ဆူးငှက်
ပုဂံခေတ်ကတည်းက အထင်အရှား ရှိခဲ့တယ်ဆိုတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ မန္တလေး ရတနာပုံမ်ခေတ် အထိ “ပဒေရာဇ်သင်္ကြန်”အဖြစ်ပဲ မှတ်တမ်းမှတ်ရာ ရှိခဲ့တယ်။ “သင်္ကြန်”ဆိုတာ” ကူးပြောင်းခြင်း”ဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညိုသမားဟူးရားတို့ရဲ့ “စိတ်တော်သိ ဗောင်းတော်ညိတ် “ဗေဒင်ကိန်းခန်း ယတြာများနှင့်အတူ ဘုရင်ဧကရာဇ် အသိုင်းအဝိုင်းရဲ့ ရွှေဘုံနိဒါန်းလာ အခင်းအကျင်းများနဲ့ပဲ နှစ်စဉ်မပျက် ဆောင်ရွက်စီမံရတဲ့ ပြုဖွယ်ကိစ္စများပဲ ဖြစ်ပါတယ်။ အများပြည်သူလူထုအနေနဲ့ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ ပါမလာအောင်နဲ့၊ နှစ်သစ်မှာ ရေလိုအေးပြီး ပန်းလိုလန်းကြစေကြောင်း ဇမ္မူဒီပါသြဘာနိမိတ် ထွန်းတဲ့ တောင်ကျွန်းသား အစဉ်အလာတွေအတိုင်း အောင်သပြေခက် နဲ့ ရေပက် ကစားကြတာပါပဲ။ ဘယ် မင်းဧကရာဇ် ပြောင်းပြောင်း ပြည်သူလူထုရဲ့ အစဉ်အလာကတော့ ဒီအတိုင်းပါပဲ။
မန္တလေး ရတနာပုံမ်ခေတ် သင်္ကြန်အခါတော်တွေမှာ ကျမ်းကိုးကျမ်းကားတွေ အတိုင်း ရွှေနန်းတော်ထဲမှာ အတွင်းဆိုင်း၊ အပြင်ဆိုင်း၊ မွန်ဆိုင်း၊ အရှေ့အငြိမ့်၊ အနောက်အငြိမ့်၊ ယိုးဒယား ရာမဇာတ်တော်ကြီးတွေရဲ့ ဆိုသံ၊ ကသံ၊ တီးသံ၊ မှုတ်သံ၊ တူရိယာသံတွေနဲ့ မင်္ဂလာရှိ၊ ကျက်သရေရှိ ခံ့ညား ထည်ဝါနေမှာပေါ့။ ရွှေမြို့တော် လေးပြင်လေးရပ်၊ ဝင်းတွေ၊ ပြလမ်းတွေမှာတော့ လူထုဂီတဖြစ်တဲ့ အိုးစည်ဒိုးပတ်တွေကို အယိုင်တီးပြီး …
“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့ မမ။
ဘုန်းတော်ကြီးလို့ သက်တော်ရှည်
တို့တတွေ ရေချမ်းအိုးကြီး။
အိုးစည်၊ အိုးစည်၊ အိုးစည်သားဗျ၊
လူရည်၊ လူရည်၊ လူရည်ခြားဗျ။
တဝမ်းပူ နှစ်ချောင်းငင်
တူမယ်ထင်ယင် ယှဉ်စမ်းတော့လား။”စတဲ့ သံချပ်တွေ ထိုးကြမှာပေါ့။
ဒီအချိန်မှာပဲ ဇေတဝန်ဆောင်တော် အတွင်းဆိုင်းကတော့ ကြေးစုံပတ်စုံနဲ့ ..
“စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ၊
မင်းများထိပ်ခေါင်တင်၊ သောင်းမြေပြင်လေ
ထီးဆူဆူကိုလေ … စိုးလို့မိုးတော်မူ”စတဲ့ ဘုန်းတော်ဘွဲ့နှင့် “ဘုန်းမိုးသွန်းလောင်း .. ရွာစေလေ ဖန်ဝေလေ၊ ချမ်းမြထွေထွေ” အစချီတဲ့ ဘုန်းတော်ဘွဲ့ သီချင်းကြီးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်လို့ နေပါတော့တယ်။ကောဇာသက္ကရာဇ် … ၁၂၄၁ခုနှစ်။
မန္တလေးကို ဗြိတိသျှအစိုးရ သိမ်းပိုက်ပြီး နောက်ပိုင်း ၁၉၂၇ ခုနှစ်ရောက်တဲ့အခါ မော်တော်ယာဉ်တစ်စင်းကို ပိတ်ရောင်စုံများဖြင့်ရေခံထည်ဆင်ပြီး နဖူးစီးတွင် ‘ပျိုတို့မောင် သင်္ကြန်အဖွဲ့’ လို့ ရေးသားထားတဲ့ အလှပြ ရေပက်ယာဉ် တစ်စင်း စတင် ပေါ်လာသောအခါ ဓာတ်ရှင်ကြော်ငြာလှည့်ကား မှတ်လို့ ကလေးများ ထွက်ကြည့်ပြီး ကြော်ငြာ တောင်းကြသတဲ့။
ဒီရေပက်ခံ အလှပြယာဉ်ပေါ်က အသင်းသားများရဲ့ ခေါင်းမှာ PDM လို့ ရေးထားတဲ့ ခေါင်းစည်းပဝါတွေ ဆင်တူစည်းထားကြတယ်။ ဒီအဖွဲ့က အကွက် ၆၁၇၊ ၂၇ လမ်းနှင့် ၇၆ လမ်းထောင့်ရှိ ဟေမာဇလအရှေ့ပိုင်း စာကြည့်အသင်း အဖွဲ့သားများဖြစ်ကြတယ်။ မန္တလေးရုပ်ရှင် မီးဘက်ပညာရှင် ဦးရှင်၊ ဦးအေး၊ ဦးလူကလေး၊ ဦးဘကြည်တို့ ခေါင်းဆောင်ကြတယ်။ ပထမဆုံးစထွက်သော ‘ပျိုတို့မောင် အလှပြယာဉ်’ က ‘ပြည်ရွှေမန်းမြို့ နာဂရာတစ်ခွင်၊ ပထမထွင်တဲ့ ရေပက်အသင်း၊ တူညီဝတ်လို့ ပျော်ရွှင်ရွှင်၊ မောင်တို့ဖက်ရှင် မြင်ကြရဲ့လား၊ ပျိုတို့မောင်များ တောင်းဆုဆင်၊ မြန်ပြည်တစ်ခွင်၊ အေးမြစေသား ….’ဆိုတဲ့ ကိုယ်ပိုင်သံချပ်ကို စည်တို ဗုံတောင်ခေါက်ပြီး သီဆိုခဲ့ကြတယ်။
၁၉၃၀ ဝန်းကျင် ရောက်တော့ သမရိုးကျ ရေပက်ကစားသင်္ကြန်ဟာ ကုန်တိုက်ကြီးတွေက အသုံးပြုတဲ့ ကုန်တင်ကားတွေနဲ့လှည့်လည် ရေပက်ကစားတာ၊ ကားပေါ် တူရိယာပစ္စည်းတင်တာ၊ ကားကို ပန်းချီရေခံထည် အလှဆင်တာ၊ ဘက်ထရီမီးတွေနဲ့ထွန်းညှိလှပစေတာတွေ အထိ တိုးတက်လာတယ်။ ဒီလို အလှပြယာဉ်ကြီးတွေနဲ့ ဧည့်ခံမဏ္ဍပ်နဲ့ အပြန်အလှန် သီချင်းဆိုကြတာ၊ဖျော်ဖြေ သီဆို တီးမှုတ်ကြတာတွေ ရှိလာတယ်။ သင်္ကြန်သံချပ် ဆိုတာတွေကလည်း အရင်လို”ဖန်ပြာခွက်နဲ့ ကျောက်စက်ရေအမောပြေအောင်တိုက်ပါ့ မမ”ဆိုတာမျိုးတွေ မဟုတ်တော့ဘူး၊”လူချောလူလှ လက်ရွေးစင်၊ ရှက်သွေးခင်ရင်၊ မှိတ်လို့သာပက်၊လောင်းလိုက် ပက်လိုက် နွဲ့ရှာသူ၊ အသည်းမှာပူတာ၊ အေးပေါ့ အေးပေါ့။”စတဲ့ သံချပ်တွေ ဖြစ်ကုန်ပါပြီ။
နောက်နှစ်တွေမှ မြို့မ၊ မာဃ၊ မင်္ဂလာအေဝမ်း၊ ရှုတိုင်းယဉ်၊ ဖူးစာရှင်၊ လင်းရောင်ခြည်၊ နေပြည်တော် အလှပြအသင်းများ ထွက်လာကြတယ်။ ဒီအသင်းတွေထဲက မင်္ဂလာအေဝမ်းက ၆ ဝပ်ဘက်ထရီမီးလုံးတွေ ထွန်းပြီး ကားကို အလှဆင်တယ်။ ဒါ့အပြင်မြို့မက ငွေငန်း၊ ရှုတိုင်းယဉ်က ပဉ္စရူပ၊ ပျိုတို့မောင်က ကြက်ရုပ်များချိုးပြီး ကားကို အလှဆင်တယ်။ တူရိယာများအနေနှင့်ခေတ်မီထရန်းပက်၊ ကောနက်စသည့် ပစ္စည်းများကို သုံးလာကြတယ်။
အမျိုးသမီးအသင်းများအနေနှင့်လည်း ရှမ်းပွဲရပ်မှာ ဟော်နန်းသူဇာ၊ ကြည်တင်၊ တရုတ်တန်း၌ ရွှေဝါဖူး၊ လှပျိုဖြူတို့ရှိတယ်။နောက်ပိုင်းမှာတော့ အမျိုးသမီး ရေသဘင်မဏ္ဍပ်တွေ မန္တလေးမြို့အနှံ့ တစ်ပြတစ်သင်းနှုန်း ရှိလာတယ်။ သင်္ကြန်မတိုင်မီ ကပင်တီးလုံးတိုက်သံတွေ ဆူညံနေတော့တယ်။အလားတူ တီးကြမှုတ်ကြတဲ့ သီချင်းတွေမှာလည်း သင်္ကြန်နဲ့ ပစ္စက္ခမြင်ကွင်းအခြေအနေကို သရုပ်ဖော်တဲ့ ရသ အဖွဲ့အနွဲ့တွေ ဖြစ်ကုန်ပါပြီ။
“မန်းသူနွဲ့မူ .. နုယဉ်ယဉ်တွေလန်းပါစေ၊
ခါရေလောင်း ညှာကြွေပြောင်းပေါ့ခင်ရယ်၊
အေးစေတော့ဆို .. လောင်းတဲ့စိတ်ရင်းပင်
အဟုတ်ပ နှမလေးအသွင်”ဆိုတဲ့ သီချင်းသံတွေနဲ့ ရင်ခုန်ဖွယ် သင်္ကြန်တွေပါပဲ။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့ မန္တလေးသင်္ကြန် အရှိန်တန့် သွားတယ်။ ၁၉၄၅ခုနှစ် မတ်လမှာ စစ်ကြီး ပြီးငြိမ်းခြင်းနှင့်အတူမတ်လ(၂၃)ရက်နေ့ စစ်ပြေးသူတွေ မန္တလေးမြို့ ပြန်အဝင် “ခါတော်ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ်မမနှမတို့ရေ…”လို့ ခွန်းဆက်သံနှင့်အတူ”မန္တလေးဆို ရွှေမြို့ တို့ရတနာပုံနေပြည်၊ တင့်တယ်သာယာ စည်ကားဟိုတုန်းအခါကလေ၊ အဲဒါတွေမတွေးကြနဲ့ရှေ့ဆက်ကာစီမံကြစို့လေ…”လို့ ပြာပုံထဲက ပြန်လည်ရှင်သန်နိုး ထမယ့် မန္တလေးကို သင်္ကြန်ကြိုတေးနဲ့ လှုံ့ဆော်ခဲ့တာကလည်းခေတ်ကိုမျက်ခြေမပြတ်ခဲ့ဘူးဆိုတဲ့ သာဓကပါ။ စစ်ကြီးအပြီး ၁၉၄၇ခုနှစ်မှာ မန်္တလေးသင်္ကြန်ကိ မြို့လုံးကျွတ် အားကျိုးမာန်တက် ပြန်လည် ဆင်နွှဲကြတယ်။ အလှပြယာဉ်တွေ ရာချီရှိတယ်။ အမျိုးသမီး ရေသဘင်အဖွဲ့တွေလည်း ရာချီရှိတယ်။ အဲ့ဒီနှစ်မှာမြို့မငွေငန်းအလှပြယာဉ်က “ချိုပြုံးရွှင်သောနှမပျိုရယ်”အစချီတဲ့ ရွှေမန်းတောင်ရိပ်ခိုသီချင်း ၊”အေးအေးချမ်းချမ်း” သီချင်းတွေလည်း သီဆိုခဲ့ကြတယ်။ “အေးအေးချမ်းချမ်း” သီချင်းက မဟာဂီတလာ “ဘုန်းမိုးသွန်းလောင်း” ကြိုးသီချင်း အသွားမှာ ခံ့ညားတဲ့ သင်္ကြန်စာသားနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းပါ။
၁၉၄၇ခုနှစ်သင်္ကြန်မှာ မြို့မငြိမ်းရဲ့ ရွှေမန်းတောင်ရိပ်ခို သီချင်းအပြင် မြို့မငြိမ်း ရေးသားခဲ့သော ““အေးအေး ချမ်းချမ်း”သီချင်း၊“ရေလောင်းရေပက်”သီချင်းတို့နှင့်အတူ ဦးဘသိန်း(မန်္တလေး)ရဲ့ “ပျော်ပါစေမယ် လာကွယ်အလှရယ်” အစချီသီချင်းတို့လည်း တစ်နှစ်ထဲ ရေးသား သီဆိုခဲ့ကြောင်း ၁၉၄၇ခုနှစ် ဧပြီလ၁၀ရက်နေ့ထုတ် လူထုသတင်းစာပါ သတင်းဆောင်းပါးအရလည်း ထပ်မံသိရှိရတယ်။ ရွှေနန်းတော်တွင်း “ဘုန်းမိုးသွန်းလောင်း” မဟာဂီတနဲ့ ပဒေသရာဇ်သင်္ကြန်ဟာ ဘုန်းမိုးသွန်းလောင်း တေးသွားအလိုက် “အေးအေးချမ်းချမ်း”သီချင်းနဲ့ ခံ့ခံ့ညားညား လူထုသင်္ကြန်အသွင် ကူးပြောင်းခဲ့တာလည်းအမှတ်တရပါ။
ဆူးငှက်
#ဆူးငှက် #voiceofmyanmar #VOM #ဘုန်းမိုးသွန်းလောင်း နှင့် အေးအေးချမ်းချမ်း #ဆောင်းပါး