ဒေလီ၊ မတ်-၉-၂၀၂၄
မျိုးဆက်(VOM)
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ မြန်မာနိုင်ငံသား ဒါဇင်များစွာကို စတင်ပြီး နေရပ်ပြန်ပို့နေတယ်လို့ မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကပြောပါတယ်။
“ အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်” လို့ အရေအတွက် အတိအကျဖော်ပြမထားဘဲ သူက လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့်လည်း အေအက်ဖ်ပီသတင်းဌာနက ရရှိထားတဲ့ အစိုးရရဲ့ ညွှန်ကြားချက်မှာတော့ အမျိုးသမီး ၅၁ ယောက်နဲ့ ကလေးငါးယောက်အပါအဝင် မြန်မာနိုင်ငံသား ၇၇ ယောက်ကို မတ် ၈ ရက်နေ ၁၁ ရက်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာနေထိုင်သူတွေအနေနဲ့ ဗီဇာမလိုဘဲ သတ်မှတ်ဒေသတွေမှာ လွတ်လပ်စွာသွားလာခွင့်ကို အိန္ဒိယက အဆုံးသတ်လိုက်ပြီးနောက် တလအကြာမှာ တရားမဝင်လာရောက်သူတွေကို မြန်မာနိုင်ငံပြန်ပို့မှု စတင်နေတာဖြစ်ပါတယ်။
“ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးမထားပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံကထွက်ပြေးလာသူတွေကို စနစ်တကျချဉ်းကပ်မှုနဲ့အတူ နေစရာနဲ့ စားစရာတွေပေးထားတယ်”လို့ မဏိပူရဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲကို ဖြတ်ကျော်ဝင်ရောက်နေကြပြီး သူတို့ထဲမှာ ရာနဲ့ချီတဲ့ နစကတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။
Ref:TRT
Photo:Reuters