မြိုင်မြို့နယ်မှာ ဒီရက်ပိုင်း တိုက်ပွဲတွေကြား သီလရှင် တပါး အပါအဝင် သေဆုံးသူတွေရှိပြီး လူနေအိမ်တွေ မီးလောင်

မတ် ၃၁ ၊ ၂၀၂၄
SP ( VOM)

ဒီရက်ပိုင်းအတွင်း မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး သီလရှင် ဆရာကြီးတပါး အပါအဝင် အမျိုးသမီး နှစ်ယောက်သေဆုံးကာ လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ မတ် ၂၉ ရက် ၊ နေ့လယ်ပိုင်းကစပြီး ဒီကနေ့အထိ မြိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ မြိုင်မြို့ အမှတ် ၁ နဲ့ ၃ ရပ်ကွက်တွေဘက်မှာ လူနေအိမ် နှစ်ဆယ်ကျော်လောက် မီးရှို့ဖျက်ဆီးခံရတယ် ၊ နောက်ပြီး ကိုးဆောင်ဓမ္မရိပ်သာမှာ သီလရှင် ဆရာကြီးတပါးနဲ့ အမှတ် ၁ ရပ်ကွက်မှာနေတဲ့ ဒေါ်မြမြဝင်း ခေါ် ဒေါ်ချို ၅၂ နှစ် သေဆုံးတယ် ၊ တိုက်ပွဲစဖြစ်တဲ့နေရာက မြိုင် – ဗဟင်း ကားလမ်းမှာရှိတဲ့ နစက လမ်းလုံခြုံရေးဂိတ်နေရာမှာစဖြစ်တယ် ၊ အဲ့ဒီနောက် မြို့ပေါ်က ၁ ရပ်ကွက်နဲ့ ၃ ရပ်ကွက်ဘက်ကို ကူးစက်လာတယ် ၊ တိုက်ပွဲအတွင်း မြိုင်မြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်းတချို့ အပါအဝင် ရဟန်းသံဃာ ၊ သီလရှင် ၊ ရပ်ကွက်နေ ပြည်သူ (အရပ်သား) စုစုပေါင်း လူ လေးဆယ်လောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းခေါ်သွားတာပါ လတ်တလော အရေအတွက်အတိအကျတော့ မသိရသေးဘူး ” လို့ မြိုင်မြို့ခံတယောက်က ပြောပါတယ်။

မြိုင်မြို့နယ်ဟာ ၊ ပခုက္ကူမြို့ရဲ မြောက်ဖက် ၂၇ မိုင်ခန့်အကွာ ၊ မုံရွာ – ပုသိမ်ကားပေါ်မှာ တည်ရှိပြီး မြို့ပြလူနေရပ်ကွက် ၃ ခု ၊ ကျေးရွာအုပ်စု ၈၁ အုပ်စု ၊ ကျေးရွာပေါင်း ၃၃၀ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မြိုင်မြို့နယ် အငြိမ်းစား ထွေ/ အုပ် ဝန်ထမ်းတယောက်က
” မြိုင်နယ်မှာ ရပ် / ကျေး အုပ်ချုပ်ရေးမှူး ၈၄ ယောက်ရှိတယ် ၊ နောက်ပြီး ရွာခွဲ အုပ်ချုပ်ရေးမှူး ၃၃၀ ရှိတယ် ၊ အဲ့ဒီ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံးနီးပါးက အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ မပါကြတော့ဘူး ၊ အဲ့ဒါကြောင့် မြိုင်မြို့နယ်ရဲ့ ၉၀ ရာခိုင်နူန်းကျော် အုပ်ချုပ်ရေး ပျက်ယွင်းနေတာ ကြာပြီ ၊ ပြီးခဲ့တဲ့ ၂၀၂၀ မတိုင်မီက မြို့နယ်မှာ အိမ်ခြေ သုံးသောင်းကျော် လေးသောင်းနီးပါးရှိတယ် ၊ ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်း ရွာပေါင်း လေးဆယ်ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် အဆောက်ဦး ရှစ်ရာကျော် ပျက်စီးခဲ့တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း အသတ်ခံရသူ လူပေါင်း သုံးရာကျော်ရှိပြီး အဲ့ဒီ သေဆုံးသူ အရေအတွက်ထဲမှာ ဘုန်းကြီးနဲ့ သီလရှင် အပါး ၂၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံတဝှမ်း နိုင်ငံရေးပဋိပက္ခဖြစ်စဥ် ၃နှစ်ကျော်
အတွင်း ဘုန်းကြီး ၉၆ပါး သီလရှင် ၃ပါး စုစုပေါင်း ၁၀၀ နီးပါး အသတ်ခံရတာ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW