မတ် ၆၊ ၂၀၂၄
Shy V (VOM)
မြန်မာဘက် မူဆယ်ကနေ တရုတ်ဘက် တခါသုံးကဒ်နဲ့ ဝင်လာသူတွေအနေနဲ့ မတ်လ ၅ ရက်နေ့ကစ အလုပ်သမားရုံး တခုတခုရဲ့ ထောက်ခံစာ ရှိမှ ရွှေလီထဲ ဝင်လို့ရတော့မှာ ဖြစ်ကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
“အခုဟာက ဘယ်လိုတွေမှန်းကို မသိဘူး။ ဝင်လာတဲ့ သူတွေက ငွေကုန်ပေါက်တွေပဲ။ အခုဟာက ဘယ်လို စနစ်နဲ့ ပြန်ပြောင်းသွားတာလဲ ဆိုတော့ အခု ၇ ရက်ကဒ်နဲ့ ဝင်လာတဲ့ သူတွေ ရွှေလီကို ဝင်ချင်တိုင်း ဝင်လို့ မရတော့ဘူး။ ကျယ်ဂေါင်မှာ အလုပ်သမားရုံးတွေ သွားထိုင်တယ်။ အဲဒီ ကနေပြီးတော့ သူတို့ ထောက်ခံစာ ထုတ်ရမယ်တဲ့။ ထုတ်ပြီးမှ ရွှေလီထဲ ဝင်ရမှာ။ တပတ်ကဒ်နဲ့ ဝင်လာတဲ့ သူတွေ အကုန်လုံးက ကျယ်ဂေါင်မှာပဲ ရှိနေရမှာ။” လို ရွှေလီရောက် မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။
အဲဒီ ကျယ်ဂေါင် ကနေ ရွှေလီထဲ ဝင်လို့ရမယ့် ထောက်ခံချက်ကို ကျယ်ဂေါင်မှာယူ၊ ဆီးစစ်၊ ဆံပင်တွေစစ် မူးယစ်ဆေးဝါးကင်းမှပဲ ရွှေလီဘက် ကျော်လာလို့ ရတော့မယ်လို့ သူက ပြောပါတယ်။
“မြန်မာပြည် ကနေ အလုပ်လာလုပ်မယ်လူတွေ ကျယ်ဂေါင် နိုင်ငံခြား ဝန်ဆောင်မှု ဌာနခွဲမှာ မှတ်တမ်းတွေယူပြီး ဆီးတွေ၊ ဆံပင်တွေစစ်တယ်။ မူးယစ်ဆေးဝါး နဲ့ ရောဂါကင်းမှ လက်မှတ်ယူ။ အခုက ဖြတ်သန်းခွင့် QR Code မပါလို့ ရှိရင် တံတားကို ကျော်လို့ မရဘူး။ ဖြတ်သန်းခွင့် စာရွက် QR Code ရမှပဲ ရွှေလီထဲ ဝင်လို့ ရပါတယ်။” လို့ မူဆယ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
QR Code ပါ ဖြတ်သန်းခွင့် စာရွက်က ကျယ်ဂေါင်မှာထိုင်တဲ့ အလုပ်သမားရုံး တခုခုက ထောက်ခံပေးတာဖြစ်ပြီး အဲဒီ ထောက်ခံချက် စာရွက် မပါရင် ကျယ်ဂေါင် နဲ့ ရွှေလီကြားက စစ်ဆေးရေးဂိတ်မှာ ဖြတ်ကျော်လို့ မရဘူးလို့ သူက ပြောပါတယ်။
အဲဒီ ဖြတ်သန်းခွင့် ထောက်ခံစာက တခါသုံး ကဒ်နဲ့ ဝင်လာသူတွေပဲ လိုအပ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် အနီနဲ့ ဝင်လာသူတွေကတော့ ပုံမှန်အတိုင်း သွားလာလို့ ရတယ်လို့ဘဆိုပါတယ်။
ကျယ်ဂေါင် ကနေ ရွှေလီဘက် ဖြတ်သန်းခွင့်စာရွက်ယူပါက တရုတ်ယွမ် ၁၅၀ နဲ့ ၂၀၀ ကြား ခန့်ရှိပြီး ရွှေလီ ရောက်လာပါကလည်း ဧည့်စာရင်းတိုင် QR Code ပါ လက်မှတ်၊ အလုပ်သမားကဒ်၊ ကျန်းမာရေးကဒ်၊ နေထိုင်ခွင့်ကဒ်တွေ ထပ်မံ လုပ်ရမှာ ဖြစ်ပြီး ကုန်ကျစရိတ်က တရုတ်ငွေ ၁၅၀၀ နဲ့ ၂၀၀၀ ကြား ကုန်ကျမှု ရှိနေပေမယ့် အလုပ်ရဖို့ မသေချာဘူးလို့ တရုတ်နယ်စပ်ဘက် ရောက်မြန်မာ လုပ်သားတွေက ပြောပါတယ်။
စာရင်းတွေအရ ရွှေလီမှာ ရောက်နေတဲ့ မြန်မာ လုပ်သား ၅ သိန်း ဝန်းကျင်ခန့် ရှိနေပြီး ရွှေလီမှာ ရှိနေတဲ့ အလုပ်နဲ့ လုပ်သားလူဦးရေ မကိုက်တာကြောင့် အလုပ်သမားရုံးဘက်ကလည်း လူတွေအားလုံးကို အလုပ်မပေး နိုင်တော့တာလို့ဘူးဆိုပါတယ်။
Photo Crd# နယ်စပ် ဒေသခံ တယောက်