စစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုတို့အကြား အကျဉ်းသားလဲလှယ်ရေး ပြုလုပ်

 

ဝါရှင်တန်၊ ဩဂုတ်-၂-၂၀၂၄
မျိုးဆက်(VOM)

စစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံများအကြား အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှုကို ဩဂုတ် ၁ ရက်အစောပိုင်းက ပြုလုပ်ခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၂၄ ယောက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။

ဝေါလ်စရိဂျာနယ်သတင်းထောက် အီဗန်ဂါရှ်ကိုဗစ်ချ်အပါအဝင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှ အကျဉ်းသား ၁၆ ယောက်ကို ရုရှားက ပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အမေရိကန်၊ နော်ဝေး၊ ဂျာမနီ၊ ပိုလန်နဲ့ စလိုဗေးနီးယားအကျဉ်းထောင်တွေရှိ ရုရှားအကျဉ်းသား ရှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

သူတို့ထဲမှာ ထောက်လှမ်းရေးလုပ်ဆောင်မှုများကြောင့် ဖမ်းဆီးခံရတဲ့ ရုရှားထောက်လှမ်းရေးတွေလည်းပါဝင်ပြီး တူရကီနိုင်ငံ အန်ကာရာလေဆိပ်မှာ အကျဉ်းသားချင်း ဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားဘက်က လွှတ်ပေးလိုက်သူတွေထဲမှာ အမေရိကန်ဝါရင့် မရိန်တပ်သား ပေါလ်ဝီလန်၊ ရုရှား-အမေရိကန် သတင်းထောက် အယ်ဆူကူမာရှီဗာ၊ ရုရှား-ဗြိတိန် တက်ကြွလှုပ်ရှားသူ ဗလာဒီမာကာရာမာဇာတို့ ပါဝင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုပါတယ်။

ဒီသဘောတူညီချက်ရရှိဖို့ ၁၈ လကြာ ဆွေးနွေးခဲ့ကြရပြီး အနောက်အုပ်စုက ပြန်လွှတ်ပေးလိုက်သူထဲမှာ ဂျာမနီ ဘာလင်ပန်းခြံမှာ လုပ်ကြံသတ်ဖြတ်မှုတခုအတွက် ထောင်တသက်ချမှတ်ခံရတဲ့ ဗာဒင်ကရာဆီကော့ဗ်လည်း ပါဝင်ပါတယ်။

ဒီအကျဉ်းသားလဲလှယ်မှုဟာ အမေရိကန်နဲ့ ရုရှားအကြား အရှုတ်ထွေးဆုံး ဖလှယ်မှုဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ထားပါတယ်။ဒါဟာ သံတမန်ရေးရာ စွမ်းဆောင်နိုင်မှုဖြစ်ပြီး နိုင်ငံများစွာဟာ ခက်ခဲရှုတ်ထွေးတဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုထားပါတယ်။

Ref:BBC
Photo:AP/US Government

#Voiceofmyanmar #VOM #ရရှား #အနောက်အုပ်စု #စစ်အေးခေတ်နောက်ပိုင်း #အကျဉ်းသားလဲလှယ်

Related posts

Leave a Comment

VOM News

FREE
VIEW