EVကား စွန့်ပစ်ဘက်ထရီနဲ့ အစိတ်အပိုင်းတွေ တင်သွင်းရင် ထောင်ဒဏ်ကျတဲ့ထိ တရားစွဲဆိုနိုင်

သြဂုတ်၂၈ ၊ ၂၀၂၄
Ms(VOM)
လျှပ်စစ်သုံးယာဉ် EVနဲ့ပတ်သက်တဲ့ စွန့်ပစ်ဘတ်ထရီနဲ့ အစိတ်အပိုင်းတွေ ဟာ ပတ်ဝန်းကျင် ညစ်ညမ်းတာနဲ့ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် မြန်မာပြည်တွင်းကို တင်သွင်းခြင်းမပြုဖို့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက အသိပေးထားပါတယ်။
EVကား စွန့်ပစ်ပစ္စည်းနဲ့ ဘတ်ထရီတွေကို တင်သွင်းလာသူတွေအနေနဲ့ အသိပေးထားတာကို မလိုက်နာပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ (၃၂) အရ တနှစ် နဲ့ အထက်ပိုသော ထောင်ဒဏ် ၊ ငွေဒဏ်တွေကို ချမှတ်ခံရမယ်လို့ဆိုပါတယ်။
” စွန့်ပစ်Evပစ္စည်းတွေကို တင်သွင်းခွင့်တားမြစ်တာဟာ ကျန်းမာရေးပြသနာရှိတာ ဆိုတာထက် အဓိကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု က ပိုမယ်ထင်တယ်။ ဒီEVကားတွေက သူများနိုင်ငံတွေမှာ သုံးတာကြာလာတာနဲ့အမျှ သူကထွက်တဲ့ စွန့်ပစ်ပစ္စည်းပမာဏကလည်း အဲဒီနိုင်ငံတွေမှာ များလာတယ် တောင်ပုံယာပုံ ဖြစ်လာတယ်။ ဒါကို မြန်မာက အခုမှ EVကားသုံးတာကိုစတော့ ဒီပစ္စည်းတွေကို ကိုယ့်နိုင်ငံပြန်ယူမယ် အစားထိုးသုံးမယ်လို့ စဉ်းစားပြီးသွင်းလာရင် ဒါက ကိုယ့်နိုင်ငံကို အသစ်တွေ သွင်းလာတာမှမဟုတ်ပဲ အဟောင်းတွေဆိုတာအမှိုက်ပဲ အမှိုက်လာစုသလိုဖြစ်မှာပေါ့။ အဟောင်းကိုအစားထိုးလည်းဘယ်လောက်ကြာကြာခံမလဲ။အဲ့ဒီ့သဘော ကြောင့် ဒီဥပဒေ က ထုတ်သင့်တာပါပဲ”လို့ EVကား အရောင်းအဝယ် လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။
EVများက ထွက်တဲ့ အမှိုက်စီမံခန့်ခွဲမှု ပြဿနာကို ကမ္ဘာ့နိုင်ငံကြီးတွေမှာ စတင်ရင်ဆိုင်နေရ တာကြောင့် မူဝါဒ ၊ အစီအမံတွေ အားနည်းနေရင် သက်တမ်းကုန်ဆုံးတဲ့ ကားဘတ်ထရီနဲ့ စွန့်ပစ်ပစ္စည်းတွေ တောင်ပုံယာပုံ ဖြစ်လာနိုင်မယ့် အချက်ကို ထည့်သွင်းစဉ်းစား သင့်တယ် လို့ဆိုပါတယ်။
” ကိုယ့်နိုင်ငံက သူများတွေထက် တော့ EVကားသုံးတာကနောက်ကျတယ်လေ။ သူများတွေသုံးတာ၁၀စုနှစ်ကျော်ပြီ စမ်းသပ်ချက်တွေလည်းအမျိုးမျိုး ရှိနေတာ လောင်စာစွမ်းအင်ချွေတာပြီး လေထုညစ်ညမ်းမှုလျော့ချတယ်ဆိုပေမယ့်။ သူ့ရဲ့စွန့်ပစ်ပစ္စည်းကတော့ အမှိုက်ဖြစ်နိုင်ခြေရှိမရှိထည့်တွက်ဖို့လိုတာပေါ့။ လျှပ်စစ်သုံးယာဉ်က ထွက်တဲ့ ဘတ်ထရီနဲ့ သတ္တူတွေမှာ ဘေးအန္တရာယ်ရှိတဲ့ အသွင်ရှိလို့ အဟောင်းတွေကို ပြန်အစားထိုးသုံးမယ့်အစား အသစ်တွေပဲ သုံးသင့်ပါတယ်”လို့ စားသုံးသူကာကွယ်ရေးအသင်း က တာဝန်ရှိသူတယောက်ကပြောပါတယ်။
EVစွန့်ပစ် ဘတ်ထရီနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေ တင်သွင်းတာကို မပြုဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန က အမိန့်ကြေညာစာထုတ်ပြန်ထားတာ ဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေဖို့ နဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျန်းမာရေး ဆိုးကျိုးအပေါ် သက်ရောက်မှုမရှိစေဖို့ တားမြစ်တာဖြစ်တယ်လို့ ကြေညာစာမှာ ဖော်ပြထားပါတယ်။
စွန့်ပစ်ဘတ်ထရီ ဆိုတာ ဘတ်ထရီတခုလုံး ဒါမှမဟုတ် ဘတ်ထရီရဲ့အစိတ်အပိုင်း များ သက်တမ်းလွန်နေတာ ၊ နည်းပညာချို့ယွင်းတာ ၊ အရည်အသွေးမမှီတာ ၊ ပြန်ပြုပြင်သုံးစွဲမရတာတွေကို ဆိုလိုတာဖြစ်ကာ အခြားစွန့်ပစ်ပစ္စည်းဆိုတာက တော့သတ္တု ဒါမှမဟုတ် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ယာဉ် ကိုယ်ထည် ရဲ့ အစိတ်အပိုင်းတွေ ၊ တာယာတွေ ၊ အအေးခံဆေးရည် နဲ့ ဘရိတ်ဆီ ၊ လေအိတ် ၊ ပြန်လည်ပြုပြင်သုံးနိုင်တဲ့ အီလက်ထရောနစ် အစိတ်အပိုင်းများ ၊ လျှပ်စစ်သုံးယာဉ်မှာ တပ်ဆင်အသုံးပြုထားတဲ့ မှန်ချပ်အမျိုးမျိုး ၊ ဒကျရျှဘုတျ အပါအဝင် ယာဉ်အတွင်းပိုင်းတပ်ဆင်ထားသော ပလတ်စတစ်အစိတ်အပိုင်းများ ၊ထိုင်ခုံများကို ဆိုလိုခြင်း ဖြစ်ရာ ယင်း ပစ္စည်းတွေ တင်သွင်းခွင့်ကိုတားမြစ် ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ EVလျှပ်စစ်သုံးယာဉ်တွေ ကို ၂၀၂၃ခုနှစ်ဇန်နဝါရီလက စတင်ကာ အခွန်ကင်းလွတ်ခွင့်ပေးကာတင်သွင်းခွင့်ပြုခဲ့တာဖြစ်ပြီး စစချင်းမှာ အစီးရေ၃၀၀၀ ပမာဏ တင်သွင်းရန်စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ၁နှစ်တာအတွင်း EV လူစီးမော်တော်ယာဉ်နဲ့ ကုန်တင်(ဝန်ပေါ့)ယာဉ် ၁၈၈၈စီး အထိ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန ( ကညန )မှာ မှတ်ပုံတင်ထားပါတယ်။
EV လျှပ်စစ်သုံးမော်တော်ယာဉ် တွေကို စတင် တင်သွင်းခွင့်ပြုတဲ့အချိန်ကစလို့ အခုနှစ်မေလကုန်အထိ မှာ မြန်မာနိုင်ငံကို EV အစီးရေ ၄၃၀၀ကျော် တင်သွင်းထားပြီး ဖြစ်တယ်လို့သိရှိရပါတယ်။
photo – EV Club myanmar , CJ

Related posts

Leave a Comment

VOM News

FREE
VIEW