ဘဏ်နဲ့ချိတ်ဆက် အိမ်ရာဝယ်တဲ့ ချေးငွေတွေ ရပ်ဆိုင်းကုန်တာကြောင့် အိမ်ခြံမြေဈေးကွက် ထိခိုက်လာ

 

ဇူလိုင် ၂၄ – ၂၀၂၄
SN (VOM)

ဘဏ်တွေ အရေးယူမယ့်ကိစ္စကြောင့် ဘဏ်နဲ့ချိတ်ဆက် အိမ်ရာဝယ်တဲ့ချေးငွေတွေ ရပ်ဆိုင်းကုန်တဲ့အတွက် အိမ်ခြံမြေဈေးကွက် ထိခိုက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

“လတ်တ‌လော အခြေအနေတွေအရ ဘဏ်တွေကနေ ငွေထုတ်လို့ မရတဲ့အပိုင်းနဲ့ ဘဏ်ချိတ်တွေ မရတော့တဲ့ အနေအထားတွေ ဖြစ်လာတယ်။ ထိန်းချုပ်မှုတွေ၊ အရေးယူမှုတွေလည်း ရှိလာတဲ့အခါကျတော့ အဆင်မပြေတော့ဘူး။ မြို့ကြီးတွေမှာက နယ်မြို့တွေထက် ဘဏ်ချိတ်နဲ့ ဝယ်တာ ပိုများလေ့ရှိတာဆိုတော့ ခုနောက်ပိုင်း အရောင်းအဝယ်တွေ ခက်လာတယ်။ အဆင်မပြေတော့ဘူး” လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ပြီး အိမ်ရာချေးငွေ ထုတ်ချေးထားတဲ့ ပြည်တွင်းဘဏ် ခုနစ်ခုရဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဘဏ်နဲ့ ချိတ်ဆက် အိမ်ရာဝယ်တဲ့ ချေးငွေတွေ ရပ်ဆိုင်းသွားတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အရစ်ကျချေးငွေနဲ့ အိမ်ဝယ်မယ့်သူတွေကို ငွေပြန်အမ်းပေးနေရတာတွေ ရှိလာတယ်လို့ သိရပါတယ်။

“ဘဏ်တွေအနေနဲ့ ငွေထုတ်ရတာ အဆင်မပြေသွားတဲ့ ကာလတခုမှာတော့ စရံငွေတွေကို နားလည်မှုယူပြီးတော့ အချင်းချင်း ပြန်ပေးတာ၊ ပြန်လျော်တာတွေလည်း ရှိလာတယ်။ လုပ်ရကိုင်ရ ကြပ်လာတဲ့ အခြေအနေမှာ ဘဏ်တွေမှာ အိမ်ရာချေးငွေ ခက်ခဲသွားနိုင်တဲ့သဘောရှိတယ်။ ဒါတွေက ဘဏ်ကနေ ငွေသားလက်မခံလိုသူတွေကြောင့် ဖြစ်သွားကြတာလည်း ပါတယ်” လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှ စတင်ကာ ပြည်တွင်းက ဘဏ်လုပ်ငန်းတွေ အိမ်ရာချေးငွေ ဆောင်ရွက်ခွင့်အတွက် ဘဏ်ချေးငွေ စုစုပေါင်းပမာဏရဲ့ ၅ ရာခိုင်နှုန်းကို သတ်မှတ် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် သုံးနှစ်ထက်မပိုတဲ့ အိမ်ရာချေးငွေ (Housing Loan) မှအပ တခြား သက်တမ်း သုံးနှစ်ထက်ပိုတဲ့ ချေးငွေတွေ ထုတ်ချေးလိုတဲ့အခါမှာလည်း ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ စည်းကမ်းချက်တွေကို ဖော်ပြပြီး ကိစ္စရပ်တခုချင်းအလိုက် ဗဟိုဘဏ်ကိုတင်ပြကာ ခွင့်ပြုချက်ရယူရမယ်လို့လည်း ညွှန်ကြားထားတာ ရှိပါတယ်။

ဒါအပြင် ငွေရေးကြေးရေး ဥပဒေ ပုဒ်မ ၁၅၄ အရ ကျူးလွန်သူကို သတိပေးခြင်း၊ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်သတ်ချက်အပါအဝင်ဖြစ်တဲ့ အမိန့်တွေချမှတ်ခြင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ယာယီရပ်ဆိုင်းခြင်း (ဒါမှမဟုတ်) ရပ်စဲခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လက်ရှိမှာတော့ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် ကိုယ်ပိုင်ငွေနဲ့ အပြည့်အဝ ဝယ်ယူနိုင်ဖို့ ခက်ခဲနေတာဖြစ်ပြီး ဘဏ်စနစ်နဲ့သာ ချိတ်ဆက် ဝယ်ယူလိုသူ များပြားနေတဲ့အခြေအနေမှာ အခုလို ဘဏ်ချေးငွေရရှိဖို့ ခက်ခဲသွားတာဟာ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

လက်ရှိ ဈေးကွက်အတွင်း အိမ်ခြံမြေဈေးတွေ မြင့်တက်နေတာမှာ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ မြို့နယ်တွေက ပေ ၂၀ × ၆၀ မြေကွက်တွေဟာ အရင်က ကျပ် သိန်း ၃၀၀ ကျော်ဝန်းကျင် ရှိနေရာက အခု ကျပ် သိန်း ၁၃၀၀ ကျော် ပေါက်ဈေးရှိနေသလို ပေ ၄၀ × ၆၀ မြေကွက်တွေဟာလည်း အရင် ကျပ် သိန်း ၅၀၀ ကနေ အခု ကျပ် သိန်း ၅၀၀၀ အထိ ဈေးတက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ တိုက်ခန်းနဲ့ ကွန်ဒို ဈေးတွေကတော့ အရင် ကျပ် သိန်း ၁၀၀၀ က အခု သိန်း ၃၀၀၀ ဝန်းကျင်အထိ ရှိ‌နေပြီး ရန်ကုန်မြို့ထဲရှိ တိုက်ခန်းနဲ့ ကွန်ဒို အငှားဈေးနှုန်းတွေကတော့ အရင် ကျပ် ငါးသိန်းမှ အခု ကျပ် ၁၀ အထိ ရှိနေတယ်လို့ သိရပါတယ်။

အရင်က ကျပ် သိန်း ၅၀၀ ဈေးရှိတဲ့ တိုက်ခန်းတွေဟာလည်း တလအတွင်း ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထက် ဈေးတက်နေကာ ဝယ်ထားပြီး ရှစ်လလောက် ရောက်တဲ့အခါမှာတော့ အဲဒီ ကျပ် သိန်း ၅၀၀ တန် တိုက်ခန်းဟာ ကျပ် သိန်း ၁၅၀၀ ဝန်းကျင်အထိ ဈေးတက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အိမ်ခြံမြေ အရောင်းအဝယ် အခြေအနေကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်သာရှိနေပြီး များသောအားဖြင့် တိုက်ခန်းနဲ့ ကွန်ဒိုအသေးတွေ အရောင်းအဝယ် ဖြစ်နေကာ ဈေးအမြင့်တင်ထားတဲ့ အိမ်ခြံမြေတွေကတော့ အဝယ်မလိုက် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

#voiceofmyanmar #VOM #ဘဏ်ချိတ် #အိမ်ရာချေးငွေ #ရပ်ဆိုင်း #အိမ်ခြံမြေဈေးကွက် #ထိခိုက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW