မုံရွာက သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဒီကနေ့ ထောင်ဒဏ် ၂၄ နှစ် ထပ်မံချမှတ်ခံရ



မေ ၊ ၁၀ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် ခြောက်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် အနှစ် နှစ်ဆယ်ကျော် ထပ်တိုးချလိုက်တယ်လို့ မုံရွာ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီကနေ့ ထောင်ဒဏ်အမိန့်ချလိုက်တာက ကိုဝေမိုးနိုင် အပါအဝင် သူ့ရဲ့အမှုတွဲ လူ ခြောက်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (၂) / ၁၄၉ အရ ထောင်ဒဏ် အနှစ် ၂၀ ၊ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ အရ ထောင်ဒဏ် ၂ နှစ် ၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၆၄. အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်ကို သီးခြားစီကျခံစေဖို့ အမိန့်ချလိုက်တာဖြစ်တယ် ” လို့ တရားရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မုံရွာမှာရှိတဲ့ နိုင်ငံရေး အသိုင်းဝိုင်းက
” ပြီးခဲ့တဲ့ နှစ်တွေက ကိုဝေမိုးနိုင်ကို နိုင်ငံရေးပုဒ်မ-၅၀၅ (က) အတွက် ထောင် သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ – ၁၄၈ ရုန်းရင်းဆန်ခတ်မှုအတွက် သုံးနှစ်၊ ပုဒ်မ – ၃၉၅ ဓားပြမှုအတွက် ထောင် အနှစ် ၂၀၊ လူစုလူဝေးမှာ ပါဝင်ပြီး သေစေနိုင်လောက်တဲ့ လက်နက်ကိုင်စွဲမှု ပုဒ်မ – ၁၄၄/ ၃၉၇ အတွက် ထောင် ခုနစ်နှစ်၊ သာမန်နာကျင်စေမှု ပုဒ်မ – ၃၂၃ အတွက် ထောင် တစ်နှစ်၊ စုစုပေါင်း ၃၄ နှစ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချလိုက်တာရှိတယ် ၊ အဲ့ဒီအပြင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတုန်းက ပုဒ်မ – ၅၀၅ (က) နိုင်ငံရေးအမှု ငါးမှုအတွက် ထောင် ဆယ်နှစ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်မှုအတွက် ထောင် ၂ နှစ်၊ စုစုပေါင်း ၁၂ နှစ် ချလိုက်တာလည်းရှိတယ် ၊ အဲ့ဒီ ကျခံနေရဆဲ ထောင်ဒဏ် ၄၆နှစ်နဲ့ အခု (ဒီကနေ့)ချခံလိုက်ရတဲ့ ၂၄ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ်၇၀ဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ သာစည်လမ်း ၊ မြို့မရွှေဂူကျောင်းတိုက် မုခ်ဦးနားမှာ ကိုဝေမိုးနိုင်ရဲ့ အဖွဲ့ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြလာတဲ့အချိန် နစက လုံခြုံရေးအဖွဲ့တွေက ကားနဲ့တိုက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဝေမိုးနိုင်(မုံရွာ) ဟာ စာရေးသူတဦးဖြစ်ပြီး ၊ ၁၉⁠၉၅ ခုနှစ် စက်တင်ဘာ ၂၆ တွင် အဖ ဦးကို⁠ကိုနိုင်၊ အမိ ဒေါ်မိုးစန္ဒာကြူတို့မှ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ကိုဝေမိုးနိုင် အသက် ၁၃ နှစ်အရွယ်ကစလို့ ဖူးငုံဆယ်ကျော်သက်မှာ ပွင့်ချိန်တန်လျှင် ဝတ္ထုတိုကို စတင်ဖော်ပြခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖူးငုံဆယ်ကျော်သက်၊ ရုပ်ရှင်တေးကဗျာ၊ မဟေသီနှင့် ရနံ့သစ်တို့တွင် ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားလျက်ရှိသလို အွန်လိုင်းတွင်လည်း ဘလော့များ ရေးသားခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW