မေ ၊ ၁၀ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် ခြောက်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် အနှစ် နှစ်ဆယ်ကျော် ထပ်တိုးချလိုက်တယ်လို့ မုံရွာ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ဒီကနေ့ ထောင်ဒဏ်အမိန့်ချလိုက်တာက ကိုဝေမိုးနိုင် အပါအဝင် သူ့ရဲ့အမှုတွဲ လူ ခြောက်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (၂) / ၁၄၉ အရ ထောင်ဒဏ် အနှစ် ၂၀ ၊ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ အရ ထောင်ဒဏ် ၂ နှစ် ၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၆၄. အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်ကို သီးခြားစီကျခံစေဖို့ အမိန့်ချလိုက်တာဖြစ်တယ် ” လို့ တရားရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မုံရွာမှာရှိတဲ့ နိုင်ငံရေး အသိုင်းဝိုင်းက
” ပြီးခဲ့တဲ့ နှစ်တွေက ကိုဝေမိုးနိုင်ကို နိုင်ငံရေးပုဒ်မ-၅၀၅ (က) အတွက် ထောင် သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ – ၁၄၈ ရုန်းရင်းဆန်ခတ်မှုအတွက် သုံးနှစ်၊ ပုဒ်မ – ၃၉၅ ဓားပြမှုအတွက် ထောင် အနှစ် ၂၀၊ လူစုလူဝေးမှာ ပါဝင်ပြီး သေစေနိုင်လောက်တဲ့ လက်နက်ကိုင်စွဲမှု ပုဒ်မ – ၁၄၄/ ၃၉၇ အတွက် ထောင် ခုနစ်နှစ်၊ သာမန်နာကျင်စေမှု ပုဒ်မ – ၃၂၃ အတွက် ထောင် တစ်နှစ်၊ စုစုပေါင်း ၃၄ နှစ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချလိုက်တာရှိတယ် ၊ အဲ့ဒီအပြင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတုန်းက ပုဒ်မ – ၅၀၅ (က) နိုင်ငံရေးအမှု ငါးမှုအတွက် ထောင် ဆယ်နှစ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်မှုအတွက် ထောင် ၂ နှစ်၊ စုစုပေါင်း ၁၂ နှစ် ချလိုက်တာလည်းရှိတယ် ၊ အဲ့ဒီ ကျခံနေရဆဲ ထောင်ဒဏ် ၄၆နှစ်နဲ့ အခု (ဒီကနေ့)ချခံလိုက်ရတဲ့ ၂၄ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ်၇၀ဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ သာစည်လမ်း ၊ မြို့မရွှေဂူကျောင်းတိုက် မုခ်ဦးနားမှာ ကိုဝေမိုးနိုင်ရဲ့ အဖွဲ့ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြလာတဲ့အချိန် နစက လုံခြုံရေးအဖွဲ့တွေက ကားနဲ့တိုက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဝေမိုးနိုင်(မုံရွာ) ဟာ စာရေးသူတဦးဖြစ်ပြီး ၊ ၁၉၉၅ ခုနှစ် စက်တင်ဘာ ၂၆ တွင် အဖ ဦးကိုကိုနိုင်၊ အမိ ဒေါ်မိုးစန္ဒာကြူတို့မှ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ကိုဝေမိုးနိုင် အသက် ၁၃ နှစ်အရွယ်ကစလို့ ဖူးငုံဆယ်ကျော်သက်မှာ ပွင့်ချိန်တန်လျှင် ဝတ္ထုတိုကို စတင်ဖော်ပြခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖူးငုံဆယ်ကျော်သက်၊ ရုပ်ရှင်တေးကဗျာ၊ မဟေသီနှင့် ရနံ့သစ်တို့တွင် ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားလျက်ရှိသလို အွန်လိုင်းတွင်လည်း ဘလော့များ ရေးသားခဲ့တယ်လို့ သိရပါတယ်။
Related posts
-
ကြည့်မြင်တိုင် ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုဖြစ်လို့ ၁၀ ယောက်ကျော် ဒဏ်ရာရ
စက်တင်ဘာ ၃၀ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ... -
လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ထွက်ပြေး
ဘေရွတ်၊ စက်တင်ဘာ-၃၀-၂၀၂၄ ရတီ(VOM) လက်ဘနွန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို... -
အလုံမှာ မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲထိုးသတ်မှုဖြစ်ပွား
စက်တင်ဘာ ၃၀ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှာ အသက် ၂၂...