ကင်ညာမှာ အခွန်တိုးကောက်မှာကြောင့် ပါလီမန်ကို မီးဝင်ရှို့၊ ဆန္ဒပြသူ ငါးယောက် ရဲကပစ်လို့ သေဆုံး

 

နိုင်ရိုဘီ၊ ဇွန်-၂၆-၂၀၂၄
မျိုးဆက်(VOM)

ကင်ညာနိုင်ငံမှာ အခွန်တိုးကောက်မယ့် အစီအစဉ်အပေါ် ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ ပါလီမန်ကို ဝင်ရောက်မီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူငါးယောက်သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူရာနဲ့ချီ ဒဏ်ရာရခဲ့ပြီး မြို့တော်နိုင်ရိုဘီရှိ ဘုရားကျောင်းတစ်ခုမှာ ယာယီဆေးခန်းဖွင့်ပြီးကုသနေကာ ဆရာဝန်တွေကို စစ်သားတွေက နှင်ထုတ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ပါလီမန်ကိုဝင်ရောက်စီးနှင်းပြီး မီးမရှို့မီ ရဲတပ်ရဲ့ အတားအဆီးတွေကို ဖြတ်ကျော်ခဲ့ကြပါတယ်။ အခွန်တိုးမြှင့်မှုတွေပါဝင်ပြီး လူကြိုက်များခြင်းမရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ကင်ညာမှာ ရက်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ပါလီမန်အမတ်များက ဇွန် ၂၅ ရက်မှာ အတည်ပြုလိုက်တာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုအရှိန်မြင့်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ပါလီမန်အတွင်းဝင်ရောက်ပြီး အတွင်းပိုင်းတွေကို ဖျက်ဆီးကာ မီးရှို့မှုများ ပြုလုပ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ံ မင်းမဲ့စရိုက်ဖြစ်ပြီး နိုင်ငံလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ အန္တရာယ်ရှိသော ရာဇဝတ်မှုကျူးလွန်ခြင်းများကို ဟန့်တားရေးနည်းလမ်းမှန်သမျှ အသုံးပြုသွားမယ်လို့ သမ္မတ ဝီလျံရူတိုက ပြောဆိုထားပြီး ဆန္ဒပြပွဲတွေကို ထိန်သိမ်းဖို့ စစ်တပ်ကို စေလွှတ်ထားပါတယ်။

Ref:BBC
Photo:CNN/AFP

#Voiceofmyanmar #VOM #ကင်ညာ #အခွန် #ပါလီမန်မီးရှို့ #ဆန္ဒပြပွဲ #ငါးယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW