ရန်ကုန် ၊ ဧပြီ ၄ – ၂၀၂၄
GG(VOM)
မြန်မာ့ယဥ်ကျေးမှုနဲ့ဆန့်ကျင်ပြီး သရုပ်ပျက်စွာရိုက်ကူးသီဆိုထားတယ်ဆိုပြီး ” ဘီယာဗိုက် ” အမည်ရှိ တေးသီချင်းသီဆိုတဲ့ အဆိုတော်မေသူနဲ့အတူ ပါဝင်သရုပ်ဆောင်သူအားလုံးကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဘီယာဗိုက်သီချင်းက မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့ ပြောဆိုမှု၊ ရိုက်ကူးထုတ်လွှင့်မှု၊သရုပ်ဆောင်မှုတွေပါဝင်တာကြောင့် သီဆိုသူအပါအဝင် တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဟာသသရုပ်ဆောင် အိုကေအပါအဝင် အားလုံးကို အမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“ဘီယာဗိုက် သီချင်းမှာက ဘယ်လိုပြောရမလဲ ကြည့်ရမြင်ရတာ သိပ်အဆင်မပြေဘူးပေါ့။ သရုပ်ဆောင်တာတွေက အမြင်မတင့်တယ်ဘူး။ကုတင်ပေါ်မှာ အန်တဲ့အခန်းဆို ရိုက်ကွင်းက အမြင်မှားစရာဖြစ်နေတယ်။ တခြားအခန်းတွေလည်းပါသေးတယ်။ဆိုတော့ ပြန်ကြားရေးဘက်က သရုပ်ပျက်တွေကိုအရေးယူမယ်လို့သတိပေးအပြီးမှာ ဒါကပထမဆုံးအရေးယူခံရတာပေါ့ ” လို့ ရုပ်ရှင်အစည်းရုံး အဖွဲ့ဝင် ဝါရင့်သရုပ်ဆောင်တဦးက မှတ်ချက်ပြုပါတယ်။
ဘီယာဗိုက် ” သီချင်းကိုတော့ အဆိုတော် မေသူသီတိုထားပြီး ဟာသသရုပ်ဆောင်အိုကေ၊ ဟိဏ်းစစ် တို့နဲ့အတူ မေသူလည်းပါဝင်ရုပ်ဆောင်ထားကာ၊ တေးရေးက ဧရာဝတီကိုဂျွန်၊ music နဲ့ studio က သိန်းဝင်းထွန်း (ဂန္တဝင်) ၊ Dancer အဖွဲ့က The future dance crew တို့ဖြစ်ပါတယ်။
ဘီယာဗိုက်သီချင်းနဲ့ပတ်သက်ပြီး အဆိုတော်မေသူက
” တချို့ကစေတနာအမှားနဲ့ပြောကြတယ် အဲ့လိုပြောတာကိုလက်ခံရမယ် ၊ကိုယ်ကပြန်ကြိုးစားရမယ်၊ အိုကေဆိုတာပန်တျာကျောင်းက ၊အဲ့နေရာကဘယ်လိုဖြစ်သွားလဲဆိုတော့ ၊ကိုယ့်ဟာကိုယ်လည်းထွက်လာမှသိတယ် ၊ပထမဟာတွေကိုယ့်ဘဝအကြောင်းအေးအေးဆေးဆေးပြောထားတာကျ ကြည့်တဲ့သူကဘယ်လောက်မှမရှိဘူး ။အခုဟာကျကြည့်တဲ့သူကမီလီယံကိုချီသွားတယ်။ ရင်ထဲထိသွားတယ် ၊ဟာငါကောင်းကောင်းမွန်မွန်လုပ်တဲ့ဟာလေးအဲ့လိုအားပေးရင်ပျော်မိမှာလို့တွေးမိတယ်၊ ပရိတ်သတ်ဖြစ်စေချင်တာကြိုက်တဲ့ပုံစံလေးတွေကိုပြန်ပြီးဖန်တီ ပေးသွားပါမယ့်၊ မကြိုက်သူတွေလည်းစိတ်ချမ်းသာအောင်ပေးဆပ်သွားပါမယ်” လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။
မေသူဟာ အရင်က မြန်မာသံတေးသီချင်းတွေကိုအဓိကသီဆိုခဲ့ပြီး လူသိနည်းခဲ့ပေမယ့် ဘီယာဗိုက်သီချင်းသီဆိုပြီးနောက်မှာတော့ လူသိများလာခဲ့တာဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်ပြသမှုကို ကြီးကြပ် ဆောင်ရွက်နေရာ လက်ရှိကာလမှာ အချို့ တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူတွေဟာ ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုတွေ ကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြတဲ့အတွက် သက်ဆိုင်ရာ အစည်းအရုံးအနေနဲ့ ထိန်းကျောင်းကြပ်မတ်ပေးပါဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို ဇန်နဝါရီလတုန်းက သတိပေး တားမြစ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချနေတဲ့ ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား ဒါမှမဟုတ် ပညာပေးကားကိုလည်း မတ်လ ၁၃ ရက်မှာ အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ကြီးကြပ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့် လူမှုကွန်ရက်မှာ “ဘီယာဗိုက်”သီချင်းဟာ အရှက်သိက္ခာ ကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ အခြားသက်ဆိုင်သူတွေကို ဗဟန်းမြို့မရဲစခန်းမှာအရေးယူလိုက်တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကအသိပေးလာတာဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနကတော့ တေးသီချင်းဗီဒီယိုကို နည်းလမ်းမျိုးစုံအသုံးပြုပြီး ရိုက်ကူးထုတ်လွှင့်ပြသသူတွေအနေနဲ့ နိုင်ငံရေး၊ ဘာသာရေး၊တိုင်းရင်းသားချစ်ကြည်ရေး၊အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး၊ ကာမရာဂလှုံ့ဆော်မှု ဆင်ဆာမူဝါတွေ ပါဝင်မှုမရှိစေဖို့ လိုအပ်ကြောင်း သတိပေးထား ပါတယ်။
အကယ်၍ အဆိုပါ ဆင်ဆာမူဝါဒ ကို လိုက်နာခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသမယ်ဆိုရင် ဆောင်ရွက် ပါက ရိုက်ကူးသူ ဒါရိုက်တာအပါအဝင် ပါဝင်သရုပ်ဆောင်သူ၊ ထုတ်လွှင့်ပြသသူ အားလုံးကို တည်ဆဲဥပဒေများနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ကြားဝန်ကြီးဌာနကသတိပေး သတိပေးပြီးနောက် ခုလိုအရေးယူခံရတာဖြစ်ပါတယ်။
ဒါ့အပြင် တေးသီချင်းဗီဒီယိုေတွကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့် ပြသမှု ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ဆီ တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်သွားရမယ်လို့ အသိပေးထားတယ်လို့ဆိုပါတယ်။