ဆူးငှက်
အနုပညာရှင်
“ကျွန်တော်ပြောနေတဲ့ ခံစားချက် ဆည်းပူးနေတယ်ဆိုတာပင်၊ စင်စစ် တော့ ဝေဒနာနုပဿနာ စိတ်္တာနုပဿနာ သဘောသတိပဋ္ဌန်သဘောပဲဖြစ်ပါတယ်။ မိမိတို့ ဘယ်လိုအာရုံတွေနှင့်တွေ့တဲ့အခါ ဘယ်လိုစိတ်ပေါ်တယ်၊ ဘယ်လိုစိတ်တွေ ကြောင့်ဒုက္ခ၊ သုခ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာစတဲ့ ဝေဒနာတွေပေါ် တယ်ဆိုတာ ပွားများနေတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပန်းချီတို့၊ ပန်းပုတို့၊ ဂီတတို့၊ သီချင်းတို့၊ ကဗျာ၊ ဓာတ်ပုံ စသည်တို့ကို အရသာခံတတ်ရင် ပညာရှင်တစ်ဦးဖြစ်ပါပြီ။ ဒါပေမယ့်သုခုမပညာရှင်က အရသာခံရုံ တင်မဟုတ်ပါဘူး။ မိမိတု့ိစားရတဲ့ အရသာ ကိုပဲ ပန်းချီ၊ ပန်းပု၊ ဂီတ၊ လင်္ကာ၊ ဓာတ်ပုံ၊ သီချင်းစသည့် မိမိတို့အစွမ်းပညာနှင့် သူတစ်ပါးတို့ကို အရသာခံနိုင်အောင် တစ်ဆင့် ဖောက်သည်ချတတ်ရပါသေးတယ်”
(အနုပညာရသ- ဓားတန်းဦးသန့်)
လွန်ခဲ့တဲ့ ၄၈နှစ်ကာလ….၊ တိတိကျကျဆိုရလျှင် ၁၉၇၆ ခုနှစ် မေလ(၂၂) ရက်နေ့က မန္တလေး ဟံသာဝတီ သတင်းစာတိုက်၊ ဘိုးဝဇီရခန်းမတွင် ကျင်းပသော စနေစာပေဝိုင်း၌ ““အနုပညာရသ””အမည် နှင့် စာတမ်းတစ်စောင်ကို ဓားတန်းဦးသန့် က တင်သွင်းဖတ်ကြားခဲ့လေသည်။
တကယ်တော့ ဓားတန်းဦးသန့်ကို ၁၉၇၆ ခုနှစ်မှ စာတမ်းတစ်စောင်တစ်ဖွဲ့ အနေနှင့် ရေးသားတင်သွင်း ဖတ်ကြားသဖြင့် တအံ့တသြသတိမူရမည့် ပုဂ္ဂိုလ်မဟုတ်မူဘဲ၊ မန္တလေးသားများအနေဖြင့် ဓားတန်းဦးသန့်၏ သုခုမဆိုင်ရာအတွေးအခေါ်၊ အပြုအမူအတိမ်အနက်ကို ၁၉၇၆ ခုနှစ်၏ ရှေ့ပိုင်း နှစ် ၅၀ ဝန်းကျင်ကတည်းက သတိပြု မိပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ရှေးရိုးစဉ်လာတူရိယာပစ္စည်းများဖြင့် အရိုးအသား ပီပီသသတီးမှုတ်သီဆိုခဲ့ သော မြန်မာ့ဂီတကို အနောက်တိုင်းတူရိ ယာပစ်္စည်းများ၊ ကမ္ဘာသုံးသင်္ကေတများ၊ အနောက်နိုင်ငံစနစ်သုံး ဝိုင်းဖွဲ့ပုံစံများဖြင့် ခင်းကျင်းပြခဲ့သည့် ““မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်း””ကို ၁၉၂၅ ခုနှစ်တွင် စတင်သန္ဓေတည်ပြီး ၁၉၂၈ ခုနှစ်တွင် အပီအပြင် ဖွဲ့စည်းရာ၌ ဓားတန်းဦးသန့်က လက်မွန်မဆွဦးဆောင်ပါဝင်ခဲ့သောကြောင့် ဖြစ်ပါ၏။
ဓားတန်းဦးသန့်သည် ငယ်စဉ်ကတည်းက ပစ္စည်း ဥစ္စာကုံလုံကြွယ်ဝသည်နှင့်အမျှ ဝါသနာသန်ရာ အနုပညာများကိုနောက်ဆံမငင်ဘဲ လိုက်စားခဲ့သည်။ နေထိုင်ရာ တိုက်အပေါ်ထပ်တွင် မှန်စီရွှေချ မြန်မာဆိုင်းဝိုင်းကြီး တစ်ခုကို ဝယ်ယူတင်ထား၍ ရွာစား ကြီးစိန်ဗေဒါကို အိမ့်သို့ပင့်ဖိတ်ပြီး မြန်မာ့ဂီတ၊ မြန်မာ့ဆိုင်းပညာကို သင်ယူခဲ့သည်။ အလားတူ မြန်မာစောင်းကိုလည်း ရွှေနန်းတော်ထွက် စောင်းဆရာကြီး ဒေဝဣန္နာ မောင်မောင်ကြီးထံက သင်ယူခဲ့သည်။ ဆရာကြီးသမားကြီးများနှင့်လိုလိုလားလား မှတ်ယူသင်ကြားသည့်အပြင် ကိုယ်တိုင်ကလည်း ဗီဇ၊ ပါရမီအခံ ရှိသည့်အလျောက် သင်ပေးသမျှအကောက်အယူမြန်လွန်းသူ၊ ထက်မြက်လွန်းသူဟူ၍ အသိအမှတ်ပြုခံ ရသည်။
မြန်မာ့ဂီတ၊ မြန်မာဆိုင်းပညာကို ဒေဝဣန္နာ မောင်မောင်ကြီးနှင့် စိန်ဗေဒါ ကဲ့သို့သော ပညာရှင်ကြီးများထံမှ ကိုယ်ဖိ ရင်ဖိသင်ယူနေစဉ်၊ တစ်ဖက်မှာလည်း ခေတ်ပေါ်အကော်ဒီယံ၊ လေမှုတ်နှင့် စန္ဒရား အတီးပညာများကိုလည်း ကမ္ဘာသုံး သင်္ကေတနှင့် ဆရာကောင်းသမားကောင်းများထံမှ ပေါက်မြောက်သည်အထိ သင်ယူခဲ့ပြန်သည်။ အနောက်တိုင်း တူရိယာနှင့် ကမ္ဘာသုံးသင်္ကေတဆိုင်ရာအတွက် ဓားတန်း ဦးသန့်ကို နည်းပညာပေးခဲ့သူများမှာ မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာဒေးဗစ် စသူတို့ ဖြစ်သည်ဟုမှတ်သားရသည်။ မစ္စတာရီဂိုက အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံ (ယခုရွှေတိုက်ရုံ)ဝင်းအတွင်း နေထိုင်သူဖြစ်ပြီး ရုပ်ရှင်တီးဝိုင်းစန္ဒရားဆရာဖြစ်ကာ ““ရီဂိုဗင်””ဟူသော တီးဝိုင်းနှင့် ဂီတသင်တန်း ကျောင်းဖွင့်လှစ်ထားသူဖြစ်သည်။ မစ္စတာဘော်ဘီက ထရန်ပက်သမားတစ်ဦးလည်း ဖြစ်သည်။ တူရိယာ ပစ္စည်းများ၊ ဂီတဆိုင်ရာ စာအုပ်စာတမ်းများ ရောင်းချသော ဆိုင်မှဖြစ်သည်။ မစ္စတာဒေးဗစ်က နန်းတွင်း စစ်ဘင်ခရာ တီးဝိုင်း ခေါင်းဆောင်ဟု ဆိုသည်။ ဓားတန်းဦးသန့်က အိမ်မှာလည်း စန္ဒရားရှိသည်။
မြန်မာသီချင်းကြီးသီချင်းခန့်များကို စနစ်တကျ တတ်ကျွမ်းကျေညက်သည့်နည်းတူ ကမ္ဘာ့ဂီတဆိုင်ရာ ဂီတ နည်းပညာများ ကိုလည်း လေ့လာတတ်မြောက်ထားပြီး စန္ဒရားနှင့်ပတ်သက်သမျှ တီးနည်းတီးဟန် (Piano Techniques) များကိုလည်းနားလည်တတ်ကျွမ်းသည့်အခါ၊ ဂီတသစ်အတွက် စိတ်ကူးသစ်၊ အတွေးသစ်များ ကွန့်မြူးလာသည်မှာ သေချာသည်။ ထို့ကြောင့်လည်း မြန်မာသီချင်းကြီးများကို စန္ဒရားသဘောပါသော ကမ္ဘာ့ဂီတဖွဲ့စည်းမှုနည်း စနစ်များဖြင့် ဖန်တီးချင်လာသည်။ ကမ္ဘာ့ဂန္ထဝင် ဂီတဆရာကြီးများ၏ ဂီတအဖွဲ့အနွဲ့ များကို တရှိုက်မက်မက် ရှာဖွေတီးခတ်လေ တိုင်း ထိုဆန္ဒ၊ ထိုအာသီသက ပွင့်ထက်မတတ် ပြည့်တင်းလာသည်ချည်းဖြစ်၏။
ဓားတန်းဦးသန့်၏ တိုက် အပေါ်ထပ်တွင် စုဝေးကာ လမ်း၈၀ အနောက်ကျုံးလမ်း မစ္စကွစ် ကုန်တိုက်က ဝယ်ယူလာသည့်အနောက်တိုင်း ဂီတ ဓာတ်ပြားများကို ဖွင့်ကာ နားထောင်ကြသည်။ များသောအားဖြင့် အနောက်တိုင်း ဂန္ထဝင် တေးကြီးဘွဲ့ကြီးများကို နားထောင်ဖြစ်ကြသည်။ ထိုသို ဂီတဓာတ်ပြားများ နားထောင်ကြရုံသာ မက အနောက်နိုင်ငံစာအုပ်များ စာစောင်များကဂီတအကြောင်း စာပေများ ဆောင်းပါးများကိုလည်း စုဝေးကာ ဖတ်ရှု နှီးနှောကြသည်မှာ နေ့စဉ် ညစဉ်လိုဖြစ်သည်။
ထိုနောက် ဓားတန်းဦးသန့်သည် စိန်ဗေဒါကြီး ပတ်စမ်း၊ တိမ်ထိုး၊ အပျိုတော်အက လေးခင်းဗုံထောက်နှင့် မြို့မငြိမ်း၏အိမ်သူပီပီတို့ကို စမ်းသပ်ကြည့်သည်။ တေးသွား များအတွက် ပတ္တလားလက်နှစ်ဖက်တီး အတွဲအဖက်များကို ညာဖက်လက်တစ်ဖက် တည်းဖြင့်တီးကာ၊ ဘယ်ဘက်ကို ဆိုင်း ဝိုင်းအယူအဆမှ စည်းချက်၊ ဝါးချက်၊ စခွန့် ပတ်မတို့၏ အဆစ်အဆို့တို့ကိုအခြေပြုလျက် စန္ဒရားတီးကွက် (Piano Piece) များဖန်တီးပြုစုခဲ့သည်။ အဆိုပါတေးသွား လေးပုဒ်ကို သူဖြစ်ချင်သည့်ပုံစံဖြင့်တီးခတ်အောင်မြင်သောအခါ မြန်မာ့မဟာဂီတမှ ““ချစ်သမျှကို”” ပတ်ပျိုးကြီးအတွက် စန္ဒရား တီးကွက်များ ပြုစုခဲ့ပြန်၏။
““ချစ်ခဲ့သမျှကို”” အတွက် စန္ဒရားတီး ကွက်ပြုစုရာတွင် စန္ဒရားမပေါ်မီ Harpsichard Sonatas တစ်ဖက်သွားHarpsichard တူရိယာတီးကွက်များမှ တီးနည်းတီးဟန်များကို ထည့်သွင်းဖန်တီးထားရာ၌ တေးသွား (Melody) ကို ညာလက်နှင့်ပုံဖော်၍ ဆီလျော်လိုက်ဖက်သောစည်းချက် (Rhythan) ကို ဘယ်လက်နှင့် တီးပေးသည်။ ဘယ်လက်စည်းချက်တီးကွက်များသည် ညာလက်နှင့်ကပ်လျက် မျဉ်းပြိုင် သဏ္ဍာန် (Parallel) အောက်ဆင်းလိုက်၊ အထက်တက်လိုက်…။ ရံဖန်ရံခါ ဆန့် ကျင်ဖက် (Contrary) သဘောမျိုး…။ ရံဖန်ရံခါ ညာလက်သည် စည်းချက်ဖြစ် ကာ ဘယ်လက်တေးသွားသည် သံတူနှစ် ပြန်(သို့မဟုတ်) သုံးပြန် (Two Octaves or Three Octaves) မျှ ညာလက် စည်းချက်လက်ကွက်များကို ခုန်ကျော်ကာ လက်ကျော်အနေအထားများ(Over Hand) ကြောင့် ဂီတ၏ လှပ အားကောင်းသော တီး လုံးတီးကွက်များကို ကြားနေရုံမျှမက၊ တီးခတ်နေသူ၏အကျော်အလွှားများဖြင့် မြူးကြွခုန်ပျံ အားစိုက်တီးနေဟန်ကိုပါ မြင်တွေ့ နိုင်သည်။
ဓားတန်းဦးသန့်က ““ချစ်သမျှကို”” သာမက ““ပန်းမြိုင်လယ်”” ဖရိန်းချားကြီးကိုလည်း၊ ဤသို့သော စန္ဒရား တီးကွက်များဖြင့် ပြုစုခဲ့သည်။ မန္တလေးရုပ်ရှင်တည်ထောင်သည့် နှစ်ဦးပိုင်း (၁၉၅၅-ခုနှစ်) ကာလက ရုပ်ရှင်ခြံဝင်း အတွင်းတွင် ဓားတန်းဦးသန့်က ““ချစ်သမျှကို”” နှင့် ““ပန်းမြိုင်လယ်” ကို စန္ဒရားတွင် လက်ဆယ်ချောင်းနှင့် အတွဲအဖက်များဖြင့် တီးခတ်ပြီး ရွှေမန်းတင်မောင်ကို သီချင်းဆိုစေသည်။ အဆိုက ဆိုရိုးဆိုစဉ်အတိုင်း သမားရိုးကျ အပီအပြင်သီဆိုသည်ကို စန္ဒရားက ကွက်ပျောက်သံဆန်းနှင့် တီးခတ်သွားသည်မှာ ဆန်းသစ်၍ အံ့သြဖွယ်လည်း ကောင်းလှသည်ဟု နားထောင်ရသည့်သူများက မှတ်ချက်ချ ခဲ့ကြသည်။
ဓားတန်းဦးသန့်က မြန်မာ့မဟာဂီတ ဝင်သီချင်းကြီးများကို ယခုကဲ့သို့ တီးခတ် ပြသောအခါ အချို့သော သမားရိုးကျရှေးရိုးဝါဒီများက မျက်မှောင်ကြုံ့ကြ၏။ မြန်မာသီချင်းကြီး အမွန်အမြတ်များကို အနောက် တိုင်းဂီတနည်းစနစ်ဖြင့် ဖျက်ဆီးပစ်သည် ဟုလည်း စွပ်စွဲကြ၏။ ဓားတန်းဦးသန့်၏ အယူအဆမှာ ““ယဉ်ကျေးမှု၏ သဘောသ ဘာဝတွင် ရိုးရာကို ကိုယ့်လူမျိုးသဘာဝ၊ ကိုယ့်လူမျိုးစရိုက်၊ ကိုယ့်ဓလေ့ကိုယ့်ဟန် နှင့် ထိန်းသိမ်းရမည့် ရိုးရာအနုပညာတစ် ရပ် (Traditional Art) ရှိသလို၊ မြန်မာ့ယဉ်ကျေးမှုမျှမက ကမ္ဘာ့ယဉ်ကျေးမှုသို့တိုင် လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ချစ်ခင်ရင်းနှီးဆက်ဆံမှုများတွင် ကမ္ဘာကနားလည်သော မြန်မာ့ယဉ်ကျေးမှု မျိုးလည်း ရှိသင့်ပါသည်။ ကမ္ဘာ့ဂီတ စန္ဒရား နည်းပညာဖြင့် ဖန်တီးခဲ့သောသူ၏ ““ချစ်သမျှကို””ပတ်ပျိုးမှာ မြန်မာစန္ဒရားဝါသနာ ရှင်များအတွက် အခြေခံသုတေသနပြုမှု လေးတစ်ခုအဖြစ် သင်္ကေတဖြင့်စနစ်တကျ မှတ်တမ်းတင် ထားရစ်ခဲ့ခြင်း ဖြစ်ပါသည်”” ဟူ၍ ဖြစ်သည်။ ထိုအယူအဆကို ဓားတန်း ဦးသန့်က မန္တလေးတက္ကသိုလ် ဇီဝဗေဒဌာနမှ ပါမောက္ခ Dr.Frederick Delphen နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မှတ်သားရဖူးသည်။ပါမောက္ခ Dr.Frederick Delphen သည်လည်း စန္ဒရား ပညာရှင်တစ်ဦးဖြစ်သည်။
ဓားတန်းဦးသန့်၏ ဂီတအယူအဆ၊ ဂီတဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဂီတသုတေသီ ပညာရှင်ကြီးတစ်ဦး ဖြစ်သော ဦးခင်ဇော် (ဆရာ K) က မြန်မာ့ ဂီတအလှအပ ဆိုင်းဝိုင်းကြီး၏ ဂီတအလှ ပျက်ဆီးသွားမှာ ပျောက်ကွယ်သွားမှာ စိုးရိမ်ရှာသည်။ ယဉ်ကျေးမှုရေးရာတွင် အရှိ ပကတိအလှကိုသာ မြန်မာ့သဘာဝ၊ မြန်မာ့ ဂီတအဖြစ် ကမ္ဘာသို့မြင်စေလိုသူ ဦးခင်ဇော် (ဆရာ K) သည် မြန်မာ့ဂီတလောကကို တည်ငြိမ်အေးဆေးသော မြန်မာ့မူဟန် အရင့်ကျက်များဖြင့် တည်တံ့စေလိုသည်။မြန်မာ့ဆိုင်းဝိုင်းကြီးမှ ပတ်တီးဆရာ၊ နှဲဆရာ၊ ကြေးနောင်၊ မောင်းဆိုင်း၊ စခွန့်၏ အဆစ်၊ အဆို့များဖြင့် တစ်ဦးစီလက်စွမ်းပြလျက် မြိုင်ဆိုင်စွာ တီးခတ်မှုကိုပဲ သဘောကျသည်။နှဲကဲ့သို့သော မြန်မာ့တူရိယာသည် Tone, semi-tone (သံပြည့်သံဝက်)ခွဲခြားသတ် မှတ်သော Key, hole (ခလုတ်၊ အပေါက်) များ မပြည့်စုံစေကာမူ၊ တီးမှုတ်သူပညာရှင်က လေ၊ လက်၊ နှုတ်ခမ်း၏အဖျစ်၊ အညစ်၊ အခိုး၊ အဝှက်၊ အရှူ၊ အရှိုက် စသည့် ပညာ သမ္ဘာများ ဖြည့်စွက်ကာ အနုပညာဖော် ထုတ်ပေးပုံကို သဘောကျသည်။ဓားတန်း ဦးသန့်ကမူ အဆင်မြင့်ခေတ်မီ ဂီတကို တည်ဆောက်ကြံဆ ရာတွင် စံနမူနာယူဖွယ် တရုတ်၊ ကိုရီးယားတို့ကဲ့သို့ ရိုးရာတူရိယာ များ၊ ပညာများကို ရိုးရာလိုသင်ကြားတတ် မြောက်စေ၍ ခေတ်မီခေတ်ပေါ်တူရိယာ စန္ဒရား၊ တယော၊ လေမှုတ် စသည့်တူရိ ယာများကိုမူ ကမ္ဘာ့ဂီတစနစ် ကမ္ဘာ့နည်း ပညာအတိုင်း သင်ယူလေ့လာတိုးတက်စေ လိုသည်။ ခေတ်မီတိုးတက်သည်နှင့်အမျှ မြန်မာ့ဂီတမှာ နေလိုထင်ရှား၍ ကမ္ဘာတစ်လွှား မော်ကြွားစေလိုသူ၊ ရဲရဲတောက် ဂီတ အတွေးအခေါ်ဖြစ်သည်။
“ထို့ကြောင့်လည်း ဓားတန်းဦးသန့်နှင့် ဆရာဦးခင်ဇော်(K) တို့သည် ကနဦးအစ နားလည်မှုလွဲကာ အဖုအထစ် လေးများပင် ဖြစ်ခဲ့၏။ သို့သော် ယဉ်ကျေးဖွယ်ရာ နက် ရှိုင်းသောပညာရှိများမို့ တစ်ဦးနှင့်တစ်ဦး ဂီတရေးရာများကို အပြန်အလှန်စာချင်းဆက်သွယ်၍ ဆွေးနွေးကြသည်။ အမြင်ဖ လှယ်ကြသည်။ ညှိနှိုင်းကြသည်။ ဤသို့ဖြင့် နောက်ပိုင်းတွင် ဓားတန်းဦးသန့်၏ ဂီတအယူအဆများကို ဆရာဦးခင်ဇော် နားလည်လာသည်။ နားလည်ပုံ နားလည်နည်းကလည်း စိတ်ဝင်စားစရာကောင်းလှသည်။မှတ်သားရသည်က ဤသို့ဖြစ်သည်။
ဓားတန်းဦးသန့်သည် ဂီတကိုခံယူမှု ဂီတကိုလေ့လာမှု၊ ဂီတကို ချဉ်းကပ်မှု၊ ဂီတကို ဖန်တီးမှု၊ ဂီတနှင့် လောကအမြင်ဆိုင်ရာများတွင် သူနှင့် နှစ်ကိုယ့်တစ်စိတ်ပမာ ဖြစ်ရသူက ညီအကိုတမျှချစ်ခင်ရင်းနှီးသော မြို့မငြိမ်း ဖြစ်သည်။ နှစ်ယောက်အတူတွဲ၍ သူတို့ခံယူရည်မှန်းသော ဂီတအလုပ်ကို စိတ်တူကိုယ်မျှ လုပ်ဆောင်နေကြစဉ် မြို့မငြိမ်း က ၁၉၅၅-ခုနှစ်စက်တင်ဘာလ (၁၅) ရက်နေ့တွင် မထင်မှတ်ဘဲ လက်တွဲဖြုတ် သွားခဲ့၏။ ထို့ကြောင့်လည်း ၁၉၅၅ မှ ၁၉၆၃ အထိ (၈)နှစ်တာမျှစိတ်ချိအားပျက်ခဲ့ရသည်။ သို့သော် အသက်နှင့်ယှဉ်၍ ယုံကြည်ခဲ့သော ဂီတခံယူချက်များကိုဖြင့် အပျက်ပြယ်မခံ…။ ထို့ကြောင့်ဆရာမြို့မငြိမ်းရှိစဉ်ကတည်းက ပန်းချီဆရာကြီး ဦးဘသက်နှင့်အတူ လာရောက် အပ်နှံထားသော ကိုသိမ်းမောင်ကိုသူ၏တီထွင်မှုများဖြစ်သည့် ချစ်သမျှကို၊ ပန်းမြိုင်လယ်၊ စိန်ဗေဒါ ပတ်စမ်း၊ တိမ်ထိုး၊ အပျိုတော်အက၊ အိမ်သူပီပီတို့၏ စန္ဒရားတီးကွက်များကို လက်ထပ်သင်ပြ တက်ယူစေခဲ့သည်။ ၁၉၆၃ ခုနှစ် မန္တလေးပန်တျာနှင့် အနုပညာကျောင်း သို့ ဆရာဦးခင်ဇော်(K) က ပြန်လည်ပြု ပြင်ရေးသားပြီး မြန်မာကြိုးသီချင်းများကို စစ်ဆေးရေးတာဝန်နှင့် ရောက်သည့်အချိန်တွင် ကိုသိမ်းမောင်က ဓားတန်းဦးသန့်၏ ““ချစ်သမျှကို”” စန္ဒရားတီးကွက်ကို ဆရာ ဦးခင်ဇော် ရှေ့မှောက် တီးခတ်ပြသခဲ့သည်။
ဆရာဦးခင်ဇော်အလုပ်လုပ်နေသည့်မန္တလေးပန်တျာကျောင်း၏ မျက်နှာစာ တစ်ထပ်တိုက်အခန်းတွဲ၏ တောင်ဘက်စွန်း အခန်းတစ်ခန်းထဲတွင် အမေရိကန်လုပ် Wurlitzen စန္ဒရားခုံတွင် ဆရာဦးခင်ဇော်၊ ပန်တျာ ကျောင်းအုပ်ကြီး ဦးစိန်ညွန့်၊စန္ဒရား ဦးအုန်းမောင်၊ စန္ဒရားကိုဘို (ယခု ဆရာဦးဘို)တို့ ရှေ့မှောက်တွင် ကိုသိမ်းမောင်က ဓားတန်းဦးသန့်၏ ““ချစ်သမျှကို”” ပတ်ပျိုး စန္ဒရားတီးကွက်ကို တီးခတ်ပြသည်။ စတင် တီးခတ်ချိန်တွင် ဆရာဦးခင်ဇော်မှာ ကျော ပေး၍ မီးခိုးချောင်းချောင်းထမျှဆေးတံမှုတ်၍ အလုပ်ရှုပ်နေသော်လည်း မကြာမီ မှာပင် ကျောပေးနေရာမှ စန္ဒရားရှိရာဘက်သို့လှည့်၍ လက်ထဲရှိဆေးတံကြီးကိုမြှောက်လျက် “ဟ…ကိုယ်ဖြစ်ချင်တာဒါမျိုးပဲ”” ဟူ၍ ကြုံးဝါး လိုက်သည် ဆို၏။ ကိုသိမ်းမောင်ကိုလည်း ဦးခင်ဇော်ကMr.Pianist ဟုပင် ဂုဏ်ပြုခဲ့သည်။
ကိုသိမ်းမောင်(စန္ဒရားသိမ်းမောင်) တီးပြသော ““ချစ်သမျှကို”” ပတ်ပျိုးကို အကြောင်းပြု၍ပင် အဆိုပါ Piano Piece စန္ဒရားတီးကွက်ကို ပြုစုသည့် ဓားတန်းဦးသန့်နှင့် ဆရာဦးခင်ဇော်တွေ့ဆုံသည်။ စကားပြော ဖြစ်သည်။ ထို့နောက် မြန်မာ့ဂီတ၊ ကမ္ဘာ့ဂီတနှံ့စပ်သူ၊ မွှေနှောက်ချောက်ခြား နိုင်သူ ပုဂ္ဂိုလ်ကြီးများဖြစ်သည့်အားလျော် စွာ အချိန်ရတိုင်း ဂီတရေးရာများကိုဆွေး နွေးကြသည်ဆို၏။ ထိုအကြောင်းအရာများကို ဆရာဦးခင်ဇော်က သူ၏ Burmese Culture General and Particular စာအုပ်တွင် ရေးသားခဲ့သည်။
ဆရာဦးခင်ဇော်(K)က ဓားတန်း ဦးသန့်ကို ““ဂီတကိုသာမက အခြားပညာရပ်များတွင်လည်း ဝါသနာပါ လိုက်စားသူပညာရေးသမားစစ်စစ်ဖြစ်သည်””ဟု သုံးသပ်ခဲ့သည်။ ဓားတန်းဦးသန့်က စာလည်း အလွန်ဖတ်သူဖြစ်သည်။ ပလေတို၊ အရစ်တိုတဲ့လ်၊ အဲပစ်ကျူးရပ်မှသည် ဟော့ဘ်၊ စပင်နိုဇာ၊ ဘတ်တလာတို့၏ လူမှုဘဝတွင် မည်ကဲ့သို့ ရှင်သန်နေထိုင်သင့်သည်ဟူသောဒဿနများ၌လည်း နှံ့စပ်သည်။ အမေရိကန် ဂန္ထဝင်များမှ သဘာဝဓမ္မဗေဒပညာရှင် ဟင်နရီဒေးဗစ်သော်ရဲ၏ ဘဝမျိုးကိုလည်း နားလည်အောင်ခံစားကြည့်နိုင်သည်။ ဓာတ်ပုံပညာကိုလည်း ထဲထဲဝင်ဝင် ပေါက် ပေါက်မြောက်မြောက်လိုက်စားခဲ့သည်။ ဓာတ်ပုံအယူအဆများနှင့်ပတ်သက်၍ ရှေးရိုးစွဲအယူအဆများမှ ရုန်းကန်ထွက်ပြီး ““အနုပညာသဘောစစ်စစ်”” ဓာတ်ပုံကောင်း များဖန်တီးခဲ့၏။ ““သုခုမသမားဆိုတာ Sincere ဖြစ်ရပါမယ်၊ ရိုးသားဖြောင့်မတ်ရပါမယ်၊ ဆိုလိုတာက ဥပမာ- ကျွန်တော်တို့ဓာတ်ပုံအသင်း မှာပါတဲ့ အသင်းသားတွေဟာ သူ့အရွယ်နဲ့သူ ဆိုတာလို ရှုခင်းအလှလေးတွေ၊ မိန်းကလေးတွေရဲ့အလှလေးတွေ၊ ရှုခင်းနဲ့ မိန်းကလေးတွေနဲ့ တွဲရက်အလှလေးတွေ ခံတွင်းတွေ့ပါရက်၊ ရင့်တဲ့သုခုမဆရာဟာ တရားဟောရတာ ဆိုပြီးတရားပေးပုံတွေ၊ ပညာ ပေးပုံတွေပဲ ရိုက်မယ်လို့ကြိုးစားရင်၊ ဒါ..မရိုးသားရာကျပါတယ်။ အမှန်ကိုယ်အခုခံတွင်း တွေ့နေပြီးအခုဖော်ထုတ်ချင်တဲ့ သဘောသာ ဖော်ထုတ်ရန်လုံးပမ်းရပါမယ်။ နောက်တော့ သူ့ဟာသူပြောင်းလဲလာမှာပါ””ဟူသော ဓားတန်းဦးသန့်၏ ““အနုပညာရသ”” စာတမ်းပါ အယူအဆသည် ပွင့်လင်းလွတ်လပ်သည့် အနုပညာစစ်စစ် အယူအဆဖြစ်ပါ၏။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ဓားတန်းဦးသန့်နှင့်ဦးခင်ဇော်(ဆရာK)