ရွှေပြင်ပပေါက်ဈေး ကျပ် ၆၂ သိန်း၊ ဒေါ်လာ ၅၁၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေ

 

ဇူလိုင် ၂၇ – ၂၀၂၄
SN (VOM)

ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ၆၂ သိန်းကျပ်၊ အမေရိကန် တဒေါ်လာ ၅၁၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်က တကျပ်သား ၅၉ သိန်းဝန်းကျင် ရှိခဲ့တာဖြစ်ပြီး ခြောက်ရက်အကြာ ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာတော့ ကျပ် သုံးသိန်းဝန်းကျင် ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

“အခေါက်ရွှေဈေးက ကျွန်တော်အရင်ကတည်းက ပြောခဲ့သလိုပါပဲ။ အဖမ်းအဆီးတွေကြောင့်သာ ကျသယောင် ရှိနေတာ။ တက်ရင် အလုံးအရင်းနဲ့ ချက်ချင်းပြန်တက်နိုင်တယ်ဆိုတာ။ ဘယ်လောက်ပဲ အဖမ်းအဆီးတွေနဲ့ ထိန်းထိန်း၊ သူက ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေးပေါ် မူတည်နေတာဖြစ်တဲ့အတွက် ဒေါ်လာတက်ရင်၊ ကမ္ဘာ့ရွှေ တက်ရင် လိုက်တက်မှာပဲ။ ရွှေဈေးဆိုတာက ဈေးတန်းတခုတည်းမှာ တသတ်မှတ်တည်း ဘယ်တော့မှ ထားလို့မရတဲ့အရာ။ အဲဒါကို စာတွေထုတ်ပြီး ဈေးတမျိုးတည်းသတ်မှတ်ပြီး ရောင်းခိုင်းနေကတည်းကိုက လွဲနေတာ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က တအောင်စ ၂၃၈၈ ဒေါ်လာ ရှိခဲ့ပြီး ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာတော့ တအောင်စ ၂၃၈၇ ဒေါ်လာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကနေ ၂၂ ရက်အထိ ကမ္ဘာ့ရွှေဈေးဟာ ၂၄၂၀ ဝန်းကျင်မှာ ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တွေတုန်းကတော့ ပြည်တွင်းရွှေဈေးဟာ ၅၈ သိန်းနဲ့ ၅၉ သိန်းဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ဇူလိုင် ၂၂ ရက်မှာ တဒေါ်လာ ၄၈၄၀ ကျပ် ရှိခဲ့ပြီး ခြောက်ရက်အကြာ ဒီကနေ့မှာတော့ ၃၆၀ ကျပ် ထပ်မံ မြင့်တက်လာတာဖြစ်ပါတယ်။

လက်ရှိ ငွေလဲဈေးကွက်အတွင်းမှာ အဝယ်သာရှိပြီး အရောင်း လုံးဝမရှိ ဖြစ်နေတယ်လို့ သိရပြီး ရွှေဈေးကွက်အတွင်းမှာလည်း ဈေးနှုန်း အတက်အကျမငြိမ် ဖြစ်နေတာကြောင့် အရောင်းသာရှိပြီး အဝယ်ဈေးကွက် အေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အခေါက်ရွှေဈေး #၆၂သိန်း #ဒေါ်လာ #၅၁၀၀ဝန်းကျင် #ရောက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW