ဧပြီ ၊ ၂၉ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ် ၂၇ ကနေစပြီး ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ထိခိုက်သေဆုံးသူ ၂၀ ကျော်ရှိလာပြီး ၊ ကျေးရွာပေါင်း ခုနှစ်ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” တ်ိုက်ပွဲတွေဖြစ်နေတာက ၊ ကလေးမြို့နယ် မြောက်ပိုင်း ၊ ဆည်တော်ဦး ၊ ကျောင်းတိုက် ၊ နန်းချောင်း ၊ ပြည်တော်သာ ၊ ပျဥ်းတောဦး ၊ ပျဥ်းခုံကြီး ၊ ပျဥ်းခုံလေး ၊ မိုင်နွဲ့ စတဲ့ ရွာဘက်တွေမှာ ဖြစ်တယ် ၊ အဲ့ဒီရွာတွေက ရွာခံ ရှစ်ထောင်ဝန်းကျင်လောက် ယာယီတိုက်ပွဲရှောင် ထွက်ပြေးနေရတယ် ၊ ရွာမှာကျန်ခဲ့တဲ့ လူတချို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးတာတွေရှိတယ် ၊ ကလေးမြို့နယ် မြောက်ပိုင်းမှာ ဖြစ်တဲ့ တိုက်ပွဲ တလပြည်တဲ့နေ့ (ဧပြီ ၂၇ ရက်) က တိုက်ပွဲပိုပြီး ပြင်းထန်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က တပ်ရင်းမှူး အပါအဝင် လူငယ် လေးယောက် ဒရုန်းဗုံးထိမှန် သေဆုံးတယ် ၊ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူ တလအတွင်း လူ ၂၀ ကျော် ရှိတယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် နာရေးကူညီမှု ပရဟိတသမား တယောက်က ” ဧပြီ ၂၇ ရက်က ဒရုန်းဗုံးထိမှန်သေဆုံးသူ လူငယ် လေးယောက် သဂြိုလ်ပေးခဲ့ရတယ်၊ သေဆုံးသူတွေကတော့ ၊ La Lring Liana ၁၉ နှစ် ၊ La Lchandama ၂၇ နှစ် ၊ TV Goldel Puia ၂၀ နှစ်နဲ့ နောက်လူငယ်တယောက် ၊ စုစုပေါင်း လေးယောက်ဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက် ၊ ညနေ ၅ နာရီဝန်းကျင်က ကလေးမြို့နယ် မြောက်ပိုင်း ၊ ကလေး – လက်ပံချောင်း ကားလမ်းမှာရှိတဲ့ ပျဥ်းတောဦးကျေးရွာမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် သုံးယောက်အပါအဝင် အဘိုးအိုးတယောက် ၊ စုစုပေါင်း လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၀ ရက် ၊ မနက် ၇ နာရီလောက်က ၊ ကလေးမြို့နယ် မြောက်ပိုင်း ပျဥ်းခုံကြီးရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ရွာခံလူ အမျိုးသား သုံးယောက် ထိမှန် သေဆုံးတယ်လို့ သိရပါတယ်။
” ကလေးမြို့နယ် မြောက်ပိုင်းက ပြည်သူ့စစ်စခန်း အခြေပြုတဲ့ ဆည်တော်ဦး ၊ ကျောင်းတိုက် ရွာနဲ့ PDF အခြေပြုတဲ့ ရွာတွေ တိုက်ပွဲဖြစ်ကြတယ် ၊ နှစ်ဘက်စလုံး ထိခိုက်သေဆုံးသူတာတွေ များလာတယ် ၊ မတ် ၂၇ ရက်ကနေ ဧပြီ ၂၇ ရက်အထိ တလအတွင်း သေဆုံးသူ အနည်းဆုံး ၂၀ ကျော်ရှိတယ် ၊ လက်ရှိအခြေအနေကတော့ ကလေးမြို့ပေါ်မှာ လုံခြုံရေး တင်းကြပ်ထားတာကြောင့် မြို့တွင်း တိုက်ပွဲ လုံးဝမရှိဘူး ၊ မြို့ပြင်မှာတော့ အပြန်အလှန် ပစ်ခတ်တာတွေရှိတယ် ” လို့ ကလေးမြို့ခံတယောက်က ပြောပါသေးတယ်။
ဓာတ်ပုံ ၊ ကလေးမြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲကျနာရေး မြင်းကွင်း (ဒေသခံ တဦး)