သုံးနှစ်ကျော်အတွင်း သုံးဆနီးပါး စျေးမြင့်တက်လာတဲ့ ရွှေနဲ့ ဒေါ်လာ

 

မတ်၊ ၆ ၊ ၂၀၂၄

SN (VOM)

မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေဟာ အပြောင်းအလဲတွေ ကြုံတွေ့ရမှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ရွှေနဲ့ ဒေါ်လာဈေးဟာလည်း လတ်တလောမှာတော့ လှုပ်ခတ်မှုတွေနဲ့ အတက်ဘက်ကို ရောက်ရှိနေပါတယ်။

ရွှေနဲ့ ဒေါ်လာဟာ အတက်ဘက်ကို ရောက်ရှိနေပေမယ့် ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။ အမေရိကန်ဒေါ်လာဈေးဟာ လက်ရှိမှာ တဒေါ်လာကို ပြင်ပပေါက်ဈေး ငွေကျပ် ၃၆၂၀ ဝန်းကျင် ရောက်ရှိနေတာပါ။ ရွှေဈေးကတော့ သုံးဆယ့်ကိုးသိန်း ရှစ်သောင်းဈေး ဖြစ်ပေါ်နေပြီး သိန်း ၄၀ နားကို တဖြည်းဖြည်း ချဉ်းကပ်လို့လာနေပါတယ်။

ပြည်တွင်းရွှေဈေးဟာ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် နှစ်ရက်အလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် (စနေနေ့) ဈေးကွက်အပိတ်မှာ တကျပ်သား ဆယ့်သုံးသိန်း နှစ်သောင်းဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သုံးနှစ်ကျော်ကာလ ဒီကနေ့ မတ်လ ၅ ရက်နေ့ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ကျပ် နှစ်ဆယ့်ခြောက်သိန်း ငါးသောင်း ကွာဟနေတာပါ။

“လက်ရှိ ပြည်တွင်း ရွှေဈေးကွက်ကတော့ ရွှေဈေး မြင့်တက်လာတဲ့အတွက် စောင့်ကြည့်အနေအထား ဖြစ်နေတယ်။ အရောင်းရော အဝယ်ရော ပါးနေပါတယ်၊ ဈေးကွက်အေးနေတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိ ရွှေဈေးကွက်မှာ အမှန်တကယ်အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေကို ရွှေဆိုင်တွေက ဖော်ပြတာမရှိတော့ပါဘူး။ မှောင်ခိုဈေးကွက် အားသာနေတဲ့ဆိုတဲ့ သဘောပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကလည်း သတ်မှတ်ဈေးနှုန်းနဲ့ မညီရင် အရေးယူမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိတဲ့အတွက် ရောင်းရဝယ်ရ ခက်နေတဲ့ အနေအထားမျိုးလို့ သူက ပြောပါတယ်။

ဆက်လက်ပြီး ငွေကြေးဈေးကွက်ကို ကြည့်မယ်ဆိုရင် အမေရိကန်ဒေါ်လာဈေးဟာ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် တရက်အလိုက တဒေါ်လာ ၁၃၃၅ ကျပ်သာ ရှိခဲ့တာဖြစ်ပါတယ်။ သုံးနှစ်အလွန် ဒီကနေ့ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ၂၂၇၅ ကျပ် ကွာဟနေပါတယ်။

“ဈေးကွက်တော့ အေးသွားတယ် ပြောရမှာပဲ။ ဈေးတွေ တက်လာတော့ ထုံးစံအတိုင်း အဖမ်းအဆီးတွေ ရှိလာတယ်။ ဟွန်ဒီဈေးကွက်အနေနဲ့ အရောင်းအဝယ် သိပ်မဖြစ်ဘူး။ လတ်တလော နိုင်ငံခြား သွားမယ့်သူတွေ ဝယ်ကြတာလောက်ပဲ ရှိတယ်” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းရဲ့ အတက်အကျဟာ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ပြင်ပဒေါ်လာပေါက်ဈေးအပေါ် အခြေခံတာဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တအောင်စ ၂၁၂၄ ဒေါ်လာကို ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတော့ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၂၀၃၆ ဒေါ်လာသာ ရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှု အချက်အလက်တွေကြောင့် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်ငွေကြေးဈေးကွက်မှာတော့ ဒေါ်လာတန်ဖိုးဟာ သုည ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ်လို့ သိရပါတယ်။

ရွှေနဲ့ ငွေဈေး မြင့်တက်နေရတဲ့ နောက်ထပ် အကြောင်းအရာတခုကတော့ နစက က သွင်းကုန်လိုင်စင်တချို့ ပြန်ချပေးလိုက်တာကြောင့် ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြည်ပကနေ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံး ကုန်၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ စသဖြင့် တင်သွင်းမယ့် သွင်းကုန်သမားတွေအတွက် ဒေါ်လာဝယ်လိုအား များလာတဲ့အတွက် ဈေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ရွှေဈေးလည်း တပါတည်း လိုက်ပါ မြင့်တက်လာတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက တညီတညွတ်တည်း သုံးသပ်ကြပါတယ်။

နစကအနေနဲ့ ငွေကြေးကျပ်တည်းမှုကို ဖြေလျော့ဖို့ ကြိုးစားတာမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ငွေလဲနှုန်းသတ်မှတ်ခြင်းကို ပယ်ဖျက်ခြင်း၊ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ ၂၁၀၀ ကျပ်နဲ့ဖြတ်ယူပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုခြင်း၊ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ ပြောင်းတင်ပို့မှုမှ ရရှိလာတဲ့ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို ပြည်ပမှ စက်သုံးဆီဝယ်ယူမယ့် ကုမ္ပဏီတွေဆီ ရောင်းချပေးစေခြင်း စသဖြင့် လုပ်ဆောင်ခဲ့ပါတယ်။

အလားတူ နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်လာမှာကို စိုးရိမ်ပြီး တင်းကျပ်ထားတဲ့ သွင်းကုန်လိုင်စင် ချထားပေးမှုကိုလည်း ပြီးခဲ့တဲ့ ဇွန်လမတိုင်ခင်က ထုတ်ပေးခဲ့တယ်လို့ ဒေါ်လာလဲလှယ် ရောင်းဝယ်ရေးသမားတွေဆီက သိရပါတယ်။ အခုအတိုင်း ဈေးကွက်လိုအပ်ချက် ရှိနေရင် ဒေါ်လာဈေး တရိပ်ရိပ်တက်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။

အခုလို အကြောင်းအခြင်းအရာတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရွှေနဲ့ ကန်ဒေါ်လာဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် ပြင်ပဈေးကွက်မှာ အဖမ်းအဆီးတွေလည်း ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်ကစလို့ တချို့သော လုပ်ငန်းရှင်တွေကို တာဝန်ရှိသူတွေ က ခေါ်ယူစစ်ဆေးနေပြီး ဒီထဲမှာ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းရှင် ငါး ယောက်နဲ့ ရန်ကုန်နဲ့ မန္တလေးက နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်တွေ အပါအဝင် လုပ်ငန်းရှင် အယောက် ၃၀ လောက်ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ပြင်ပ လက်လီ၊ လက်ကား အရောင်းဆိုင်တွေက ရွှေနဲ့ ဒေါ်လာကုန်သည်တွေ တိမ်းရှောင်နေကြရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အခုလို ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်တာဟာ ပြင်ပဒေါ်လာဈေး ကျဆင်းခြင်း မရှိတဲ့အတွက် ပြင်ပငွေလဲလုပ်ငန်းနဲ့ အခေါက်ရွှေ အတုံးလိုက် အရောင်းအဝယ် ပြုလုပ်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း နစကအနေနဲ့ ဒေါ်လာဈေး မြင့်လာတဲ့အခါ ဈေးကွက်အတွင်းက လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာ၊ သတိပေးတာ၊ ဖမ်းဆီးတာနဲ့ ခံဝန်ထိုးခိုင်းတာတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ အရေးယူမှုတွေနဲ့ ပတ်သက်လို့ လက်ရှိမှာ တရားမဝင် ငွေလွှဲလုပ်ငန်းတွေ ပပျောက်စေဖို့ နစကရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဌာန (စသုံးလုံး) နဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ပြီး သံသယရှိသူ အယောက် ၄၀ ကို အရေးယူထားတယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဒီလို စုံစမ်းဖော်ထုတ်တာမှာ သံသယဖြစ်ဖွယ် ငွေလဲလှယ်လွှဲပြောင်းသူ ၉၉ ယောက်ကို စိစစ်ခဲ့ပြီး အမှုဖွင့်ခံရသူ အယောက် ၂၀ ၊ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုခံထားရသူ အယောက် ၂၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို နစကအနေနဲ့ ရွှေနဲ့ ငွေလဲနှုန်း မြင့်တက်မှုကို ထိန်းဖို့ သုံးနှစ်တာ ကာလအတွင်း ဘယ်လိုပဲ ကြိုးစား လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ ထိရောက်တဲ့ ရလဒ်တွေ ရှိမလာသေးဘူးလို့ အကဲခတ်တွေက ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေသလို နစကဘက်က မူဝါဒ အပြောင်းအလဲ တခုခု ထုတ်ပြန်ပြီးချိန်အတိုင်း ငွေလဲဈေးနှုန်းတွေ တက်လေ့ရှိတယ်လို့ ပြောဆိုကြပါတယ်။

နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ဒေါ်လာဈေးနဲ့ အခုလက်ရှိ ဒေါ်လာဈေးကို ယှဉ်ကြည့်လိုက်ရင် မြန်မာကျပ်ငွေတန်ဖိုးဟာ တော်တော်လေး ထိုးကျသွားတာကို တွေ့မြင်ရမှာပါ။ ရာခိုင်နှုန်းနဲ့ ဖော်ပြရရင် ၁၅၆ ဒသမ ၂ ရာခိုင်နှုန်း ကျပ်ငွေတန်ဖိုး လျော့ကျသွားတာပါ။ အခုဖော်ပြတဲ့အတိုင်းဆိုရင် မြန်မာကျပ်ငွေဈေးဟာ ဇောက်ထိုးဆင်းသွားတာကို မြင်တွေ့ရမှာပါ။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၀၂၁ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ၁၈ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်း ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ADB က ခန့်မှန်းထားပါတယ်။

၂၀၂၂ ခုနှစ်၊ နှစ်ကုန်က ခန့်မှန်းချက်မှာတော့ ၂၀၂၃ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုဟာ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ ADB က ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ် ကုန်ခါနီးမှာတော့ ငွေကြေးဖောင်းပွမှု ၁၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်မှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၈ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နဲ့ ပထမသုံးလပတ်မှာ ၁၈ ဒသမ ၄၅ ရာခိုင်နှုန်းပဲ ရှိခဲ့သလို ၂၀၂၁-၂၂ ပထမသုံးလပတ်မှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတော့ ပြင်ပငွေလဲဈေးကွက်ထဲ ဈေးနှုန်း ကွာဟမှုတွေကို ထိန်းညှိနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ် စတဲ့ ငွေကြေးတွေကို တောက်လျှောက်ဆိုသလို ထုတ်ရောင်းပေးနေပါတယ်။ ဒါပေမယ့်လည်း ပြင်အဈေးကွက်မှာတော့ ငွေလဲဈေးနှုန်းတွေ သိသိသာသာ ကျဆင်းလာတာမျိုး မရှိသေးပါဘူး။

ပြည်တွင်းရွှေဈေးနဲ့ ငွေလဲနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက စံချိန်တင် ဈေးတန်းတခု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ စင်္ကာပူဘဏ်က မြန်မာဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်မှု၊ နှစ်သောင်းတန် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမှု အပါအဝင် ထိုင်း-မြန်မာကုန်သွယ်ရေး ရပ်တန့်သွားမှု၊ ဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးကစားမှုတွေကြောင့် ဈေးကွက်အတွင်း ရွှေနဲ့ ဒေါ်လာ ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၄၀ နီးပါး၊ အမေရိကန်တဒေါ်လာကို ကျပ် ၄၀၀၀ နီးပါးအထိ ရောက်ရှိခဲ့ပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ပေါ် လှုပ်ခတ်နေတဲ့ ရွှေနဲ့ ငွေလဲဈေးနှုန်းတွေဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက စံချိန်ကို ပြန်ရောက်သွားနိုင်မလား၊ ကျော်လွန်သွားမလား၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဈေးတန်းကနေ ပြန်လည် ကျဆင်းလာမလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW