ဆူးငှက်
“မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်း”ဆိုတာ ဗုဒ္ဓစာပေမှာ အလွန်ထင်ရှားတဲ့ ကျမ်းကြီးတစ်ဆူ ဖြစ်ပါတယ်။ ဒီကျမ်းကြီးကို အင်းဝမင်းခေါင်လက်ထက်က နာမည်ကျော်ကြားလှတဲ့ အရှင်အရိယာဝံသ ကိုယ်တော်မြတ်ကြီးက ပြုစုခဲ့ပါတယ်။ အရှင်အရိယာဝံသက ဒီကျမ်းကြီးကို တိတ်ဆိတ်အေးချမ်းမှု အတိပြီးတဲ့ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီအနီးက မန်းကျည်းတောချောင်မှာ ပြုစုခဲ့တာပါ။
မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်းကြီးရဲ့ ပေစာအင်္ဂါများကတော့ ပထမပေစာထုပ်မှာ (၁၉)အင်္ဂါနဲ့ (၇)ရွက်၊ “က”အစ“နေ”အဆုံးဖြစ်ပြီး၊ ဒုတိယပေထုပ်မှာ “က”အစ“ယော်”အဆုံး (၂၅)အင်္ဂါနဲ့ (၁၀)ရွက် ရှိပါတယ်။ ဒီကျမ်းကြီး ပြီးစီးတော့ ဆွမ်းဦးပုညရှင်စေတီရင်ပြင်မှာကျင်းပတဲ့ “စာတော်ဖတ်ပွဲ”ကလည်း ထင်ရှားလှပါတယ်။
ဆရာတော် အရှင်အရိယာဝံသ ပြုစုတော်မူခဲ့တဲ့ “မဏိသာရ မဉ္ဇူသာပါတ် ပါဠိ”ကျမ်း ပေမူကို အင်းဝခေတ်မှ သည်အဆက်ဆက် ထိန်းသိမ်းလာခဲ့ကြတာ မန္တလေးရတနာပုံမ်ခေတ် သင်္ဂဇာကျောင်းတိုက်ရဲ့ စာတိုက်ဗီရိုတွေထဲအထိ အဆင့်ဆင့်လို့ပြောရမှာပါပဲ။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးရွာ၊ ဇေတဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူခဲ့တဲ့ ဆရာတော် ဦးဝိသုဒ္ဓါစာရ အရှင်မြတ်ဟာ ငယ်စဉ် ရှင်ရဟန်းဘဝက စာသင်သားအဖြစ်နဲ့ အမရပူရ ရှမ်းကလေးကျွန်းဆရာတော်၊ မန္တလေးမြို့ရွှေကျင်ဆရာတော်၊ သင်္ဂဇာဆရာတော်တို့ထံက သုတ်၊ ဝိနည်း၊ အဘိဓမ္မာ အစရှိတဲ့ ပရိယတ္တိစာပေတွေကို သင်ယူခဲ့ပါတယ်။ သင်္ဂဇာကျောင်းတိုက်မှာ စာဝါလိုက်နေစဉ်၊ သင်္ဂဇာကျောင်းတိုက်ရဲ့ စာတိုက် ဗီရိုတွေထဲက အရှင်အရိယာဝံသရဲ့ “ မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်း”ပေမူကို တွေ့ရှိလိုက်ရပါပြီ။
အလွန်အဖိုးတန်တဲ့ ကျမ်းတစ်ဆူမို့ ဒီကျမ်းကြီးကို ပေမူများထပ်မံပွားစေခဲ့ပါတယ်။ မူရင်းကျမ်း ပေမူကို သစ်ဆိမ့်ကြီး ဇေတဝန်ကျောင်းတိုက်သို့ ပင့်ဆောင်ခဲ့ပါသတဲ့။ ပင်ဆောင်ခဲ့တဲ့ မူရင်းပေမူရဲ့မျက်နှာဖုံးမှာ “သင်္ဂဇာတိုက် ဦးဝိမလ-စာ”လို့ ပါရှိပါတယ်။သစ်ဆိမ့်ကြီး ဇေတဝန်ကျောင်းတိုက်ကို ပေမူရောက်လာတဲ့နေ့က ၁၂၃၈ခုနှစ် တန်ခူးလပြည့်ကျော် ၉ရက်နေ့ ဖြစ်ပါတယ်။
ဆရာတော် ဦးဝိသုဒ္ဓက သစ်ဆိမ့်ကြီး ဇေတဝန်ကျောင်းတိုက်မှာ သီတင်းသုံးစဉ် မန္တလေးသင်္ဂဇာတိုက်က ပင့်ဆောင်ခဲ့တဲ့“ မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်း” နိသယအဖွင့်ကျမ်းတစ်စောင်ကို ထပ်မံပြုစုရေးသားပြီး ပေထက်အက္ခရာတင်ခဲ့ပြန်ပါတယ်။ “ မဏိသာရ မဉ္ဇူသာ နိသယကျမ်း”လို့ ကမ္ပည်းတင်တော် မူပါတယ်။ ဦးဝိသုဒ္ဓ ဆရာတော် သစ်ဆိမ့်ကြီး ဇေတဝန်ကျောင်းမှာ သီတင်းသုံးစဉ် ပေထက်အက္ခရာတင်ပြီး ပြုစုခဲ့တဲ့ ကျမ်းပေါင်း ၂၂ကျမ်း အနက် “ မဏိသာရ မဉ္ဇူသာနိသယကျမ်း”ဟာ ထင်ရှားခဲ့တဲ့ ကျမ်းတစ်ပါးပါ။ ဒီကျမ်းမှာ ပထမပေထုပ်မှာ (၁၆)အင်္ဂါနှင့် (၅)ရွက်၊ ဒုတိယပေထုပ်မှာ (၁၉)အင်္ဂါနှင့်(၁)ရွက်၊ တတိယပေထုပ်မှာ (၁၇)အင်္ဂါ၊ စတုတ္ထပေထုပ်မှာ (၂၀)အင်္ဂါနှင့် ပဉ္စမပေထုပ်မှာ (၂၆)အင်္ဂါနှင့် သုံးရွက်ရှိတာကြောင့်စုစုပေါင်း ပေရွက်ပေါင်း(၁၁၈၆)ရွက် ရှိပါတယ်။ ဆရာတော် ဦးဝိသုဒ္ဓရဲ့ “ မဏိသာရ မဉ္ဇူသာ နိသယကျမ်း”ကို သာသနာတော်မှာ နေတစ်ဆူ၊ လတစ်ဆူလို ထင်ရှားခဲ့တဲ့ လယ်တီဆရာတော်ကြီးနှင့် မန်လည်ဆရာတော်ကြီး ၂ပါးကလည်း ချီးမွမ်းခဲ့ကြပါတယ်။ ဒီ နိသယကျမ်းကို ဒီနေရာအထိ မြန်မာပြည် တစ်ဝှမ်းက စာချ၊ စာတတ် ပုဂ္ဂိုလ်ကြီးများ၊ စာသင်စာလိုက် ပုဂ္ဂိုလ်များလက်ကိုင်ထားတော်မူကြဆဲပါပဲ။
“ မဏိသာရ မဉ္ဇူသာ နိသယ”ကျမ်းကြီးကို ဆရာတော် ဦးဝိသုဒ္ဓက သစ်ဆိမ့်ကြီးရွာ ဇေတဝန်ကျောင်းမှာ ပြုစုခဲ့တာ၁၂၅၆ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ သစ်ဆိမ့်ကြီးရွာဆိုတာ “ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်ကြီး၊ ရွှေကူကြီး”ဆိုပြီး ဝက်လက်မြို့ရဲ့အရှေ့ဘက် (၁၃)မိုင်ကွာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွာကြီးတစ်ရွာ ပါပဲ။ မြစ်ကမ်းဘေးမှာရှိတဲ့ ရွာတွေထုံးစံအတိုင်းရွာတန်းရှည်ကြီးတွေပဲပေါ့။ တစ်ရွာနှင့် တစ်ခြားရွာကြားမှာ သစ်သားတံတား၊ အုတ်တံတားတွေသာ ခြားတာကလွဲလို့တစ်ဆက်တည်းလိုဖြစ်နေတဲ့ ရွာကြီးတွေပါ။ ဧရာဝတီမြစ်ကြီးက မြောက်ကတောင်ကိုစီးသလို “ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်၊ရွှေကူကြီး”ဆိုတဲ့ ရွာတွေကလည်း မြောက်ကတောင်ဘက်ကို အစဉ်လိုက်ရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ရွှေကူကြီးရဲ့တောင်ဘက်၆ဖာလုံလောက်အကွာမှာတော့ ငါးပတ်ချောင်းဆိုတဲ့ရွာ ရှိပါတယ်။
ငါးပတ်ချောင်းဆိုတာ ပုဂံရာဇဝင်မှာ မင်းယဉ်နရသိင်္ခမင်းက ညီတော် နရပတိစည်သူရဲ့ ကြင်ယာတော် ဝေဠုဝတီမိဖုရားကို မတရားသိမ်းပိုက်ချင်လို့ ဥပယ်တံမျဉ်နှင့် ညီတော်ကို ငဆောင်ချမ်းအရပ်က ပုန်ကန်ခြားနားမှု နှိမ်နင်းစေဖို့အလွှတ်မှာညီတော်က မယုံကြည်သော်ငြား မင်းမိန့်မို့အသွား ကြင်ယာတော်ကို စောင့်ရှောက်ဖို့ ငယ်ကျွန်မြင်းခံငပြည့်ကို ပုဂံနန်းတော်မှာထားခဲ့ပြီး ထင်တဲ့အတိုင်း ညီတော်နရပတိစည်သူ သစ်ဆိမ့်အရပ်ရောက်တာနဲ့ နောင်တော်က ဝေဠုဝတီကို သိမ်းပိုက်တဲ့ဇာတ်လမ်းထဲက ထင်ရှားတဲ့ နေရာတစ်နေရာပါပဲ။
ဝေဠုဝတီမိဖုရားကို မင်းယဉ်နရသိင်္ခသိမ်းပိုက်တာနဲ့ မြင်းခံငပြည့်လည်း သူသခင် စိတ်မချလို့မှာထားတဲ့အတိုင်း မြင်းနဲ့အပြင်းနှင်ပြီး သတင်းပို့ဖို့အသွား ညနေ နေဝင်ချိန် ငါးပတ်ချောင်းအရပ်ရောက်တော့ မြင်းလည်းပန်း၊ လူလည်းပန်း၊ အချိန်လည်းကုန်ပြီမို့ ညအိပ်နားတော့ မြင်းက ချောင်းတစ်ဖက် မဝေးတဲ့ နေရာက သူ့သခင်ရဲ့အနံ့ရတာနဲ့ ဟီတော့တာပေါ့။
နောက်တစ်မိုးလင်းမှ မြင်းခံငပြည့်က ခရီးဆက်ပြီး နရပတိစည်သူရဲ့ စစ်စခန်းချရာအရပ် တစ်ခဏနဲ့ ရောက်ပါသတဲ့။ မနေ့ညကဘယ်မှာစခန်းချသလဲအမေး ငယ်ကျွန်ငပြည့်က ငါးပတ်ချောင်းတစ်ဖက်ကမ်းမှာ ညအိပ် ရပ်နားကြောင်း အမှန်အတိုင်းဖြေသတဲ့။ နရပတိစည်သူက မနေ့ညက ငါ့မြင်းဟီသံကြားတယ်၊ ချက်ချင်း ရောက်မလာဘူး။ ဒီအရေးတော်ဟာ တစ်နာရီလည်းတစ်နာရီပဲ“ဟယ် လူမိုက်၊ ငါတို့မင်းသည် တစ်နာရီကြံသော် အတော် အလုပ်ပြီး သည်”ဆိုတဲ့ ဒေါသနဲ့ ငပြည့်ကို နေရာတင် အပြီးစီရင်လိုက်တယ်ဆိုတဲ့ အဖြစ်အပျက်ပေါ့ . . . ။
ဒါကြောင့် ငါးပတ်ချောင်းဟာ ပုဂံရာဇဝင်မှာ ထင်ရှားခဲ့တဲ့နေရာလို့ ဆိုလိုတာပါ။ အဲဒီငါးပတ်ချောင်းနဲ့ ရွှေကူကြီးကြားမှာ သိမ်ကုန်းတောလို့ခေါ်တဲ့ ယာကွက်တွေရှိတယ်။ ဒီယာကွက်တွေဟာ ရွာကုန်းဟောင်းတွေပုံစံပါပဲ။ အုတ်ရိုးဟောင်းတွေရှိတယ်။ လူတွေအစုဝေးနဲ့ နေထိုင်ဖူးတဲ့ လက်္ခဏာအဖြစ် မြေအိုးကွဲ၊ ကြွေပန်းကန်ကွဲ၊ မြေပစ်္စည်း အပိုင်းအစတွေကို ထယ်ထိုး၊ ထွန်ယက်ကြတိုင်းတွေ့ ခဲ့ကြရသတဲ့။ အချင်း ၁လက်မ၊ ထု လက်မဝက်လောက်ရှိတဲ့ အဝိုင်းပုံမှာ စကြာ(ဒါမှမဟုတ်) နေခြည်ဖြာထွက်ဟန် ဗိန္ဓုပြောက်၊ တစ်မတ်(.၂၅လက်မ) လောက်ရှိတဲ့ မြေအိုးကွဲ တစ်ခုမှာတော့ ဦးထုပ်ဆောင်းထားတဲ့လူပုံ အိုးဒီဇိုင်းပါသတဲ့။ လူပုံကလည်း တရုတ်လူမျိုးနဲ့ ခပ်ဆင်ဆင် ပဲတဲ့။
လှေပို့ဆိပ်ရွာနားမှာ နရပတိစည်သူမင်းကောင်းမှု အုံးပေါက်စေတီရှိတယ်။ စေတီရဲ့အနောက်ဖက် ၄ဖာလုံ ဝန်းကျင်မှာပုဂံခေတ်က တရုတ်တပ်တွေ စခန်းချဖူးတဲ့ အုတ်တိုက်သဏ္ဌန် အဆောက်အဦးအစအနတွေရှိခဲ့တယ်။ တစ်မျက်နှာမှာ ပေ၃၀၀န်းကျင်လောက်ကျယ်တယ်။ ဒီအဆောက်အဦးရဲ့ အရှေ့ဖက် ပေ၄၀လောက်ဝေးတဲ့ နေရာက လှည်းလမ်းမှာ အနံ၅ပေလောက်ရှိတဲ့အုတ်တံတိုင်းကလည်း တောင်မြောက် ပေ၂၅၀လောက်ရှည်ပြီး အရှေ့ဖက်၊ ဧရာဝတီဖြစ်ဖက် မျက်နှာလှည့်ထားတယ်။ အုတ်တံတိုင်းက အပြည့်အစုံမရှိတော့ဘူး၊ အုတ်မြစ် အခြေခံလောက် ရှိတော့တာပါ။ ဒီအုတ်တန်းနားမှာ အချင်း၁၈လက်မရှိပြီးအလယ်မှာ အချင်း ၅လက်မ၊ အနက် ၅လက်မရှိတဲ့ ကျောက်ပြား၊ ကျောက်ဝိုင်းတွေလည်း ရှိသေးတယ်။
ဝက်လက် သစ်ဆိမ့်ကြီးရွာတစ်ဝိုက်ဟာ ပုဂံခေတ်ကတည်းက တရုတ်တပ်တွေ စစ်ချီ၊ စစ်နားလမ်းတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာ ရှင်ဒီသာပါမောက်ရဲ့ ကျောက်စာမှာပါတဲ့ “သစ်ဆိမ့်၊ ဟန်လင်း နှိုက် တရုတ်တပ်များ စွဲရာဌာန”ဆိုတဲ့ အချက်အရ ထင်ရှားပါတယ်။ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်၊ ရွှေကူကြီးရဲ့တောင်ဘက် က ကြွေထည်မြေထည်တွေ၊ အိုးခြမ်းပဲ့တွေ၊ အုတ်ရိုး၊ အုတ်တန်း၊အုတ်ကုန်းတွေတွေ့ရတဲ့ သိမ်ကုန်းတောဆိုတဲ့ ယာကွက်တွေက စိတ်ဝင်စားစရာတော့ ကောင်းနေတာပေါ့။ သူ့တောင်ဘက်မှာမြင်းခံငပြည့်နားတဲ့ ငါးပတ်ချောင်းလည်း ရှိနေပြီ။ နရပတိစည်သူကလည်း ငဆောင်ချမ်းအရပ်က ပုန်ကန်ထကြွမှုကို နှိမ်နင်းဖို့စေခိုင်းခံရတာလို့ ဆိုတာကိုး . . . . .
ပုဂံရာဇဝင်မှာ ထင်ရှားခဲ့တဲ့ ငဆောင်ချမ်းအရပ်ဟာ နရပတိစည်သူလက်ထက် (အေဒီ ၁၁၉၆)မှာ ခံတပ်မြို့ ဖြစ်ခဲ့တယ်။အေဒီ ၁၂၂၈ထိ ငဆောင်ချမ်းမှာ ပုန်ကန်မှုတွေ မကြာကြာပေါ်ပေါက်ခဲ့တယ်။ အဲဒီခေတ်မြန်မာနိုင်ငံရဲ့ မြောက်ဖက်နယ်နိမိတ်“ကောင်စင်”အရပ်ဟာ အုပ်ချုပ်ရေးအတွက် အရေးပါတဲ့ မြို့ ဖြစ်ချိန် ငဆောင်ချမ်းက ကင်းတပ်စခန်းပဲ ရှိခဲ့သတဲ့။
သစ်ဆိမ့်ကြီးရွာ ဇေတဝန်ကျောင်းမှာ ၁၂၅၆ခုနှစ်က ရေးသားပြီးစီးခဲ့တဲ့ ဆရာတော် ဦးဝိသုဒ္ဓရဲ့ “ မဏိသာရ မဉ္ဇူသာ နိသယကျမ်း”ပေမူလာ ပဉ္စမပေထုပ်၊ အင်္ဂါ(၂၅)-(မု)ပေရွက်မှာ . . .
“နတ်ဖန်သီတာ၊ ရစ်ဝန်းကာဝေ၊ ဧရာဝတီ၊ မြစ်ကမ်းမှီးသည့်၊ ဝေးနီးခိုရာ၊ စပ်ခါတည်နီး၊ ရွာသစ်ကြီး၊ လှေပို့ဆိပ်၊သစ်ဆိမ့်၊ ရွှေကူကြီး၊ တစ်သီး ငဆောင်ချမ်း၊ ရွာငါးတန်းတွင်”လို့ ပေထက်အက္ခရာတင်ခဲ့ပါတယ်။
ဒါဖြင့် ရွှေကူကြီးရွာနှင့် ငါးပတ်ချောင်းကြားက “သိမ်ကုန်းတော”ဟာ နရပတိစည်သူ အလှည့်စားခံ စေလွတ်ခံခဲ့ ရတဲ့ငဆောင်ချမ်း အရပ်လေများ လား။
ကျမ်းပြုအကျော် သစ်ဆိမ့်ကြီးဇေတဝန်ဆရာတော် ဦးဝိသုဒ္ဓရဲ့ “ မဏိသာရ မဉ္ဇူသာ နိသယကျမ်း”က ပေထက်အက္ခရာတင်မှုကိုလည်း ပစ်ပယ်လို့ မရစကောင်းဘူး ပ လေ ။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ဦးဝိသုဒ္ဓ #မဏိသာရမဉ္ဇူသာနိသယကျမ်း