ဆူးငှက်
အားလုံးက အသံကြားရာ နားစွင့်လိုက်ကြသည်။
”သင်္ကြန်အခါတော်…….” ဟူသော အသံနှင့်အတူ အရှေ့ ဦးထိပ်တံခါးဆီမှ အမြောက်သံ သုံးချက်ကို စတင် ကြားလိုက်ရ၏။ ဝမ်းမြောက် ပျော်ရွှင်ခြင်း၏ အသံလှိုင်းတစ်ခုက ရွှေမြို့တော်၏ ကောင်းကင်ယံဆီ လှိုက်ခါသွား သည်။
”ဒုန်း………”
” ဒုန်း ”
” ဒုန်း ”
ဦးထိပ်တံခါးမှ အမြောက်သံက ‘သောင်းညွတ်’ တံခါးဆီ ပြောင်းသွား၏။ ထို့နောက် တောင်ဘက်မျက်နှာ အင်္ဂါထောင့်က ”ကျွန်းလုံးယူ” ၊ ပြီးတော့ ”ကျော်မိုး” ခေါ် ”မင်္ဂလာ” တံခါး…..။ ဤသို့ဖြင့် တံခါး ၁၂ ရပ်တိုင်း၌ အမြောက်သံသုံးချက်စီဖြင့် အမြောက်သံ သုံးဆယ်ခြောက်ချက် တိတိကြားပြီးနောက် သင်္ကြန်တော်ကျချေပြီ။ ထိုအခါမှစ၍ ‘အစဉ်ထုံးစံ’ ရှိသည့်အတိုင်း ရေကစားကြရသည်။ နံနက်နှင့် ညနေအချိန်မှသာ ရေကြည်ရေအေး အမွှေး အထုံရည်တို့ဖြင့် ဖျန်းပက်ကြသည်။ ဤသို့သာ ဖျန်းပက်ကြရန်ကိုလည်း သင်္ကြန်မကျမီ ကတည်းက မြို့တွင်း၊ မြို့ပြင်ရပ်စု ကွက်စုများ၌ မောင်းကြေးနင်းခတ်ကာ အသိပေးပြီး ဖြစ်၏။ ရွှေနန်းတော်ကြီး အတွင်း၌လည်း စောင်းညှင်း ပတ်သာသံများ ညှင်းညှင်း တွဲ့တွဲ့ ကြားကြရ၏။ ရွှေမြို့တော်ကြီး အတွင်းအပြင်တံခါးဆယ့်နှစ်ရပ်နှင့် အပြိုင် ဖောက်သွယ်ထားသော လမ်းမတွေပေါ်မှာ လုလင်ပျိုများက ငွေဖလားတွင် ထည့်ထားသော ရေသန့်ရေစင်များအား သပြေခက်ဖြင့် နှစ်ပြီး တူရူမှလာသော လုံမပျိုလေးများကို ယဉ်ကျေးစွာ ခွင့်တောင်းပြီး ပက်ဖျန်းကြသည်။အတွင်းတော်မှ တီးခတ်လိုက်သော စောင်းသံနွဲ့နွဲ့က တံခါးနီကို ကျော်ဖြတ်ပြီးမှ မင်းလမ်းမကြီးများအတိုင်း လေးဘက်လေးတန်ပျံ့လွင့်လာ၏။ အဆောင်ဆောင် အခန်းခန်းကလည်း ထိုစောင်းသံနှင့် ထပ်တူမျှ လိုက်ပါ တီးခတ်ကြလေသောအခါ သာယာသောအသံလှိုင်းက ရွှေမြို့တော်ကြီးအား ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားလေသယောင်…….။
”စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ…..
မင်းများ့ထိပ်ခေါင်တင်။
စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ…..
မင်းများ့ထိပ်ခေါင်တင်….”
သပြေညွန့်၊ တမာညွန့်၊ သီးညွန့်၊ အုန်းလက်နှင့် မြေစာမြက်တို့စုစည်း ထိုးစိုက်ထားသော အတာအိုးကို အိမ်ရှေ့တွင်သေချာစွာ ပြင်ဆင် ချထားလိုက်သည်။ သပြေညွန့်လေးမှာ ရေစက်ရေပေါက်လေးများပင် သီးနေ၏။ နေရောင်တွင် ရေစက်တို့ကပန်းစကြာ မီးပွင့်တို့ လင်းလက်စေသည်။ အုန်းလက်၏ စိမ်းနုသွေးက ကျောက်စိမ်းရောင် တောက်နေ၏။ သပြေရွက်တွေ…..အုန်းလက်တွေ….ရှုပ်ထွေး ဝေဝါးသွားသည်။ နေခြည်သွေးက ဆည်းဆာတွင် ပန်းနုသွေး သန်းချေပြီ။ ကတော့ထိုးထားသော ငှက်ပျောဖတ်များက ပန်းနုဆည်းစာတွင် နုသော အသွေးဖက် လုနေသည်။ ငှက်ပျောဖက်ညွန့်ကတော့လေးတွင်ဖြည်းဖြည်းချင်း အပေါ်သို့ အဖျားရှုးသွားသည်။ သပြေရွက်ညွန့်များနှင့်အတူ ရောင်ပြား ရွှေငွေစက္ကူပန်းကလေးများကို ခပ်ဖြောက်ဖြောက် ထိုးထားသည့် ကန်တော့ပွဲညွှန့်ကြီးက ဂျစ်ကားဘောနက်ပေါ်၌ မှန်စီရွှေချအုပ်ကြီးဖြင့် ခံ့ထည်လှဘိ။ ခမ်းခမ်းနားနားြ ပင်ဆင်ထားသည့် ကန်တော့ပွဲအုပ်ကြီးကား အဖျားရှုးကာ ဖြည်းဖြည်းချင်း မြင့်တက်သွားပုံက နောက်ခံ ကျော်မိုးတံခါးပြသာဒ်ကြီးနှင့် ပုံသဏ္ဌာန်ချင်း တူလှသည်။
ကျော်မိုးတံခါး (ဝါ)မင်္ဂလာတံခါးရှေ့ ကျုံးကူး တံတားကြီးထိပ်မှ ကန်တော့ပွဲညွန့် ထိုးထားသည့် မဟာအတာသင်္ကြန်ပွဲတော် ရှေ့ပြေးကားက အဆင်သင့် နေရာယူထားသည်။ သူ့နောက်မှာ ရိုးရာအတာသင်္ကြန် အလှပြကားတွေက အစီအရီ….။မင်္ဂလာတံတားပေါ်….။ မင်္ဂလာတံခါးအောက်…..။ ထို့နောက် နန်းတွင်း အင်္ဂါထောင့် ကွင်းပြင်ကြီးထဲ အထိ….။ မန္တလေးတွင်ထွန်ကားခဲ့သော စပ်ပန်းချီမဏ္ဍပ် ရုပ်လုံးအတတ်၊ ဆေးရေး ပန်းချီ အတတ်များဖြင့် အစွမ်းကုန် ခြယ်သထားသည့် အလှပြယာဉ်များသည် နဂါးရုပ်၊ ခြင်္သေ့ရုပ်၊ နယားရုပ်၊ ဟင်္သာရုပ်၊ ဇာမဏီရုပ်၊ ပဉ္စရူပရုပ်၊ ဥဒေါင်းရုပ်၊ ငန်းရုပ်၊ ကြက်ရုပ်၊ နန်းမြင့်ပုံ၊ နန်းဆောင်ပုံများဖြင့် ရွှေပြား ငွေပြား ပန်းချီထည်များ စပ်ဟပ် ခြယ်သကာ အလှကြီးလှ လျှက်ရှိနေသည်။
မြို့မိမြို့ဖများ ဦးဆောင်သည့် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မီတီ၏ အချက်ပေးသံနှင့်အတူ ခေတ်ပေါ်တူရိယာများဖြင့် စတင် တီးမှုတ်လိုက်သောအသံက ကြက်သီး မွေးညှင်းထမျှ ထွက်ပေါ်လာ၏။ ကိုယ့်အရှင် ကိုယ့်သခင် ရှိစဉ်ကာလသင်္ကြန်တော်ကျသည်နှင့် မြဝတီမင်းကြီး ဦးစ ရေးသားခဲ့သည့် ”စံရာတောင် ကျွန်းလုံးဥသျှောင် ကျင်ငယ်လေ” အစချီ’ဘုန်းတော်ဘွဲ့’ ကြိုးသီချင်းသံကို စောင်းသံနွဲ့ညှင်းဖြင့် သာယာ နာပျော်ဖွယ်ြ ကားခဲ့ရသည်လေ။
အခု….မဟာ အတာသင်္ကြန်ပွဲတော် အကြိုနေ့ ညနေဆည်းဆာတွင် ‘စံရာတောင်ကျွန်း’ ကြိုးသီချင်း အလိုက်တွင်စာသားများ ရေးစပ် ထည့်သွင်းထားသည့် ”အေးတဲ့ရေ” ဟူသောသီချင်း။ နားဆင်ကြည့်ပါဘိ။
မန္တလေး ဆိုင်းတန်းရပ်က မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်းမှ ကိုရင်လေး ရေးစပ်ကာ အသင်းသားများ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ထားကြပုံက မန္တလေးမူ၊ မန္တလေးဟန်နှင့် ထီးဆန် နန်းဆန်လိုက်ပါဘိ။
ပလုတ်တုတ် ဗုံတောင်သံနှင့်အတူ အနောက်တိုင်း လေမှုတ်တူရိယာများဖြင့် တီးမှုတ်သော သီချင်းသွားက တငြိမ့်ငြိမ့်ထွက်ပေါ်လာသည်။ ကန်တော့ပွဲညွန့် တင်ဆောင်မည့် ရှေ့ပြေးကားနှင့် နောက်မှ အလှပြယာဉ်တန်းကြီးက သီချင်း တေးသွားသံနှင့်အတူ မဟာမုနိဘုရားကြီးထံ သင်္ကြန်ကြို ကန်တော့ပန်ဆင်ရန် စီတန်း လှည့်လည် ကြပါပကော။ ပိတောက်တွေ ပွင့်နေသည့်လမ်းတလျှောက်တွင် မြို့လူထုက လမ်းလုံးပြည့် မျှမကအိမ်ရှေ့၊ အိမ်ပေါ်ဝရံတာ၊ ပြတင်းပေါက် များမှာထိ တိုးဝှေ့ ထွက်ပြူကြည့်ရှု သြဘာပေးကြသံများလည်း ညံမစဲ။
”…….သင်းပျံ့နေ…..ရွှေပန်း ပိတောက်တွေ တွဲရရွဲနဲ့လေ….
ဆင်မြဲမြန်းကာ လှတဲ့မေ……ငွေငန်းမောင့်ကို လောင်းတဲ့ရေ…….
ဘေးဘယာ ဝေးကွာ ကင်းစင်ပမယ်……
သည်ရေပွဲ……သင်္ကြန်ရေ…..” တဲ့လေ……။
“စံရာတောင်ကျွန်း” ကြိုးသီချင်းအလိုက် “အေးတဲ့ရေ” ခေါ် “မြူမှောင်ဝေကင်း” သီချင်းသံက လမ်းလုံးညွှတ်မျှအပြည့်အလျှံ။ ၁၉၄ဝ ဝန်းကျင် သင်္ကြန်။
ဆူးငှက်