှောက်အယှက် ဖြစ်စေဖို့ ရည်ရွယ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Dark shadow (UG) မြို့ပြပျောက်ကြားတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညပိုင်းကလည်း နေရာခြောက်ခုမှာ တပြိုင်နက်တည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်၊ ည ၈ နာရီကျော်မှာ လှိုင်သာယာမြို့နယ်၊ ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူးရုံး၊ (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်၊ ရာအိမ်မှူးနေအိမ်၊ (၁၀) ရပ်ကွက် ရာအိမ်မှူးနေအိမ်၊ ပျူစောထီးတဦးရဲ့ နေအိမ်နဲ့ ရဲတပ်ရင်း (၉) တို့ကို တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force (FLA) က အသိပေး ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်၊ မနက် ၇ နာရီလောက်ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၁) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ငမိုးရိပ်ချောင်းဘေး မြေကွက်လပ်မှာ ပစ်ခတ်ဖို့ စီစဉ်ထားတဲ့ ၁၀၇ (မမ) ရှော့တိုက်ဒုံး သုံးလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ့ ရှော့တိုက်ဒုံး သုံးလုံးဟာ မရမ်းကုန်းမြို့နယ်၊ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနဘက်ကို အချိန်ကိုက် ပစ်ခတ်ဖို့ စီစဉ်ထားတာလို့ မြို့နယ်အထွေအုပ်ချုပ်ရေးမှူးရုံးဘက်က ပြောပေမယ့် နစက လုံခြုံရေးတပ်ဖွဲ့တွေဘက်ကတော့ ရန်ကုန်လေဆိပ်နဲ့ လေတပ်ကို ပစ်ခတ်ဖို့လုပ်ထားတာလို့ ပြောဆိုကြောင်း သတင်းတွေအရ သိရပါတယ်။

အဲ့ဒီ့ ရှော့တိုက်ဒုံး သုံးလုံးဟာ တရုတ်နိုင်ငံထုတ် အမျိုးအစားဖြစ်ပြီး စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက သက်မဲ့ပြုလုပ်ကာ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ဖို့ ချိန်ရွယ်ထားတဲ့ ရှော့တိုက်ဒုံးတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW