တောင်အာဖရိက အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၁၇ ယောက်သေပြီး ကျူးလွန်သူကို အပူတပြင်း ရှာဖွေနေ

ကိပ်တောင်း၊ စက်တင်ဘာ-၂၉-၂၀၂၄
ရတီ(VOM)
တောင်အာဖရိကနိုင်ငံရှိ ဝေးလံခေါင်သီတဲ့ဒေသရှိ မြို့တမြို့မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် လူ ၁၇ ယောက် သေဆုံးသွားပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေကြပါတယ်။
အိစတန်းကိပ်ပြည်နယ် လူဆီကီဆီကီမြို့ရှိ နေအိမ်နှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ နေအိမ်တအိမ်မှာ အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး ဒုတိယနေအိမ်မှာတော့ အမျိုးသမီး သုံးယောက်နဲ့ အမျိုးသားတယောက်တို့ သေဆုံးခဲ့ပါတယ်။
၁၈ ယောက်မြောက် ပစ်ခတ်ခံခဲ့ရသူကတော့ ဒဏ်ရာအခြေအနေ ပြင်းထန်ပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ အခင်းဖြစ်ရာနေရာကို သွားရောက်မယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ လွန်ခဲ့တဲ့တနှစ်က သတ်ဖြတ်ခံခဲ့ရတဲ့ မိခင်နဲ့ သမီးဖြစ်သူတို့အတွက် ရိုးရာဝမ်းနည်းခြင်း အခမ်းအနားကို တက်ရောက်လာသူတွေဖြစ်ပြီး သေနတ်သမားတွေက မဲမဲမြင်ရာ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် နေအိမ်တအိမ်မှာ အမျိုးသမီးလေးယောက် ၊ အမျိုးသားတယောက်နဲ့ နှစ်လသားအရွယ် ကလေးငယ်တို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ကျူးလွန်ရတဲ့အကြောင်းရင်းကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။
တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံတနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW